ဩဂုတ် ၁၉ – ၂၀၂၆
SS (VOM)
ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဟာ အဓိကအားဖြင့် မသန့်ရှင်းတဲ့ရေကြောင့်ဖြစ်ပြီး အဲဒီရေကတဆင့် ရောဂါအမျိုးမျိုး ဖြစ်ပွားနိုင်သလို ပိုးမွှားကောင်တွေကနေတဆင့်လည်း ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ တိုက်ဖွိုက်ရောဂါ (ခေါ်) အူရောင်ငန်းဖျားရောဂါ၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါ – အေ ရောဂါ၊ ခြင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါ၊ အပူချိန်ကျဆင်းခြင်း အခြေအနေနဲ့ ပွေး၊ ဝဲ၊ မှို စတဲ့ အရေပြားရောဂါတွေလို့ သိရပါတယ်။
“ရေကြီးပြီးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့က ရေကိုသေချာ ကျိုချက်ပြီး သောက်ရမယ်။ ဒါမှမဟုတ် ရေသန့်ဘူး၊ ကလိုရင်းဆေး ခတ်ပေးထားတဲ့ရေကိုပဲ သုံးစွဲရင်တော့ ပိုအဆင်ပြေမယ်။ ဝမ်းပျက်တဲ့အခါ ရေဓာတ်ပြန်ဖြည့်ဖို့ BPI ဓာတ်ဆားထုပ် ဆောင်ထားသင့်တယ်” လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
ဒါအပြင် ရေကြီးချိန် ရေထဲမှာအကြာကြီး ပိတ်မိနေတာကလည်း ခန္ဓာကိုယ်အပူချိန် ၃၅ ဒီဂရီဆဲလ်စီးယပ်စ် အောက်ကျဆင်းလာနိုင်ပြီး အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ Hypothermia ဒဏ်ကို ပိုခံစားရပြီး အသက်အန္တရာယ်ပါ ထိခိုက်လာတတ်တယ်လို့ သိရပါတယ်။
Hypothermia ဖြစ်ပါက အရေပြားအေးစက်လာတာ၊ စကားမပီတော့တာ၊ တုန်ရီလာတာ၊ ကယောင်ခြောက်ချားဖြစ်ပြီး စိတ်ရှုပ်ထွေးလာတာ စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပြီး အရေးပေါ်အခြေအနေ ဖြစ်တဲ့အတွက် အချိန်မီ ဆေးကုသဖို့ လိုတယ်လို့ သိရပါတယ်။
“အဓိက က ရောဂါကြီးတွေ ဖြစ်လာနိုင်ခြေ ရှိတာကို ပိုဂရုစိုက်ရမယ်။ ဝမ်းလျှောဝမ်းပျက်၊ တိုက်ဖွိုက်၊ အသည်းရောင်အသားဝါ – အေ။ မသန့်ရှင်းတဲ့ရေကို သောက်သုံးမယ်၊ သုံးစွဲမယ်ဆိုတဲ့အဆင့်မှာ ဖြစ်နိုင်တယ်။ အသည်းရောင်အသားဝါ – အေ ဆို ရောဂါရှိတဲ့သူက စွန့်ထုတ်လိုက်တဲ့ အညစ်အကြေး ရေထဲရောက်သွားတာကတဆင့် ကူးစက်နိုင်တယ်။ ခြင်နဲ့ပတ်ရင်လည်း သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါတွေ ဖြစ်နိုင်တယ်” လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်းက ဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး တချို့နေရာတွေ ရေပြန်ကျသွားပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ခင်ဦးမြို့နယ်မှာလည်း မူးမြစ်ရေကြီးမှူကြောင့် ရေဝင်ခဲ့တဲ့ ကျေးရွာတွေမှာ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ကလေးငယ်တချို့ ဝမ်းပျက်ဝမ်းလျှောမှုတွေ ဖြစ်နေသလို ရေထဲအဆင်းများတဲ့ လူကြီးတွေမှာလည်း ရေဝဲစားတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ရန်ကုန်မြို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး၊ အဲဒီနောက်ပိုင်း ဩဂုတ် ၉ ရက်နေ့မှ စတင်ကာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာတယ်လို့ သိရပါတယ်။
ရေပိုက်လိုင်းတွေအတွင်း ညစ်ညမ်းရေတွေ ဝင်ရောက်တာကတဆင့် ရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာတယ်လို့ သိရပြီး ဒီရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရသူ အယောက် ၅၀၀ နီးပါးအထိ ရှိလာတယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဆေးရုံတက်ရောက် ကူသနေသူတွေကို စမ်းသပ်စစ်ဆေးရာမှာ ၁၄၉ ယောက်ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတယ်လို့ သိရပြီး ရန်ကုန်တိုင်း လူမှုရေးရာဝန်ကြီး ဦးဘိုဋ္ဌေးကလည်း ဩဂုတ် ၁၇ ရက်နေ့ကကျင်းပတဲ့ တိုင်းလွှတ်တော် အစည်းအဝေးမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၉ ယောက်ဝန်းကျင် ရှိနေတာကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနရဲ့ စစ်ဆေးမှုတွေအရ သိရတယ်လို့ ပြောကြားထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ဒေါက်တာကျော်မင်းထွန်းက “ဝမ်းရောဂါဆိုတာ များသောအားဖြင့် ရေကြီးရေလျှံတာကတဆင့် ဖြစ်တာများတယ်။ လက်ရှိ ရန်ကုန်တိုင်းထဲက မြို့နယ်တော်တော်များများမှာ ရောဂါအဖြစ်များနေတာ တွေ့တယ်။ လက်ရှိ သတင်းထုတ်ပြန်ချက် ဒေတာအရဆို အယောက် ၂၆၀ နဲ့အထက်မှာ ရောဂါတွေ့ရတယ်။ ဒါက စာရင်းဝင်ထားတာပေါ့။ စာရင်းမဝင်သေးတဲ့သူတွေလည်း တော်တော်များများ ရှိလိမ့်မယ်။ အခု ဆေးရုံ၊ ဆေးခန်းတွေမှာကြည့်လိုက်ရင် ဝမ်းရောဂါဖြစ်၊ သွေးပေါင်ကျတာတွေချည်းပဲ။ တွံ့တေး၊ ဒလ၊ လှည်းကူးဘက်က လူနာတွေလည်း နည်းနည်း တွေ့လာရတယ်” လို့ ပြောပါတယ်။
ဝမ်းရောဂါမှာ ကာလဝမ်းရောဂါနဲ့ ရိုးရိုး ဝမ်းပျက်ဝမ်းလျှောရောဂါ ဆိုတာရှိပြီး ရိုးရိုးဝမ်းပျက်တာကတော့ ဝမ်းသွားတဲ့အခါ အရည်ပုံစံပြောင်းတာ၊ ဝမ်းသွားတဲ့ အကြိမ်ရေများပြီး ရေဓာတ်ဆုံးရှုံးတာ၊ သွေးပေါင်ကျတာတွေ ဖြစ်တတ်ပြီး ကာလဝမ်းရောဂါကတော့ အချိန်တိုအတွင်းမှာ ဝမ်းသွားအကြိမ်ရေ နည်းနည်းနဲ့ ဖြူဖက်ဖြူရော်ဖြစ်ပြီး သတိလစ်သွားတာမျိုးလို့ သူက ပြောပါတယ်။
“ဝမ်းသွားတာ နှစ်ကြိမ်လောက်တည်းနဲ့ ရှော့ရသွားတာမျိုးဆို ကာလဝမ်းရောဂါလို့ ပြောလို့ရတယ်။ အကြိမ်ရေ တအားနည်းပြီးတော့ ပြင်းထန်တဲ့အဆင့်ကို ချက်ချင်း ရောက်ရှိတယ်ပေါ့။ အဲဒီအဆင့်ဆို ချက်ချင်း ဆေးရုံတက်ပြီး မြန်မြန်လေး ကုသမှုခံယူသင့်တယ်။ ကာလဝမ်းရောဂါက ရေဓာတ်ကို မြန်မြန်ကြီး ဆုံးရှုံးစေတဲ့ပြဿနာရှိတယ်။ အသက်ဆုံးရှုံးနိုင်တယ်။ သူက ဝမ်းသွားရင် ငါးညှီနံ့လိုမျိုး အရမ်းနံတယ်။ ဝမ်းအရောင်က ဆန်ဆေးရည်ပုံစံမျိုးဖြစ်တယ်။ ဒီလို ဖြစ်နေပြီဆို မြန်မြန်လေး ကုသမှုခံယူသင့်တယ်” လို့ သူက ပြောပါတယ်။
ဝမ်းရောဂါမဖြစ်စေဖို့ ရေကို အနည်းဆုံး ၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် ကျိုချက်ခြင်း၊ ရေသန့်စင်ဆေးပြား/အရည်ကို အသုံးပြုခြင်း၊ အစားအစာတွေကို ယင်နားမခံအောင် ဖုံးအုပ်ခြင်း၊ အပူပေးချက်ပြုတ်ပြီးမှ စားသုံးခြင်း၊ အစားမစားမီ၊ အစာမချက်ပြုတ်မီနဲ့ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနဲ့ လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းအပြင် အညစ်အကြေးတွေကို စနစ်တကျ စွန့်ပစ်ပြီး ရေတွင်း၊ ရေကန်တွေထဲကို မသန့်ရှင်းတဲ့ရေတွေ မဝင်ရောက်စေဖို့ ကာကွယ်ရမယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ အများဆုံးဖြစ်နေတာက လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ ဒလ၊ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်းနဲ့ သာကေတတို့ဖြစ်ပြီး တယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
