အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နားလည်မှုစာချွန်လွှာ ၁၂ ခုကို မြန်မာ – ရုရှား လက်မှတ်ရေးထိုး

ဩဂုတ် ၁၉ – ၂၀၂၆
SN (VOM)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နားလည်မှုစာချွန်လွှာ (MoU) ၁၂ ခုကို မနေ့ ဩဂုတ် ၁၈ ရက်က လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
နားလည်မှုစာချွန်လွှာတွေကို နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူတွေက ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်တို့ရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတာလို့ သိရပါတယ်။
MoU ရေးထိုးခဲ့တဲ့ ၁၂ ခုထဲမှာ လျှပ်စစ်စွမ်းအားကဏ္ဍနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍတွေအတွက် နားလည်မှုစာချွန်လွှာ၊ ရေဒီယို၊ အီလက်ထရောနစ်လုပ်ငန်းနဲ့ ဒီဂျစ်တယ်နည်းပညာနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ၊ ယဉ်ကျေးမှုနဲ့ အနုပညာနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နာလည်မှုစာချွန်လွှာ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒါအပြင် ဂြိုဟ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါမယ့် အာကာသ ခရီးစဉ်တွေအတွက် ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT)၊ ကမ္ဘာအနီး အာကာသအတွင်း အန္တရာယ်ရှိတဲ့ အခြေအနေတွေအတွက် အလိုအလျောက် သတိပေးစနစ် (ASPOS) နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီနဲ့ Plekhanov Russian University of Economics တို့အကြား နားလည်မှု စာချွန်လွှာနဲ့ မြန်မာအာကာသအေဂျင်စီနဲ့ Bauman Moscow State Technical University တို့အကြား နားလည်မှုစာချွန်လွှာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါအပြင် နှစ်နိုင်ငံအကြား တဖက်သတ် အကျပ်ကိုင်ဆောင်ရွက်မှုတွေရဲ့ ဆိုးရွားတဲ့သက်ရောက်မှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ နည်းလမ်းတွေနဲ့ပတ်သက်တဲ့ ကြေညာချက်တွေလည်း ပါဝင်ပြီး အခု လက်မှတ်ထိုးလိုက်တဲ့ ၁၂ ခုအပြင် နောက်ထပ် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တွေကိုလည်း ထပ်မံချုပ်ဆိုနိုင်အောင် ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
“အခုချုပ်ဆိုလိုက်တဲ့ စာချုပ်တွေအရပြောရရင် ကုန်သွယ်မှုတိုးတက်ဖို့ အလားအလာတွေ တွေ့ရတယ်။ စီးပွားရေးမရတင်မကဘဲ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုခိုင်မာစေတယ် ပြောရမယ်။ အစိုးရအတွက် နိုင်ငံတကာ အထီးကျန်ဆန်မှုကိုလည်း လျော့ကျစေတာပေါ့။ လက်ရှိ ဖြစ်နေတဲ့ အနောက်နိုင်ငံကြီးတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြားမှာ ရုရှားနိုင်ငံလိုမျိုး အဓိက ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံနဲ့ ပိုပြီး နီးကပ်လာတာက အစိုးရအတွက် သံတမန်ရေးရာမှာ အထောက်အပံ့ကောင်းတရပ်ပါပဲ” လို့ စီးပွားရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။
အခုလို မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံနဲ့ နည်းပညာအရရော၊ စစ်ရေးအရပါ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ခြင်းဟာ တခြားသော အနောက်နိုင်ငံတွေရဲ့ အာရုံစိုက်ခံရမှု ရှိလာနိုင်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်မှုအသစ်တွေ ရှိကောင်းရှိလာနိုင်ပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာ သုံးနိုင်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂအဆင့် ပိတ်ဆို့မှုအသစ်ကြီးတွေ ဖြစ်လာဖို့တော့ ခဲယဉ်းတယ်လို့ သူက ပြောပါတယ်။
“အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ ရုရှားလိုမျိုး နိုင်ငံကြီးတနိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ အဆင့်မြင့် တွေ့ဆုံမှုတွေက လက်ရှိအစိုးရရဲ့ တရားဝင်မှုကို ပြည်တွင်း၊ ပြည်ပမှာ ပြန်ဆုပ်ကိုင်ဖို့ ကြိုးပမ်းချက်လည်းဖြစ်တယ်။ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့လည်း နိုင်ငံရေးအရ အလွယ်တကူ ဖိအားပေး၊ အပေးအယူလုပ်လာနိုင်ခြေကို လျော့ကျစေနိုင်လိမ့်မယ်လို့လည်း ယူဆရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း ရုရှားသမ္မတ ပူတင်က ရုရှားကနေ LNG ဓာတ်ငွေ့တွေ တင်ပို့ဖို့ အခွင့်အလမ်းရှိတယ်လို့ ပြောကြားခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံတင်မကဘဲ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ဖို့အတွက်ပါ ပူးပေါင်းဖို့ ဆန္ဒရှိသလို အရင်နှစ်က သဘောတူထားတဲ့ အဏုမြူဓာတ်အားပေးစက်ရုံ စီမံကိန်းကိုလည်း အဓိကထား ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံနဲ့ မြန်မာနိုင်ငံ တောင်ဘက်ပိုင်းမှာ ရေနက်ဆိပ်ကမ်း ဆောက်ဖို့အထိ ဆွေးနွေးထားကြသလို Cyber Security လို High-Tech ကဏ္ဍနဲ့ အာကာသနည်းပညာနဲ့ တပ်မတော်နှစ်ခုကြား စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဆက်လုပ်သွားမှာဖြစ်ကာ ရန်ကုန်မြို့မှာ ရုရှား Orthodox ခရစ်ယာန်ဘုရားကျောင်း တည်ဆောက်ဖို့အပြင် ဗလာဒီဗော့စတော့မှာလည်း မြန်မာကောင်စစ်ဝန်ရုံးကို မကြာမီ ဖွင့်တော့မယ်လို့ ထည့်ပြောသွားပါတယ်။
ဒါအပြင် ဒီကနေ့ ဩဂုတ် ၁၉ ရက်မှာ ရုရှား စီးပွားရေးတက္ကသိုလ်တခုဖြစ်တဲ့ Plekhanov Russian University of Economics က မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတရဲ့ ဖိတ်ကြားချက်အရ ဩဂုတ် ၁၇ ရက်နေ့က ရုရှားနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ဒီခရီးစဥ်ဟာ ဦးမင်းအောင်လှိုင်အနေနဲ့ သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပဉ္စမအကြိမ် သွားရောက်တဲ့ ပြည်ပခရီးစဉ်ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတအနေနဲ့ ရုရှားခရီးစဉ်မတိုင်မီက အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့ကို သွားရောက်ခဲ့ပြီးဖြစ်ကာ ဆက်လက်ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကို သွားရောက်ဖို့ ရှိနေပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW