မန္တလေး၊ သြဂုတ်- ၂၃- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၇ လမ်း ၃၈-၃၉ လမ်းကြားမှာရှိတဲ့ ကျောက်မျက်ရတနာရောင်း ဝယ်ရေးစခန်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က ကျောက်သမားတယောက်ဆီကနေ မြန်မာငွေစက္ကူတွေနဲ့ ကျောက်မျက် ရတနာတွေကို ဓားထောက်လုယက်ခဲ့သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖြစ်စဥ်မှာ သြဂုတ်လ ၁၈ ရက်နေ့ ၁၀ နာရီခွဲအချိန်ခန့်က ကျောက်သမားကိုထက်အောင် ဆိုသူကို အမျိုးသားနှစ်ယောက်က စစ်ဆေးစရာရှိလို့ဆိုကာ ပုခုံးဖက်ကာ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းရဲ့ အပြင်ကိုခေါ်ဆောင်သွားပြီး ကိုထက်အောင်မှာ ပါလာတဲ့ ငွေတွေနဲ့ ကျောက်မျက်ရတနာတွေကို ဓားထောက်လုယက်သွားတယ်လို့ သိရပါတယ်။
ကိုထက်အောင်ရဲ့ လွယ်အိတ်အတွင်းမှာပါတဲ့ ကျောက်စိမ်းအချော ထည် ၂ ပွင့် ၊ ကျောက်စိမ်းဆွဲကြိုး ၂ ကုံး ၊ ချွမ်အမျိုးအစားလည်ဆွဲ ၁ ကုံး ၊ ချွမ် အမျိုးအစား လက်စွပ် ၂ကွင်း ၊ ကျောက်စိမ်းနားကပ်တစ်စုံစုစုပေါင်း ကာလတန်ဘိုး သိန်း ၅၀၀ ကျပ်ဝန်းကျင် တန်ဘိုးရှိတဲ့ကျောက်စိမ်းလက်ဝတ်ရတနာတွေကို ဓားထောက်လုယူထွက်ပြေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့ညမှာပဲ နောက်ကနေစေခိုင်းသူ နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး၊ သြဂုတ် ၁၉ ရက်နေ့မှာ ကျူးလွန်သူနှစ်ယောက်ကို စစ်ကိုင်းမြို့ဘက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျူးလွန်သူတွေဖြစ်တဲ့ တရားခံ ဇင်မျိုးထက်(ခ) ဖိုးသားလေး၊ ဟန်လင်းထက်(ခ)ချစ်တီး၊ ဇွဲမင်းလတ်(ခ)ဇွဲမောင်မောင်၊ ကောင်းကျော်(ခ)သီဟ တို့လေးယောက်ကို မဟာအောင်မြေမြို့နယ်၊ အမှတ် ၇ နယ်မြေရဲစခန်းမှာ (ပ)၆၅/၂၀၂၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ နဲ့အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
