မန္တလာ ဆရာမျိုး
“အစားလည်း ပုံမှန်စားနေတာပဲ၊ ဒါပေမယ့် ဘာကြောင့် ကိုယ်အလေးချိန်ကျနေတာလဲ။”
တချို့လူတွေမှာ ဒီလိုဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျလာတာနဲ့အတူ ရင်တုန်လာတယ်၊ လက်တွေတုန် တယ်၊ ချွေးထွက်များတယ်၊ ပူတာမခံနိုင်ဘူး၊ ညဘက်လည်း ကောင်းကောင်းမအိပ်နိုင်ဘူး။ စိတ်ကလည်း အရင်ထက် လှုပ်ရှားလွယ်၊ စိတ်တိုလွယ်လာတတ်ပါတယ်။
တချို့ကတော့ ဆန့်ကျင်ဘက်ပါ။ အစားပိုစားနေတာလည်း မဟုတ်ဘဲ ကိုယ်အလေးချိန် တဖြည်းဖြည်း တက်လာတယ်။ မနက်အိပ်ရာထကတည်းက အားမရှိသလို ခံစားရတယ်။ အမြဲပင်ပန်းနေတယ်၊ အိပ်ချင်တယ်၊ အအေးမခံနိုင်ဘူး၊ ဝမ်းချုပ်လာတယ်၊ အသားအရေခြောက်လာတယ်။
ဒီလက္ခဏာနှစ်မျိုးဟာ ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် အကြောင်းရင်းကတော့ တစ်နေရာတည်းက ဖြစ်နိုင် ပါတယ်။ အဲဒါက သိုင်းရွိုက်ဂလင်း (Thyroid gland) ပါ။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းအရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းငယ်လေးတစ်ခု ဖြစ်ပါတယ်။ သေးငယ်ပေမယ့် လူ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများအပြားကို ထိန်းညှိပေးနေပါတယ်။ သိုင်းရွိုက်က ထုတ်လုပ်တဲ့ T3 (Triiodothyronine) နဲ့ T4 (Thyroxine) ဟော်မုန်းတွေဟာ ခန္ဓာကိုယ်ရဲ့ Metabolism (ဇီဝဖြစ်စဉ်)၊ စွမ်းအင်အသုံးပြုမှု၊ နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် အပူချိန်၊ အစာခြေဖျက်မှုနဲ့ ကြွက်သား၊ ဦးနှောက်လုပ်ငန်းတွေကိုပါ သက်ရောက်စေပါတယ်။
သိုင်းရွိုက်ဟော်မုန်းဟာ လူ့ခန္ဓာကိုယ်ရဲ့ “အရှိန်ထိန်းခလုတ်” တစ်ခုလိုပါပဲ။ ဟော်မုန်းတွေ လိုတာထက် များသွားရင် ခန္ဓာကိုယ်က အရှိန်လွန်သွားပါတယ်။ ဒါကို Hyperthyroidism (သိုင်းရွိုက်ဟော်မုန်း များလွန်း ခြင်း) လို့ခေါ်ပါတယ်။ ဟော်မုန်းတွေ လိုတာထက် နည်းသွားရင်တော့ ခန္ဓာကိုယ်လုပ်ငန်းတွေ နှေးကွေး လာပါတယ်။ ဒါကို Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) လို့ခေါ်ပါတယ်။
Hyperthyroidism ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် မြန်လာတာကြောင့် အစားစားနေပေမယ့် ကိုယ်အလေးချိန်ကျလာနိုင်ပါတယ်။ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ လက်တုန်ခြင်း၊ ချွေးထွက်များခြင်း၊ အပူဒဏ် မခံနိုင်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ စိတ်တိုလွယ်ခြင်းနဲ့ အိပ်မပျော်ခြင်းတွေ ဖြစ်တတ်ပါတယ်။ အချို့မှာ ဝမ်းသွား အကြိမ်များလာပြီး ကြွက်သားအားနည်းလာတတ်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီလာပုံ မမှန်တာလည်း ဖြစ်နိုင်ပါတယ်။
Hyperthyroidism ရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုက Graves’ disease (ဂရေးဗ်ရောဂါ) ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ခံအားစနစ်နဲ့ ဆက်စပ်တဲ့ Autoimmune disease တစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဂလင်းကို အလွန်အကျွံ လှုံ့ဆော်တာကြောင့် ဟော်မုန်းတွေ ပိုမိုထုတ်လုပ်လာတာ ဖြစ်ပါတယ်။ Graves’ disease ရှိသူတချို့မှာ မျက်လုံး ပြူးလာခြင်း၊ မျက်လုံးခြောက်ခြင်း၊ မျက်လုံးနီခြင်းနဲ့ အမြင်နှစ်ထပ်ဖြစ်ခြင်းတွေပါ တွေ့နိုင်ပါတယ်။
ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Hypothyroidism မှာတော့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေ နှေးကွေးလာပါတယ်။ အမြဲ ပင်ပန်းနွမ်းနယ်ခြင်း၊ အားမရှိခြင်း၊ အိပ်ငိုက်ခြင်း၊ အအေးမခံနိုင်ခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း၊ ဝမ်းချုပ်ခြင်း၊ အသားအရေခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မျက်နှာဖောင်းခြင်း၊ ကြွက်သားနာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းတွေလည်း နှေးကွေးလာနိုင်တာကြောင့် အာရုံစူးစိုက်ဖို့ခက်ခြင်း၊ မေ့လျော့ လွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ လုပ်ချင်ကိုင်ချင်စိတ် လျော့နည်းခြင်းတွေ ဖြစ်တတ်ပါတယ်။
Hypothyroidism ရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခုက Hashimoto’s thyroiditis (ဟာရှီမိုတို သိုင်းရွိုက် ရောင်ရမ်းရောဂါ) ဖြစ်ပါတယ်။ ဒါလည်း ကိုယ်ခံအားစနစ်နဲ့ ဆက်စပ်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်က မိမိရဲ့သိုင်းရွိုက်ဂလင်းကို ထိခိုက်စေတာကြောင့် အချိန်ကြာလာတဲ့အခါ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်း လျော့နည်းလာပါတယ်။
သတိထားသင့်တာက သိုင်းရွိုက်ရောဂါဆိုတိုင်း လည်ပင်းကြီးရမယ်လို့ မဆိုလိုပါဘူး။ လည်ပင်းမှာ ဘာအဖု အကျိတ်မှ မမြင်ရဘဲ Hyperthyroidism သို့မဟုတ် Hypothyroidism ရှိနေနိုင်ပါတယ်။ အလားတူ သိုင်းရွိုက်မှာ အဖုရှိနေတာနဲ့ ဟော်မုန်းမူမမှန်တာဟာလည်း အမြဲတမ်း အတူတူမဟုတ်ပါဘူး။
ဒါဆို သိုင်းရွိုက်ဟော်မုန်း များသလား၊ နည်းသလား ဘယ်လိုသိနိုင်မလဲ။ အခြေခံအကျဆုံးက သွေးထဲမှာ TSH (Thyroid-Stimulating Hormone) နဲ့ Free T4 ကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ လိုအပ်ရင် T3၊ သိုင်းရွိုက် Antibody တွေနဲ့ Ultrasound (အာထရာဆောင်း) စတဲ့ စစ်ဆေးမှုတွေ ထပ်မံပြုလုပ်နိုင်ပါတယ်။
ယေဘုယျအားဖြင့် Primary Hyperthyroidism မှာ TSH ကျပြီး Free T4 နှင့်/သို့မဟုတ် T3 မြင့်တက် နေတတ်ပါတယ်။ Primary Hypothyroidism မှာတော့ TSH မြင့်ပြီး Free T4 ကျနေတတ်ပါတယ်။ ဒါပေမယ့် သွေးစစ်အဖြေကို နံပါတ်တစ်ခုတည်းကြည့်ပြီး မိမိဘာသာ ရောဂါသတ်မှတ်တာ၊ ဆေးဝယ်သောက်တာ မလုပ်သင့်ပါဘူး။
Hyperthyroidism ကို အကြောင်းရင်းနဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကို လျှော့ချပေးတဲ့ဆေး၊ လက္ခဏာတွေကို သက်သာစေတဲ့ဆေး၊ Radioactive iodine (ရေဒီယိုသတ္တိကြွအိုင်အိုဒင်း) ကုသမှုနဲ့ လိုအပ်ရင် ခွဲစိတ်ကုသမှုတို့ ပြုလုပ်နိုင်ပါတယ်။
Hypothyroidism ကိုတော့ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ သိုင်းရွိုက်ဟော်မုန်းကို အစားထိုးဖြည့်ပေးတဲ့ Thyroid hormone replacement therapy (သိုင်းရွိုက်ဟော်မုန်းအစားထိုးကုသမှု) နဲ့ အများအားဖြင့် ကောင်းစွာ ထိန်းချုပ် နိုင်ပါတယ်။
သိုင်းရွိုက်ဆေးသောက်နေသူတွေမှာ အရေးကြီးတာက မိမိသဘောနဲ့ ဆေးပမာဏတိုးတာ၊ လျှော့တာ၊ ဆေးရပ် လိုက်တာမျိုး မလုပ်ဖို့ပါပဲ။ ဆေးပမာဏ နည်းလွန်းရင်လည်း ရောဂါကို မထိန်းနိုင်သလို များလွန်းရင်လည်း ဟော်မုန်းမူမမှန်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့အချိန်မှာ TSH စတဲ့ သွေးစစ်ဆေးမှုတွေ ပြန်လုပ်ပြီး ဆေးပမာဏကို လိုအပ်သလို ညှိယူရပါတယ်။
“သိုင်းရွိုက်ဖြစ်ရင် အိုင်အိုဒင်း များများစားရမယ်” ဆိုတဲ့အယူအဆကိုလည်း သတိထားဖို့လိုပါတယ်။ အိုင်အိုဒင်း ဟာ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ဖို့ လိုအပ်ပေမယ့် သိုင်းရွိုက်ရောဂါတိုင်းဟာ အိုင်အိုဒင်းချို့တဲ့လို့ ဖြစ်တာမဟုတ်ပါဘူး။ မလိုအပ်ဘဲ အိုင်အိုဒင်းပါဝင်တဲ့ ဆေးနဲ့ အာဟာရဖြည့်စွက်ပစ္စည်းတွေ အလွန်အကျွံသုံးစွဲခြင်းက အချို့သူတွေမှာ သိုင်းရွိုက် ပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မုန်း များတာဖြစ်ဖြစ်၊ နည်းတာဖြစ်ဖြစ် အချိန်ကြာကြာ မကုသဘဲထားရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ Hyperthyroidism ကို မထိန်းချုပ်နိုင်ရင် နှလုံးခုန်မမှန်ခြင်း၊ အထူးသဖြင့် Atrial fibrillation (နှလုံးအပေါ်ခန်းခုန်မမှန်ခြင်း)၊ အရိုးပါးခြင်းနဲ့ နှလုံးဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ပါတယ်။ အလွန်ပြင်းထန်တဲ့ အခြေအနေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့ Thyroid storm ဖြစ်နိုင်ပါတယ်။
Hypothyroidism ကိုလည်း ကြာရှည်မကုသဘဲထားရင် သွေးတွင်းကိုလက်စထရောမြင့်တက်ခြင်းနဲ့ နှလုံး သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အလွန်ပြင်းထန်ပြီး ရှားပါးတဲ့အခြေအနေမှာ Myxedema coma ဆိုတဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ်အခြေအနေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်က အကြောင်းမရှိဘဲ သိသိသာသာတက်လာတာ သို့မဟုတ် ကျလာတာ၊ မကြာခဏ ရင်တုန်တာ၊ လက်တုန်တာ၊ ချွေးအလွန်ထွက်တာ၊ ပူတာမခံနိုင်တာ၊ အအေးမခံနိုင်တာ၊ အမြဲပင်ပန်းနေတာ၊ ဝမ်းချုပ်တာ၊ ရာသီလာပုံမမှန်တာ၊ လည်ပင်းမှာ အဖုအကျိတ်တွေ့တာ စတဲ့အခြေအနေတွေရှိလာရင် “အလုပ်ပင်ပန်းလို့ပါ”၊ “အသက်ကြီးလာလို့ပါ”၊ “ဝလာတာပဲ” လို့သာ မယူဆသင့်ပါဘူး။ သိုင်းရွိုက်လုပ်ငန်း မူမမှန်မှု ရှိ၊ မရှိကိုလည်း စဉ်းစား စစ်ဆေးသင့်ပါတယ်။
သိုင်းရွိုက်ဂလင်းက သေးသေးလေးပါ။ ဒါပေမယ့် သူ့ရဲ့ဟော်မုန်းတွေ များသွားတာ၊ နည်းသွားတာက နှလုံးကနေ ဦးနှောက်အထိ ခန္ဓာကိုယ်တစ်ခုလုံးကို သက်ရောက်စေနိုင်ပါတယ်။ “များလို့ မြန်၊ နည်းလို့ နှေး” ဆိုတာကို မှတ်ထား နိုင်ပါတယ်။
အစားစားနေပေမယ့် ပိန်လာတာ၊ အစားမများဘဲ ဝလာတာ၊ ရင်တုန်တာ၊ အမြဲပင်ပန်းနေတာတွေဟာ သာမန်လို့ ထင်ရပေမယ့် တစ်ခါတစ်ရံ ခန္ဓာကိုယ်ထဲက သိုင်းရွိုက်ဂလင်းငယ်လေးက ပေးနေတဲ့ သတိပေးချက် ဖြစ်နေနိုင်ပါတယ်။
မန္တလာ ဆရာမျိုး
မန္တလာ ဆရာမျိုးဟာ ဆေးတက္ကသိုလ်(မန္တလေး)ရဲ့ ပါမောက္ခချုပ် ဒေါက်တာမျိုးသက်တင် ဖြစ်ပါတယ်။
ပေးပို့သူ
