ယာဥ်ရပ်နားခကို သတ်မှတ်နှုန်းထက် ကျော်လွန်ကောက်ခံသလို ရိုင်းပြစွာဆက်ဆံခဲ့တဲ့ ရပ်နားခွန်ကောက်အမျိုးသမီးကို အလုပ်ထုတ်

မန္တလေး၊ သြဂုတ်- ၁၈- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ လမ်း ၃၀ ဆေးရုံကြီးရှေ့မှာ သြဂုတ်လ ၁၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ပြဿနာနဲ့ပတ်သက်ပြီး လေလံလုပ်ငန်းရှင်ကို ခေါ်ယူကာ စာချုပ်ပါစည်းကမ်းအတိုင်း အရေးယူပြီးဖြစ်သလို လေလံလုပ်ငန်းရှင်ကလည်း ရိုင်းပြစွာဆက်ဆံပြီး ယာဥ်ရပ်နားခကောက်ခံတဲ့ အမျိုးသမီးဖြစ်သူကို အလုပ်ထုတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
လမ်း ၃၀ ဆေးရုံကြီးရှေ့က ယာဥ်ရပ်နားခ ကောက်ခံသူနဲ့ သူ့ရဲ့အမျိုးသားဖြစ်သူက ယာဥ်ရပ်နားခကို သတ်မှတ်နှုန်းထားအတိုင်း ၄၀၀ ကျပ်ပေးသူအမျိုးသားကို ၁၀၀၀ ပေးဖို့တောင်းခံခဲ့သလို ရိုင်းပြစွာဆက်ဆံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” လမ်း ၃၀ ဆေးရုံရှေ့က လိုင်းပေါ်မှာ ပျံ့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့ပထမတခါဖြစ်ပြီးသားပါ၊ ပထမအကြိမ်မှာလည်း သတိပေးပြီး လက်မှတ်ထိုးထားခိုင်းပြီးဖြစ်ပါတယ်၊ မနေ့ကပဲ အဲ့ဒီဖြစ်စဥ်နဲ့ပါတ်သက်ပြီး လေလံလုပ်ငန်းရှင်ကို ခေါ်ယူပြီး ဌာနခွဲမှူးရှေ့မှာ ၁ ရာခိုင်နှုန်း ဒဏ်ရိုက်ပြီးဖြစ်ပါတယ်၊ အဲ့ဒီအဖွဲကိုလည်း ခေါ်ယူပြီးသတိပေးပါတယ်၊ သတိပေးတယ်ဆိုတာ ပြည်သူလူထုကို ရိုင်းပြစွာစော်ကားတဲ့ပုံစံ ပြုလုပ်တဲ့အတွက် ဂရုစိုက်ပြီးတော့လုပ်ဖို့၊ လက်အောက်မှာ ငွေကောက်ခံတဲ့သူတွေကို စနစ်တကျမှာကြားဖို့၊ ရိုင်းပြစွာမပြောဖို့ သေခြာရှင်းပြဖို့ မှာကြားပြီးဖြစ်ပါတယ်” လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာန ဌာနမှူး ဦးတင်ထွန်းဦး က VOM ကိုပြောပါတယ်။
လေလံလုပ်ငန်းအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာနနဲ့ လေလံလုပ်ငန်းရှင်တွေရဲ့ စည်းကမ်းချက်မှာ အဆင့်လေးဆင့်ခွဲထားပြီး စည်းကမ်းဖောက် ဖျက်ခြင်း၊ ပြဿနာတတ်ခြင်း ဖြစ်ရင် ပထမအကြိမ်အနေနဲ့ သတိပေးလက်မှတ်ရေးထိုးခိုင်းခြင်း၊ ဒုတိယအကြိမ်ထပ်ဖြစ်ရင် လေလံကြေးထဲက ၁ ရာခိုင်နှုန်း ဒဏ်ရိုက်ခြင်း၊ တတိယအကြိမ် ထပ်မံဖြစ်ပွားရင် လေလံကြေးရဲ့ ၂ ရာခိုင်နှုန်း ဒဏ်ရိုက်ခြင်း၊ လေးကြိမ်မြောက်မှာတော့ လေလံပိတ်သိမ်းပြီး Black list စာရင်းသွင်းပြီး အရေးယူဆောင်ရွက်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြည်သူလူထုအနေနဲ့ Facebook, Tik tok တို့ကနေတဆင့် တိုင်ကြားတာတွေ၊ တယ်လီဖုန်းနဲ့ တိုင်ကြားတာတွေ အတွက် ယာဥ်အပ်နှံခ လုပ်ငန်းမှာ ၆၄ ခုကို သတိပေးလက်မှတ်ရေးထိုးပြီးဖြစ်သလို ယာဥ်ရပ်နားကန့်သတ်နေရာ ၁၆ နေရာ၊ စျေးကောက် ၄ နေရာ၊ ကိုလည်း သတိပေးလက်မှတ်ထိုး အရေးယူထားတယ်လို့ သိရပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ သတ်မှတ်နှုန်းထားအတိုင်းမကောက်ခံတဲ့နေရာတွေကို အသွင်ယူပြီး အရေးယူတာရှိသလို တိုင်ကြားလာရင်လည်း ချက်ချင်းအရေးယူဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။
မန္တလေးမြို့ခံပြည်သူတဦးက ” ငရုတ်သီးလိုလို့ စျေးထဲသွားဝယ်တာ ဝယ်တာက ၁၀၀၀ ဖိုး ဆိုင်ကယ်အပ်ခပေးလိုက်ရတာက ၁၅၀၀ အဲ့မှာတင် ၂၅၀၀ ကုန်သွားပြီ ယာဥ်အပ်နှံခတွေကို သတ်မှတ်နှုန်းထားအတိုင်း ကောက်စေချင်ပါတယ်” လို့ ပြောပါတယ်။
ပထမအကြိမ်သတိပေးလက်မှတ်ရေးထိုးရာမှာ စုစုပေါင်း ၁၁၉ နေရာ၊ ဒုတိယအကြိမ် ၁ ရာခိုင်နှုန်းဒဏ်ရိုက်ခဲ့တာ ၂ နေရာ၊ ယာဥ်ရပ်နားကန့်သတ် ၄ နေရာ၊ ဆိပ်ကမ်းခွန် ၁ နေရာနဲ့ စုစုပေါင်း ၇ နေရာ၊ တတိယအကြိမ် ၂ ရာခိုင်နှုန်း ဒဏ်ရိုက်တာမှာ ယာဥ်ရပ်နားကန့်သက် ၁ နေရာ၊ စုစုပေါင်း ၁၂၇ နေရာအထိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဒဏ်ရိုက်ထားပြီး အရေးယူခဲ့တယ်လို့သိရပါတယ်။
မန်းမြို့စျေးအတွင်းပိုင်း မီးသတ်ရုံးအနီးက ယာဥ်အပ်နှံတဲ့နေရာဟာလည်း စက်ဘီတစ်စီး ၅၀၀ ဆိုင်ကယ် ၁၀၀၀ ၁၅၀၀ ကျပ်ကောက်နေတယ်လို့ ပြည်သူတဦးက VOM ကိုပြောကြားပါတယ်။
မန္တလေးတမြို့လုံးအတိုင်းအတာအနေနဲ့ လေလံလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ယာဥ်အပ်နှံခလုပ်ငန်း၊ ယာဥ်ရပ်နားကန့်သတ်လုပ်ငန်း၊ ရေချိုးခန်းအိမ်သာ လေလံလုပ်ငန်း၊ ကမ်းနားလမ်း ဆိပ်ကမ်းအခွန်ကောက်ခံတဲ့လုပ်ငန်း၊ လမ်းဘေးစျေးကောက်ရေးလုပ်ငန်း အပါအဝင် လုပ်ငန်းစုစုပေါင်း ၁၄၇ ခုရှိတယ်လို့သိရပါတယ်။
အခုလို အရေးယူမှုတွေရှိနေပေမယ့် မန္တလေးမြို့ရဲ့ နေရာအနှံ့က လေလံလုပ်ငန်းရှင်တွေဟာ သတ်မှတ်နှုန်းထားထက်ကျော်လွန်ကောက်ခံတာတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW