ဩဂုတ် ၂၃ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း၊ မိတ္ထီလာမြို့ လေကြောင်းအတတ်သင် လေတပ်စခန်းမှာ တပ်မတော်က အမောင်းသင်လေယာဉ်တစီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာလို့ သိရပါတယ်။
နည်းပြဗိုလ်မှူးနဲ့အမောင်းသင် ဗိုလ်တို့ နှစ်ယောက် လိုက်ပါတဲ့ K8 လေယာဥ်ဟာ ဩဂုတ် ၂၁ ရက်နေ့ ၊ ညနေ ၃ နာရီခွဲလောက်မှာ မိတ္ထီလာအမောင်းသင်စခန်းမှာ ပျံတက်စဥ် အင်ဂျင် Error ဖြစ်ပြီး ပြန်မဆင်းနိုင်ဘဲ လေယာဥ်မီးလောင်ပျက်စီးကာ ဗိုလ်မှူး အနည်းငယ်ဒဏ်ရာရပြီး ဗိုလ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့နီးစပ်သူက ” လေယာဥ်ပျက်ကျတာမှန်ကြောင်း ၊ အမောင်းသင်လေယာဥ်ဖြစ်ကြောင်း ၊ နှစ်ယောက်မောင်း K8 လေယာဥ်ဖြစ်ပြီး ပြန်အဆင်းမှာ စက်ချို့ယွင်းတာကြောင့် ခုန်ထွက်ခဲ့ပေမယ့် သေဆုံး ၊ဒဏ်ရာရရှိပြီး ပျက်ကျခဲ့တာ ဖြစ်တယ်လို့ ” VOM ကို ပြောဆိုထားပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိတဲ့ ဗိုလ်မှူးကို ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ် ။
ဩဂုတ် ၃ ရက်နေ့ မနက် ၅ နာရီကျော်လောက်ကလည်း ကလည်း တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် မှော်ဘီမြို့ရဲ့ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီးမှာ ငှက်တကောင်နဲ့ တိုက်ခိုက်မှု (Bird Strike) ဖြစ်ပွားပြီး အင်ဂျင်ခန်း အင်ဂျင်မီးလောင်မှုဖြစ်ခဲ့ပါတယ်။
K-8 (Hongdu JL-8)က တရုတ်နိုင်ငံ နဲ့ ပါကစ္စတန် တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ အဆင့်မြင့် ဂျက်သင်တန်းပေး လေယာဉ် (Advanced Jet Trainer) နဲ့ ပေါ့ပါးတိုက်ခိုက်ရေး လေယာဉ် (Light Attack Aircraft) အမျိုးအစား ဖြစ်ပါတယ်။
တနာရီကို ကီလိုမီတာ ၈၀၀ ဝန်းကျင် (Mach 0.75) အထိ ပျံသန်းနိုင်ပြီး၊ တိုက်လေယာဉ်မောင်းသူများအား အခြေခံမှ အဆင့်မြင့် ဂျက်လေယာဉ်မောင်းနှင်မှု သင်တန်းပေးရန် အဓိက အသုံးပြုပါတယ်။
K8 လေယာဥ်အမျိုးအစားကို မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ အတော်များများရဲ့ လေတပ်များမှာ အသုံးပြုကြပြီးမြန်မာ့တပ်မတော် (လေ) မှာ K-8W အမျိုးအစား လေယာဉ်ကို လေသူရဲသင်တန်းပေးခြင်းအပြင် အနီးကပ် လေကြောင်းပစ်ကူ (Close Air Support) ပေးတဲ့ တိုက်ခိုက်ရေးလေယာဉ်အဖြစ် အသုံးပြုမှုရှိတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
