ဩဂုတ် ၂၃ ၊ ၂၀၂၆
GG (VOM)
ပြည်ပကို စေလွှတ်ခဲ့တဲ့ လုပ်သားအရေအတွက်အားလုံးဟာ မိသားစုဆီကိုပြန်ပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်းအထောက်အထားကို တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီကို အလုပ်ခေါ်စာ (Demand Letter)အသစ် တင်ပြခွင့် ဆိုင်းငံ့သွားမယ်လို့ သိရပါတယ်။
အရင်က ပြည်ပစေလွှတ်ခဲ့တဲ့ လုပ်သားဦးရေရဲ့ ၅၀ ရာခိုင်နူန်းက မိသားစုလွှဲပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်း အထောက်အထားတင်ပြရပါတယ်။ အခုက စေလွှတ်လုပ်သားအားလုံး မိသားစုငွေလွှဲ အထောက်အထား တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
လတ်တလော ညွှန်ကြားချက်အရဆိုရင် အေဂျင်စီတွေအနေနဲ့ ၂၀၂၆ ခုနှစ် ၊ဇန်နဝါရီကနေ ဇွန်လအတွင်း ပြည်ပကိုစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေအားလုံးရဲ့ မိသားစုဆီ ၂၅ ရာခိုင်နူန်း ငွေလွှဲကြောင်းအထောက်အထားကို တင်ပြရမှာဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီကို လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့မှာဖြစ်တယ်လို့ သိရပါတယ် ။
” ပထမ ၂၀၂၄ မှာ စေလွှတ်တဲ့ လူဦးရေရဲ့ ၄၀ ရာခိုင်နူန်းကို ၃ လစာပေးရင် အေဂျင်စီတွေတာဝန်ကျေတယ်ပြောတယ်။နောက် ၂၀၂၄ နှစ်ကုန်နဲ့ ၂၀၂၅ ကျတော့ ၅၀ ရာခိုင်နူန်းဖြစ်သွားတယ်။ လစာရဲ့ ၂၅ ရာခိုင်နူန်း လွှဲရတယ်ဆိုတာက ကိုယ့်မိသားစုဆီလွှဲရတဲ့ငွေပါ ။ အခွန်ဆောင်ရတာမဟုတ်ဘူး။ အခုကျတော့ စေလွှတ်တဲ့အလုပ်သမားရာနူန်းပြည့်ကို လစဥ်တင်ပြရမယ် ဖြစ်သွားတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် အေဂျင်စီတွေကို Demand Letter အသစ်ဆိုင်းငံမှာပါ ။ ” လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA ဝင်တယောက်က ပြောပါတယ်။
အေဂျင်စီတွေအနေနဲ့ ပြည်ပကို စေလွှတ်တဲ့ အလုပ်သမားတွေအားလုံးရဲ့ လစဥ် မိသားစုဆီကို တရားဝင်လမ်းကြောင်းကနေ လစာရဲ့ ၂၅ ရာခိုင်နူန်း လွှဲတဲ့အထောက်အထားကို တင်ပြဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ မဖြစ်မနေတင်ပြရမယ်ဆိုပါက အေဂျင်စီတွေ အခက်အခဲဖြစ်ပြီး လုပ်ငန်းရပ်နားရတာတွေအထိ ရှိလာနိုင်တယ်လို့ အေဂျင်စီတွေဘက်က ဆိုပါတယ်။
” ခုလွှဲပို့ငွေကို အေဂျင်စီတွေက တာဝန်ယူပါပြောတယ်။ ဒါကမဖြစ်နိုင်ဘူး ။ တကယ်က အလုပ်လုပ်တဲ့ ကာယကံရှင်က အဓိကကျတာပေါ့။ အကိုတို့ကမှ သူတို့တရားဝင်လမ်းကြောင်းကနေ လွှဲအောင် ပံ့ပိုးပြီး အသိပညာပေးမယ်။အဆက်အသွယ်တွေပေးမယ်။
သူတို့ဘာကြောင့် ငွေမလွှဲကြသလဲဆိုရင် Exchange rate ကွာလို့။ ကိုယ့်လုပ်ခလစာကိုတော့ ဘယ်သူမှလျော့ပြီးမပေးချင်ကြဘူး။ဒီတော့ သက်ဆိုင်ရာအစိုးအရဝန်ကြီး ဌာနတွေ ချိတ်ဆက်ပြီးတော့ ငွေလဲနူန်းကို မှန်ကန်မျှတတဲ့ နူန်းထားဖြစ်အောင်ဆောင်ရွက်ပေးမယ်။ တဖက်ကလည်း ဘဏ်တွေကနေတဆင့် ငွေလွှဲတဲ့အခါ Kpay လွှဲသလိုပဲ အလွယ်တကူ အက်ပလီကေးရှင်းနဲ့ လွှဲဖို့အတွက်ကို ကလေးတွေ ပြည်ပမထွက်ခင်ထဲက အေဂျင်စီတွေနဲ့အတူ ပညာပေးအစီအစဥ်ကို ဆောင်ရွက်မယ်ဆိုရင် ဟိုရောက်လို့ ငွေလွှဲမယ်ဆိုရင် မိသားစုဆီလွှဲလွှဲ တခြားသူဆီလွှဲလွှဲ အိုကေနေမယ်။ ဒါဆိုသူတို့သေချာပေါက်လွှဲမှာပဲ။ အဲဒီလိုမတည်ဆောက်ပဲ ဘာဖြစ်ဖြစ်အေဂျင်စီပဲလုပ်။ အေဂျင်စီဆိုတာက စီးပွားရေးလုပ်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်းလုပ်နေတဲ့ကုမ္ပဏီလေ။အာဏာရှိသူမှမဟုတ်တာ။ အေဂျင်စီတွေက အတင်းဖိအားပေးလုပ်ခိုင်းရင်လည်း ILO ဥပဒေနဲ့ညိအုံးမယ်။အဲဒီလို ဖိအားပေးမရဘူး။ငွေလွှဲပို့ပါဆိုပြီး မေတ္တာရပ်ခံရတာ။ သူတို့လွှဲချင်လည်းလွှဲမယ် မလွှဲချင်လည်းမလွှဲဘူး။အကိုတို့ကသွားပြောလို့မရဘူး။အခုက မိသားစုဆီငွေလွှဲကို အေဂျင်စီတွေတာဝန်ယူပေး မယူရင်အရေးယူမယ်ဆိုတာကတော့ မသင့်လျော်ဘူး။အေဂျင်စီတွေ ရပ်တည်ဖို့ခက်ခဲလာမယ်။ ” လို့ အေဂျင်စီတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အေဂျင်စီတွေရဲ့ အဓိကတာဝန်က အလုပ်သမားတွေလုပ်ခလစာ မှန်မှန်ရဖို့ နဲ့ အလုပ်အကိုင်မှန်ကန်အောင် တာဝန်ယူဆောင်ရွက်ဖို့ဖြစ်ပြီး အလုပ်သမားတွေ မိသားစုဆီ ငွေပြန်လွှဲခြင်း မလွှဲခြင်းက အေဂျင်စီတွေရဲ့ တာဝန်မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် ပြည်ပစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေအားလုံးရဲ့ မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နူန်း ငွေလွှဲကြောင်းအထောက်အထားကို တင်ပြရမယ့် ကိစ္စနဲ့ပတ်သက်ပြီး အေဂျင်စီတွေအတွက်အဆင်မပြေကြောင်း ၊ ခက်ခဲကြောင်းကို ဝန်ကြီးဌာနဆီ တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။
မိသားစုဆီငွေလွှဲပို့တာနဲ့ပတ်သက်ပြီး မလေးရောက် မြန်မာလုပ်သားတယောက်က ” ၃ လတခါ မိသားစုဆီ ငွေလွှဲပါတယ်။ လစာရဲ့ ၂၅ ရာခိုင်နူန်း ဆိုပြီးအတိအကျတော့မဟုတ်ဘူး။.ဒီတိုင်းငွေတွက်ပြီး ဘယ်လောက်ဆိုပြီး လွှဲလိုက်တာပဲ ။ ဘဏ်ကနေ တရားဝင်လွှဲတာပါ။ အဲဒီလိုတရားဝင်မလွှဲရင် ပတ်စ်ပို့သက်တမ်းတိုးမပေးဘူးတို့ ဘာညာ သတင်းတွေကထွက်တော့ ကိုယ်လည်း အိမ်လွှဲရမယ့်အတူဆိုတော့ လွှဲဖြစ်ပါတယ်။ ” လို့ ပြောပါတယ် ။
ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိသားစုဆီ လစာရဲ့ ၂၅ ရာခိုင်နူန်းကို တရားဝင်လမ်းကြောင်းကနေ ပြန်လွှဲတဲ့ သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ တရားဝင်လမ်းကြောင်းကနေ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မှုနဲ့ပတ်သက်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းကို တားမြစ်ထားသလို လူဦးရေအကန့်အသတ်နဲ့သာ စေလွှတ်ခွင့်ပြုခြင်း ၊ လိုင်စင်ရအေဂျင်စီတွေအပေါ်လည်း စည်းကမ်းတင်းကြပ်လာတဲ့အတွက် လုပ်ရကိုင်ရခက်ပြီး တရားမဝင်လမ်းကြောင်းကနေ သွားရောက်သူပိုများလာပါတယ်။
ဓာတ်ပုံ – CJ
