ဩဂုတ် ၂၄ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်နဲ့ ကျုံပျော်မှာ ရေကြီးတဲ့ ဧရိယာပိုကျယ်လာပြီး အစားအစာ နဲ့ သောက်ရေသန့်အပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ် ။
လက်ရှိ ကျုံပျော်မြို့နယ်မှာဆိုရင် မိုးသည်းထန်စွာရွာသွန်းပြီး ၊ ဒါးကချောင်းရေ မြင့်တက်လာလို့ ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာပေါင်း ၃၀ ထက်မနည်းအထိ ရေကြီးနေပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ၂၅၀၀ လောက် ရှိသလို နေအိမ်တွေမှာ စုနေသူတွေအများအပြားရှိနေပါတယ်။
” ရေဘေးစခန်းကိုမလာဘဲ အိမ်မှာနေကြတာလည်းများတယ်။ အဲဒီလို ရွာတွေဘက်ကျတော့ အစားအစာက နေ့တိုင်းလိုအပ်ချက်ရှိနေမယ့်သဘောရှိတယ်။ အစာခြောက်ပဲ ရမယ်။
ထမင်းထုပ် ဘာညာကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက နေ့တိုင်းရောက်ဖို့မလွယ်ဘူး ။ ရေကတိုးတော့ ဧရိယာပိုကျယ်တော့ ကူညီရတဲ့နေရာကပိုများသွားရင် လစ်ဟာမှုက ရှိတတ်တာပဲ ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူက ပြောပါတယ်။
အလားတူ ရေကြည်မြို့နယ်မှာဆိုရင်လည်း မြို့ပေါ်ရပ်ကွက်အများစုနဲ့ ကျေးရွာပေါင်း ၃၀ ထက်မနည်း ရေကြီးနေပြီး ကယ်ဆယ်ရေးစခန်းမှာ ရွှေ့ပြောင်းနေသူရှိသလို ကျေးရွာတွေက နေအိမ်မှာပဲ ဆက်နေသူတွေ ရှိနေပါတယ်။
ဒါကြောင့် နေအိမ်တွေမှာပဲ မရွှေ့မပြောင်းဘဲ နေထိုင်နေတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာ ၊ ရေသန့်နဲ့ အသုံးအဆောင်ပစ္စည်း အပါအဝင် ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
” ရေဘေးဧရိယာကျယ်လာတော့ အလှူရှင်မရောက်တဲ့နေရာတွေလည်းရှိတာပေါ့။ အထူးသဖြင့်ရွာဘက်က အိမ်တွေပါ ။ အိမ်တွေမှာ နေတဲ့သူတွေက အကူအညီလိုအပ်နေတယ်။ ကူညီနေသူတွေကလည်း ဘယ်ရွာတွေမှာ လူတွေကျန်နေသလဲဆိုတာ သေချာမသိနိုင်တာမျိုးပေါ့။ ရေကြည်မှာဆိုရင် သခွတ်ကုန်းရွာမှာ အိမ်ခြေ ၁၉၀ ကျော်ရှိတာကို တဝက်လောက်က ရေမြုပ်နေပြီ ။ ဒယ်ကုန်းရွာ ဆိုရင်လည်း အိမ် ၂၀၀ လောက်ရှိတာကို တော်တော်များများနစ်နေတယ်။ အခုရွာသားတွေက နေလို့ရတဲ့အိမ်မှာစုပြီးနေကြတယ်။ အစားအသောက်နဲ့ သောက်ရေသန့်တွေလိုနေတယ်။ “လို့ ဒေသခံလူမှုကူညီရေး လုပ်ကိုင်သူက ပြောပါတယ်။
ရေကြည်မြို့နယ်မှာ ဩဂုတ် ၂၂ ရက်နေ့ညနေပိုင်းက ကျောင်းကပြန်လာတဲ့ ၇ တန်းကျောင်းသားနှစ်ယောက် ရေစီးနဲ့မျောပါခဲ့ရာ တယောက်ကိုသာ အသက်ရှင်လျက်ကယ်နိုင်ပြီး တယောက်ရဲ့အလောင်းကိုတော့ ဒီကနေ့ ဩဂုတ် ၂၄ ရက်မှာ ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။
ရေကြည်မြို့နယ်နဲ့ ကျုံပျော်မြို့နယ်တွေမှာ ရေဘေးဧရိယာပိုကျယ်လာပြီး အကူအညီလိုအပ်တဲ့အပြင် မြွေအန္တရာယ်ကလည်း ကြောက်နေရတယ်လို့ သိရပါတယ်။
အခုဆိုရင် ရေကြည်မြို့နယ်နဲ့ ကျုံပျော်မြို့နယ်တွေမှာ ရေကြီးမှုဒဏ်ကို ခံစားနေရတာ ရက်ပေါင်း ၁၅ ရက်လောက်အထိရှိနေပြီး အဓိကရေကြီးရတဲ့ဖြစ်စဥ်ဟာ လေးမျက်နှာ ငဝန်မြစ်တာကျိုးပေါက်မှုကြောင့်လည်းပါသလို မိုးရွာသွန်းမှုကြောင့်လည်း ပါတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေးအသင်းများ
