လောက်ကိုင်မှာ တရုတ်ရဲ့ သတင်းပေးမှုအရ အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်း တခုဖမ်းဆီး

ဩဂုတ် ၂၀၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တရုတ်ရဲ့ သတင်းပေးမှုအရ ဩဂုတ်လ ၁၇ ရက်နေ့က အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်း တခုကို ဖမ်းဆီးပြီး တရုတ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ဦးရေတော့ မသိရဘူး ခင်ဗျ။ တရုတ်ဘက်က သတင်းအရ ဖမ်းတာပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လောက်ကိုင်မြို့ တုံချိန်ဘက်ရှိ 91 ဟိုတယ်ကို MNDAA တပ်ဖွဲ့က ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့တာ လို့သူက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား အွန်လိုင်းငွေလိမ်လုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံသား အွန်လိုင်းငွေလိမ် လုပ်သားတွေကို ဩဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက ရန်လုံကျိုင်း နယ်စပ်ဂိတ်ကနေ တရုတ်အစိုးရဆီ လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။
“ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေတွေမှာလည်း ကျားဖြန့်လုပ်ငန်းတွေ လုပ်တာကတော့ လုပ်နေတာပဲ။ အဖမ်းကတော့ မပြဘူး။ ရှိတော့ ရှိတယ်။ ဒီနောက်ပိုင်း။ ရှိတာတော့ သိတယ်။ ဒါပေမယ့်် ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာ အတိအကျတော့ ပြောရခက်တယ်” လို့ ရှမ်းမြောက် ဒေသခံ လူငယ် တယောက်ကလည်း ပြောပါတယ်။
အရင်က ကိုးကန့် ပြည်သူ့စစ် ဆိုပြီး လုပ်ထားကာ ကျားဖြန့်လုပ်ငန်းတွေ လုပ်နေတာတွေ ရှိတယ်လို့သိရပြီး KIA တပ်ဖွဲ့က သွားရောက်ဖမ်းဆီးကာ ကြူကုတ် (ပန်ဆိုင်း) – ဝမ်တိန် နယ်စပ်ဂိတ်ကနေ တရုတ်ဘက် လွှဲပြောင်းခဲ့တာ ရှိဖူးကာ ပြန်ပြီးတော့ လုပ်နေသလားဆိုတာတော့ မသိဘူးလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ကိုးကန့် MNDAA ထိန်းနယ်မြေဘက်ခြမ်းရှိ SSPP/SSA လှုပ်ရှားရာ မူဆယ်မြို့နယ်၊ မော်တောင်းရွာမ ကျေးရွာအုပ်စု၊ ခိုတိန်ရွာရှိ အွန်လိုင်းငွေလိမ် ကျားဖြန့် အလုပ်ဆိုဒ် တခု ဖရိုဖရဲ ထွက်ပြေး ရှောင်တိမ်း ခြေရာဖျောက်သွားခဲ့တာဖြစ်ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းရေး အပါအဝင် အကြောင်းပြချက်တွေကြောင့် လောက်ကိုင်ဒေသမှာ မြောက်ပိုင်း မဟာမိတ်ညီနောင်ရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လောက်ကိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ MNDAA က သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
Video Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW