ထိုင်းက PV ကိုင်ထားတဲ့ မြန်မာတွေရဲ့ ပတ်စပို့စ်ကိစ္စ နေပြည်တော်က ခွင့်ပြုမှသာ သံရုံးကပြုလုပ်ပေးတော့မယ်

ဩဂုတ် ၁၉ ၊ ၂၀၂၆
GG (VOM)
ထိုင်းမှာ အလည်ပတ်စ်ပို့ Passport of Visit – PV အမျိုးအစားကိုင်ထားတဲ့ မြန်မာတွေကို စာအုပ် သက်တမ်းတိုးခြင်း ၊ စာအုပ်အသစ်လဲလှယ်တာ ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းတာတွေအတွက် နေပြည်တော်က ခွင့်ပြုမိန့်ကျမှသာ သံရုံးက ပြုလုပ်ပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် PV စာအုပ်ကိုင်ထားသူတွေအနေနဲ့ သက်တမ်းတိုးခြင်း ၊ စာအုပ်လဲလှယ်တာ ၊ PV အမျိုးအစားကနေ တခြား Passport အမျိုးအစားကိုပြောင်းမယ်ဆိုပါက ဒီနေ့ကစပြီး သံရုံးမှာ လိုအပ်တဲ့အချက်အလက်နဲ့တကွ ဖောင်ဖြည့်ပြီး တင်ပြနေရပြီ ဖြစ်တယ်လို့ သိရပါတယ် ။
သံရုံးကမှတဆင့် နေပြည်တော်ကို တင်ပြပြီး နေပြည်တော်က ​ခွင့်ပြုမိန့်ကျလာမှသာ ပြုလုပ်ပေးမှာဖြစ်ကြောင်း ၊ ဒီကနေ့ သံရုံးမှာ PV သက်တမ်းလာတိုးသူတွေကိုတော့ အချိန်နှစ်လအကြာမှာ ပြန်စုံစမ်းရန် လက်ခံမှတ်တမ်းစာရွက်ပေးပြီး ပြန်လွှတ်လိုက်ပါတယ်။
“အရင်ဆုံး Visa အချက်အလက်အထောက်အထားအစုံနဲ့ သံရုံးဘက်ကို formဖြည့်ပေးစာတင်ပေးရပါတယ်။ Passport အထောက်အထား နဲ့ဖုန်းနံပါတ်ကို လူကိုယ်တိုင်ဖြစ်စေ ၊ Agentနဲ့ဖြစ်စေ သံရုံးမှာသွားတင်ရပါတယ်။ လူကိုယ်တိုင်ဆိုရင် လျှောက်ထားသူကိုတိုက်ရိုက်ဆက်သွယ်ပြီး Agentနဲ့ဆိုရင် Agentကို ပြန်လာရမယ့်ရက် ဖုန်းဆက်အကြောင်းကြားပေးပါမယ်ပြောတယ်။ နှစ်လအကြာမှာပြန်စုံစမ်းဖို့လည်းပြောတယ်။ ” လို့ ဝန်ဆောင်မှုပေးနေသူတယောက်က ပြောပါတယ်။
PV အမျိုးအစားနဲ့ပတ်သက်ပြီး သက်တမ်းတိုးခြင်းကို သံရုံးဘက်က လုံးဝပြုလုပ်မပေးတော့တာမျိုးမဟုတ်ပေမယ့်လည်း အဆင့်ဆင့် တင်ပြရတာတွေ ၊ ခွင့်ပြုမယ့်အချိန်အတိအကျ မသိရတဲ့အခြေအနေတွေကြောင့် PV ကိုင်ထားသူတွေ အခက်အခဲ ဖြစ်နေပါတယ်။
” လုပ်မပေးတော့တာ မဟုတ်ပေမယ့်လည်း အခုက ဘာမှန်းလဲ မသိရဘူးလေ။ နှစ်လအကြာပြန်စုံစမ်းဆိုတော့ ရမလား မရဘူးလား မသိရဘူး ။ အရင်ပတ်စ်ပို့ အပျောက်တွေလျှောက်​တုန်းကလည်း သုံးလကြာမယ်ဆိုပြီး တနှစ်ကျော် လောက်ကြာမှပြန်ဆက်သွယ်တာရှိတယ်။ ဒီတော့ သက်တမ်းမကုန်ခင် ကြိုပြီး ဖောင်တင်ကြပါ။ ဘယ်လိုတွေ လာမယ် မသိသေးဘူး ။ ” လို့ ထိုင်းရောက် အကျိုးဆောင်တယောက်က ပြောပါတယ် ။
PV အမျိုးအစားကနေ PJ ၊ PE တခြားတခုခုကို ပြောင်းမယ်ဆိုရင် ရက်ချိန်းကြိုယူရပြီး စာအုပ်လဲလှယ်ခြင်းကို တရက်တည်းနဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးနေရာကနေ သံရုံးက ဒီနေ့ကစပြီး စည်းကမ်းတင်းကြပ်လိုက်တာ ဖြစ်ပါတယ်။
ခုလို စည်းကမ်းတင်းကြပ်လိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ PV စာအုပ် ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်သူတွေ ၊ ကျောင်းတက်သူတွေ အပြင် မှီခိုဗီဇာနဲ့ နေထိုင်သူတွေပါ အခက်အခဲ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ် ။
ခုလို PV စာအုပ်သက်တမ်းတိုးခြင်း ၊ PV ကနေ တခြား ပတ်စ်ပို့အမျိုးအစားကို ပြောင်းလဲတဲ့ကိစ္စတွေအပေါ် နေပြည်တော်က ခွင့်ပြုမှသာ ဆောင်ရွက်ပေးမယ်ဆိုတဲ့အပေါ် မြန်မာသံရုံးဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး ။
ဓာတ်ပုံ -CJ

Related posts

Leave a Comment

VOM News

FREE
VIEW