ဩဂုတ် ၂၀ – ၂၀၂၆
SS (VOM)
မည်သည့်ရေသုံးစွဲမှု အမျိုးအစားကိုမဆို ရေမီတာပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က မနေ့ ဩဂုတ် ၁၉ ရက်က အသိပေးထားပါတယ်။
ရန်ကုန်မြို့တော်ကို သောက်သုံးရေညီမျှစွာ ဖြန့်ဝေပေးနိုင်ဖို့၊ ရေလေလွင့် ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့၊ ရေသုံးစွဲမှုကို စီမံခန့်ခွဲထိန်းချုပ်နိုင်ဖို့၊ ရေကို မဖြုန်းတီးဘဲ တန်ဖိုးထား ချွေတာသုံးစွဲစေဖို့၊ ရေသုံးစွဲတဲ့ ပမာဏအတိုင်း ပေးဆောင်ရတဲ့၊ တရားမျှတတဲ့ ရေဖိုးရေခ ကောက်ခံမှုစနစ်ဖြစ်စေဖို့ ရည်ရွယ်တာလို့ သိရပါတယ်။
“ရေသုံးစွဲသူ ပြည်သူတွေအနေနဲ့ မိမိသုံးစွဲတဲ့ ရေပမာဏနဲ့ ညီမျှတဲ့ ရေဖိုးရေခကို ပေးဆောင်နိုင်ဖို့အတွက် တပ်ဆင်သုံးစွဲလျက်ရှိတဲ့ ရေမီတာတွေကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။ ရေမီတာ တပ်ဆင်ထားခြင်း မရှိသေးဘူးဆိုရင်လည်း စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှာရှိတဲ့ မြို့နယ် ရေ/သန့်ရုံးကို ဆက်သွယ်ပြီး အမြန်ဆုံး တပ်ဆင်ပေးကြဖို့လိုပါတယ်” လို့ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးစနစ် ရေရှည်တည်တံ့စေဖို့ ရည်ရွည်ပြီး နိုင်ငံတကာမှာ ကျင့်သုံး ကောက်ခံနေတဲ့ ရေဖိုးရေခ ကောက်ခံမှုစနစ်တွေဖြစ်တဲ့ Basic Rate (အခြေခံ ရေဖိုးရေခ ကောက်ခံမှုစနစ်) နဲ့ Progressive Water Tariff (သုံးစွဲမှုများလေ၊ နှုန်းထားမြင့်လေစနစ်) တို့ကို ဌာနအနေနဲ့ ကျင့်သုံး ကောက်ခံလျက် ရှိတယ်လို့ ဆိုပါတယ်။
Basic Rate အနေနဲ့ အိမ်သုံး အခြေခံရေသုံးစွဲမှုကို လစဉ် ၁၀ ယူနစ်၊ စီးပွားသုံး အခြေခံရေသုံးစွဲမှုကို လစဉ် ၂၀ ယူနစ်၊ လုပ်ငန်းသုံး/စက်ရုံသုံး အခြေခံရေသုံးစွဲမှုကို လစဉ် ၃၀ ယူနစ် ကောက်ခံသွားမှာဖြစ်ပြီး အဲဒီ အခြေခံရေသုံးစွဲမှု ပမာဏဟာ ရေသုံးစွဲသူပြည်သူတွေ မဖြစ်မနေ ပေးဆောင်ရမယ့် အနည်းဆုံးပမာဏလို့ ဆိုပါတယ်။
ရေဖိုးရေခ နှုန်းထားအနေနဲ့ နိုင်ငံသား (အိမ်သုံး) အတွက် တယူနစ် ၃၃၀ ကျပ်နှုန်း၊ နိုင်ငံသား (စီးပွားသုံး) အတွက် တယူနစ် ၅၅၀ ကျပ်နှုန်း၊ နိုင်ငံသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် တယူနစ် ၆၆၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (အိမ်သုံး) အတွက် တယူနစ် ၈၈၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (စီးပွားသုံး) အတွက် တယူနစ် ၁၁၀၀ ကျပ်နှုန်း၊ နိုင်ငံခြားသား (လုပ်ငန်းသုံး/ စက်ရုံသုံး) အတွက် တယူနစ် ၁၃၂၀ ကျပ်နှုန်းနဲ့ အသီးသီး သတ်မှတ် ကောက်ခံသွားမယ်လို့ သိရပါတယ်။
ဒါအပြင် Progressive Water Tariff စနစ်အနေနဲ့ မည်သည့်နိုင်ငံသား ရေသုံးစွဲမှုကိုမဆို ၃၀ ယူနစ်အထက် သုံးစွဲပါက ၅၅၀ ကျပ်နှုန်းနဲ့ ၆၀ ယူနစ်အထက် သုံးစွဲပါက ၆၆၀ ကျပ်နှုန်း၊ မည်သည့် နိုင်ငံခြားသား ရေသုံးစွဲမှုကိုမဆို ၃၀ ယူနစ်အထက် သုံးစွဲပါက ၁၁၀၀ ကျပ်နှုန်းနဲ့ ၆၀ ယူနစ်အထက် သုံးစွဲပါက ၁၃၂၀ ကျပ်နှုန်း တိုးမြှင့် ကောက်ခံသွားမယ်လို့ ဆိုပါတယ်။
အခုလို ကောက်ခံခြင်းကြောင့် ပြည်သူတွေအနေနဲ့ ရေကို ချွေတာသုံးစွဲတဲ့ အလေ့အကျင့် ရရှိစေမယ့်အပြင် ရန်ကုန်မြို့ကိုလည်း ရေပိုမို လွှမ်းခြုံပေးဝေနိုင်မှာဖြစ်ကာ YESC က လက်ရှိ ကျင့်သုံးနေတဲ့ စနစ်ဖြစ်တယ်လို့ သိရပါတယ်။
ဌာနအနေနဲ့ ရန်ကုန်မြို့ကို သောက်သုံးရေ ပုံမှန်ပေးဝေနိုင်ဖို့ ရေသန့်စင်မှုစနစ်နဲ့ပတ်သက်လို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေအတွက် ကုန်ကျစရိတ်၊ ရေသန့်စင်စက်ရုံတွေနဲ့ ရေတွန်းစက်ကြီးတွေ လည်ပတ်နိုင်ဖို့ လျှပ်စစ်ဓာတ်အားခနဲ့ ပြုပြင်ထိန်းသိမ်းစရိတ်၊ ရေပို့ပိုက်မကြီးတွေ၊ ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်တွေ ပြုပြင်ထိန်းသိမ်းစရိတ်နဲ့ ဝန်ထမ်းလစာတို့ကို ကျခံ အသုံးပြုနေရပြီး လက်ရှိ ရေဖိုးရေခဝင်ငွေမှာ လျှပ်စစ်ဓာတ်အားခကိုသာ ကာမိရုံရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရေလေလွင့်ဆုံးရှုံးမှုတွေ လျှော့ချနိုင်ဖို့၊ ရေဖိုးရေခတွေ ဆုံးရှုံးမှုမရှိဘဲ အပြည့်အဝ ကောက်ခံရရှိနိုင်ဖို့ ရေသုံးစွဲသူပြည်သူတွေက ဝိုင်းဝန်းပါဝင်ပေးခြင်းဟာ ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးစနစ်ကို ရေရှည် တည်တံ့စေမှာဖြစ်တဲ့အပြင် ရေပေးဝေရေးဝန်ဆောင်မှုတွေ အဆင့်မြှင့်တင်နိုင်ရေးအတွက်လည်း တတပ်တအား ကူညီရာရောက်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က အသိပေးထားပါတယ်။’
ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်က “ကောက်မယ့်နှုန်းကတော့ ဟုတ်ပါတယ်။ ရေမီတာ တပ်ဆင်/ပြုပြင်ခလည်း official ထုတ်ပြန်သင့်ပါတယ်။ ရေအညစ်အကြေးကြောင့် စက်မီတာပျက်ရပေါင်းလည်း တခါမကတော့ပါဘူး။ အဲဒါကြောင့် ပျက်စီး/ပျောက်ဆုံး/အသစ် တပ်ဆင်ပေးမယ့် နှုန်းထားကိုလည်း တရားဝင် ကြေငြာထားသင့်ပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် မီတာခကို လစဉ်ပုံမှန် ကောက်ခံခြင်းမရှိဘဲ စုပေါင်း ကောက်ခံနေတာကလည်း ယူနစ်ပိုများနိုင်ပြီး ရေမီတာခ ပိုများနိုင်တာကြောင့် ငွေကြေး အခက်အခဲရှိနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။
“အရင်လို တလ ၁၅၀၀ ကျပ် ပုံသေမဟုတ်တော့ဘဲ လျှပ်စစ်မီး မီတာခပုံစံလို တွက်ကောက်မယ်ဆို ယူနစ်ပေါင်းများရင် ရေမိတာဖိုးတင် သောင်းကျော်ကျနိုင်ပါတယ်။ တလတခါ သေချာဖတ်မှသာ ဖြစ်မှာပါ။ မင်္ဂလာတောင်ညွန့်မှာ လစဉ်ပုံမှန် မကောက်ဘဲ ခြောက်လ တကြိမ် စုပေါင်းကောက်ခံတာရှိတယ်။ ဝန်ထမ်းတွေအဖို့ ငွေကြေးအခက်အခဲရှိတယ်” လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
ဒါအပြင် ရေမီတာယူနစ် ပိုမို ကောက်ခံနေတာတွေလည်း ရှိနေပြီး စာရွက်ထဲ ၅၈၀၀ ကျပ်ကျပါက ၆၅၀၀ ကျပ်၊ တသောင်းနှစ်ထောင်ရှစ်ရာကျပ် ကျပါက တသောင်းသုံးထောင့်ငါးရာကျပ် စသဖြင့် ကျသင့်ငွေထက် ပိုတောင်းနေကြပြီး ဒါတွေကိုလည်း ဖြေရှင်းပေးစေချင်တယ်လို့ နောက်ထပ် ပြည်သူတယောက်က ပြောပါတယ်။
ဓာတ်ပုံ – အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)
