ဩဂုတ် ၁၈ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်နဲ့ ညောင်ဦးမြို့နယ်တွေထဲမှာ အစိုးရစစ်ကြောင်းက နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားရာနယ်မြေတွေဘက်ကို အဓိက စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းထိုးတာနဲ့ ဒေသတွင်းလက်နက်ကိုင်တွေအကြားမှာ ကျေးရွာတချို့ကနေအိမ်အများအပြား မီးရှို့ခံရတာရှိတယ်လို့ သိရပါတယ် ။
” ဒီဘက်မှာ စစ်ကြောင်းထိုးတာပိုလုပ်လာတယ်။ အရင်ကထက်ကို ပိုတယ်။ လေကြောင်းတွေလည်း ဝဲနေတာ။ အခုက နေရာစုံစစ်ကြောင်းထိုးနေတာ ။စစ်ကြောင်းထိုးတာက သူတို့က PDF တွေရှိနိုင်မယ့် ဘက်တွေပေါ့။ လမ်းကြောင်းကတော့ ရွာအစဥ်ဆက် ဝင်တာပေါ့။ စစ်ကြောင်းထိုးရင် ရွာတွေလည်း ရှောင်ရတာပဲလေ။ မတော်လို့ တိုက်ပွဲဖြစ်ရင်ဆိုတဲ့ အတွေးနဲ့ ရှောင်ရတာပေါ့။ အခုက ပြေးရင်တောင် နေရာတိုင်းစွတ်ပြေးလို့က မရဘူး ။ ဗုံးတွေထောင်ထားတာကလည်း ကြောက်ရသေးတယ်။ ရှောင်ကြတော့ ရွာထဲလူတွေကမရှိဘူး ။ ပြန်လာရင် အိမ်တွေ မီးရှိုခံရတာ တွေ့ရတာနဲ့ ဘေးရွာတွေမှာရှို့ခံရတာတွေ ဖြစ်တယ်။ အိမ်တွေတော့ မီးမရှို့ကြပါနဲ့ ။ အိမ်တလုံးဖြစ်ဖို့က ခုကာလပိုပြီးတော့ ခက်ခဲပါတယ်။” လို့ ကျောက်ပန်းတောင်း ဒေသခံက ပြောပါတယ်။
ဩဂုတ် ၁၄ ရက်ကနေ ၁၇ ရက်နေ့အတွင်းမှာဆိုရင် ကျောက်ပန်းတောင်းမြို့နယ် ၊ မြင်းခြံ – ကျောက်ပန်းတောင်းလမ်းပိုင်းမှာရှိတဲ့ ကမ္ဘာတဲရွာ ၊ သုံးအိမ်ကုန်းရွာ ၊ သီးကုန်းရွာ ၊ ဒီးဒုတ်ကုန်းရွာ ၊ စိတ္တိန်းရွာ ၊ကန်လယ်ရွာ ၊ ချောင်းကြားရွာ စတဲ့ ကျေးရွာတချို့က နေအိမ်တချို့ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
ညောင်ဦးမြို့နယ်ထဲက ကျောက်ပြင်ကန် ၊အနောက်အုံ ၊ ဇီးစာမြင် စတဲ့ ရွာဘက်တွေမှာလည်း အိမ်မီးရှို့ခံရတာတွေရှိတယ်လို့ သိရပါတယ်။
” အနောက်အုံမှာ အိမ်လေးအိမ်လောက်မီးရှို့ခံရတယ်။ ရွာထိပ်ပိုင်းကအိမ်တွေပေါ့။ အိမ်ကတော့အသေးတွေပါ ။ ကျောက်ပြင်ကန်ဘက်ဆိုလည်း အိမ်တွေရှို့ခံရတာ သိပ်မကျန်တော့ဘူး ။ တချို့လည်း မိသားစုလိုက် ပုဂံဘက်ရှောင်ကုန်ကြပြီ။တချို့လည်း သွားလိုက်ပြန်လိုက်ပေါ့။ ကျောက်ပန်းတောင်း – မြင်းခြံလမ်းက လူပြတ်ပေမယ့် သွားသူတော့ရှိပါတယ်။ အဲဒီဘက်တွေလည်း ဆိုးတယ်။ စစ်ကြောင်းကထိုးနေတော့ ရှောင်ရတယ်။ အိမ်မီးရှို့ တဲ့အထဲပါသွားတဲ့သူတွေကတော့ ဒီလိုဘဲ တဲထိုးနေကြတာပေါ့ ။ ” လို့ ညောင်ဦးဒေသခံက ပြောပါတယ် ။
ကျောက်ပန်းတောင်း နဲ့ ပုဂံညောင်ဦးမြို့နယ်တွေထဲမှာ အခုနောက်ပိုင်း အစိုးရဝန်ထမ်း ပြန်ပေးဆွံခံရတာတွေ ၊ အုပ်ချုပ်ရေးမှုအသတ်ခံရတာ ၊ ပုဂံကိုလာတဲ့ ခရီးသွားဧည့်သည်တွေ ပျောက်ဆုံးတာ ၊ အဖမ်းခံရတဲ့ ဖြစ်စဥ်တွေ အဖြစ်များလာတာကြောင့် အစိုးတပ်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးကို ပိုပြီးလုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။
လက်ရှိမှာ အစိုးရတပ်စစ်ကြောင်းက အင်အားရာနဲ့ချီပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ပြီးခဲ့တဲ့ ဇူလိုင်လက ပုပ္ပါးကို ခရီးသွားတဲ့ ခရီးသွားဧည့်သည် ၁၁ ယောက်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းသွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရဘက် နဲ့ PDF တွေဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိခဲ့ပါဘူး ။
အလားတူ ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေရဲ့ ဝန်ထမ်းတွေလည်း ပုပ္ပါးကနေ ပုဂံကိုသွားတဲ့လမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့ ရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပြီး ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Cj
