ဧရာဝတီတိုင်းရေကြီးမှုမှာ ရေနစ်သေဆုံးသူ လေးယောက်ထပ်တိုးလာ

ဩဂုတ် ၁၉ ၊ ၂၀၂၆
CC (VOM)
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နဲ့ ငါးသိုင်းချောင်းမြို့နယ်မှာ ရေဘေးကြောင့် ကလေးတယောက်အပါအဝင် လေးယောက် ထပ်မံသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ငါးသိုင်းချောင်းမြို့နယ်မှာ ဒီကနေ့ ဩဂုတ် ၁၉ ရက်နေ့ ညနေပိုင်းက ရေနစ်သေဆုံးတဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့ရပြီး မနေ့က ဩဂုတ် ၁၈ ရက်နေ့ညနေပိုင်းမှာ အသက် ၃၀ အရွယ် အမျိုးသားတယောက် သေဆုံးမှုရှိခဲ့ပါတယ်။
လေးမျက်နှာမြို့နယ် ၊ ခမောက်စုကျေးရွာ အုပ်စုအပိုင်ထဲ မရမ်းအိုင်ဘက်မှာလည်း ဒီကနေ့ ဩဂုတ် ၁၉ရက်မှာ အသက်ကြီးပိုင်း အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေ့ရှိခဲ့ရသလို အသက် ၁၀ နှစ်အရွယ်ကလေး တယောက်အလောင်းလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
” မရမ်းအိုင်မှာ လူကြီးတယောက် ရေနစ်သေဆုံးတယ်။ ကလေးလေးကတော့ ၃ တန်းလို့သိရတယ်။ အသက် ၁၀ နှစ်အရွယ်ပါ။ မနေ့ကတည်းက အိုင်သပြုအပိုင်ထဲမှာ ပျောက်သွားတာ ။ ဒီနေ့ရှာဖွေရေးလုပ်တော့မှ ရုပ်အလောင်းပြန်တွေ့တာ ။ ငါးသိုင်းချောင်းဘက်မှာက မနေ့က တလောင်းနဲ့ ဒီနေ့တလောင်းတွေ့တယ်။ အကုန်လုံးအမျိုးသားတွေချည်းပဲ ။ ” လို့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။
ဩဂုတ် ၁၇ ရက်နေ့ကလည်း ဟင်္သာတခရိုင် ၊ တလုတ်ထော်မြို့နယ်ထဲက လဟာပရွာမှာ အမျိုးသမီးတယောက် ရေနစ်သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ရေကြီးမှု ဧရိယာကျယ်ပြန့်လာတဲ့အတွက် ငါးသိုင်းချောင်း တမြို့လုံးနီးပါး ရေကြီးပြီး ရေကြည်မြို့နယ်မှာလည်း ရေတိုးလာနေကြောင်း သိရပါတယ်။
” ငါးသိုင်းချောင်းလည်း ရေတိုးတာ ရေပြင်တွေချည်းဖြစ်ကုန်ပြီ။ ရွှေ့ပြောင်းပေးရတာတွေ ပိုများလာတယ်။ ငါးသိုင်းချောင်းအထွက် မုံရွာ – ပုသိမ်လမ်းပေါ်က ဆီဆိုင်တွေပါ ရေကြီးလို့ ဆိုင်တွေပိတ်ထားတော့ ရေကြည်အထိ ဆီသွားဖြည့်နေရတယ်။ ရေကြည်ဘက်လည်း.ရေကတိုးတယ်။ မြို့အဝင်က ပိတောက်ချောင်မှာလည်းရေတက်တယ်။ နောက်ရက်ရေထပ်တက်ရင် ကားတွေသွားဖို့တောင် ခက်နိုင်တယ်။ ” လို့ ကူညီကယ်ဆယ် ရေးလုပ်နေသူ တယောက်က ပြောပါတယ် ။
လေးမျက်နှာမြို့နယ်က ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ အပါအဝင် ငါးသိုင်းချောင်း ၊ ရေကြည် ၊ ကျုံပျော် ၊ ကျောင်းကုန်း ၊ ဟင်္သါတ အပါအဝင် မြို့နယ်တချို့က ကျေးရွာတွေမှာ ရေကြီးနေပါတယ်။
လေးမျက်နှာမြို့နယ်မှာ အရင်ရက်တွေကလည်း ရေကြီးမှုကြောင့် ရေနစ်သေဆုံးသူ နှစ်ယောက်ရှိခဲ့ပြီး ပျောက်ဆုံးသူတချို့လည်းရှိတယ်လို့ သိရပါတယ်။
ခုဆိုရင် ဧရာဝတီတိုင်းမှာ ရေကြီးမှုဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ နီးပါးအထိရှိလာပြီဖြစ်တဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေမှာမနေထိုင်ဘဲ နေအိမ်တွေမှာပဲ ဆက်နေကြတဲ့ ရေဘေးသင့်သူတွေအတွက် အစားအစာနဲ့ သောက်ရေသန့်တွေလည်း လိုအပ်မှုရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်းများ

Related posts

Leave a Comment

VOM News

FREE
VIEW