ဩဂုတ်၁၈၊ ၂၀၂၆။
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းလမ်းပေါ်က နမ့်လိုင်းကျေးရွာအနီးမှာ ရှိတဲ့ KIA ဂိတ်စခန်းကို ဒေသခံတွေက ဒီနေ့ အင်အားသုံး ဖယ်ရှား လိုက်တယ်လို့ နမ့်ခမ်းဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဖြစ်စဥ်ကိုသိတဲ့ ဒေသခံတယောက် ပြောပြတာက
“ရွာသားတယောက် ကားမောင်းလာတာကို KIA တပ်ဖွဲ့က ရပ်ခိုင်းတာ၊ မရပ်ပေးလို့ဆိုပြီး ပစ်လိုက်တာ။ ကားသမားက လက်မောင်းမှာ ထိသွား တယ်လေ။ အဲဒါ ရွာသားတွေက မကျေနပ်လို့ အဲဒီဂိတ်ကို သွားဖျက်လိုက်တာ” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသွားတဲ့ အမျိုးသားဟာ မူဆယ်မြို့နယ် နမ့်စန်ရွာကဖြစ်ပြီး ရှမ်းတိုင်းရင်းသား ဖြစ်တယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့ ဂိတ်ထိုင်ထားတဲ့ အဲဒီကျေးရွာတွေမှာ ရှမ်းတိုင်းရင်းသားတွေ အများဆုံး နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီအဖွဲ့က ဂိတ်လာထိုင်တာ သိပ်မကြာသေးဘူး။ ဒေသခံတွေနဲ့ ပြေလည်အောင် မနေတော့ ပြဿနာဖြစ်တာပေါ့ဗျာ။ တော်သေးတယ် လူသေမသွား လို့။ အခုတော့ အဲဒီဂိတ်တွေကို မီးရှို့လိုက်ပြီ” လို့ နမ့်ခမ်းမြို့ခံနောက် တယောက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ ရွာသားကိုတော့ မူဆယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒေသခံတွေကတော့ ပစ်ခတ်မှု ကျူးလွန်တဲ့ KIA တပ်သားကို ဖမ်းဆီးခဲ့ပြီး ပြဿနာဖြေရှင်းပေးဖို့ KIA တပ်ဖွဲ့ အရာရှိတွေထံကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ KIA ဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
မူဆယ်- နမ့်ခမ်း လမ်းမကြီး တစ်လျှောက်မှာ KIA တပ်ဖွဲ့အပြင် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPPနဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့လည်း လှုပ်ရှားနေတာဖြစ်ပါတယ်။
