MT(VOM)
တကယ်လို့ ညဉ့်နက်သန်းခေါင်ယံမှာ လမ်းမတွေပေါ် လျှောက်သွားရင်း လေထဲမှာ လွင့်မျောနေတဲ့ တော်လှန်ရေး သီချင်းသံကို ကြားရရင်၊ ဒါမှမဟုတ် လက်ကိုင်ဖုန်း မျက်နှာပြင်ငယ်လေးတွေပေါ်မှာ အရင်းရှင်စနစ်ရဲ့ အက်ကြောင်းတွေကို လှောင်ပြောင်သရော်ထားတဲ့ စာသားတွေကို ဖတ်ရရင် ၊ တူတံစဉ် ၊ ကြယ်နီ ၊ Anarchy အမှတ်တံဆိပ် wallpaper တွေ တွေ့ရရင် မအံ့သြ လိုက်ပါနဲ့။ကမ္ဘာကြီးဟာ တစ်ခါပြန်ပြီး နိုးထလာနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ် နိုးထမှုကတော့ စက်ရုံအလုပ်ရုံတွေရဲ့ မီးခိုးခေါင်းတိုင်တွေအောက်က မဟုတ်ဘဲ၊ နည်းပညာခေတ်ရဲ့ အယ်လ်ဂိုရီသမ် (Algorithm) တွေကြားက ဖြစ်ပါတယ်။
ဒီအချက်ကိုပဲ Gen Z Socialism (ဂျင်န်ဇီး ဆိုရှယ်လစ်ဇင်) လို့ ခေါ်ရမယ် ထင်ပါတယ်။
သမိုင်းဆိုတာ အဆောက်အဦးတစ်ခုလိုပါပဲ။ အုတ်မြစ်မရှိဘဲ အမိုးကို ဆောက်လို့မရသလို၊ မာ့က်စ်နဲ့ လီနင်တို့ရဲ့ အတိတ်သမိုင်းကို သေချာမသိဘဲ ဒီခေတ် လူငယ်တွေရဲ့ စိတ်ဓာတ်ကို နားလည်ဖို့ မလွယ်ကူနိုင်ပါဘူး။
သမိုင်းရဲ့ အစ _ မာ့က်စ်ရဲ့ သင်ကြားချက်
သမိုင်းရဲ့ မြစ်ဖျားခံရာကို ပြန်ကောက်ရရင် ကျွန်တော်တို့ဟာ တစ်ဆယ့်ကိုးရာစုရဲ့ မီးခိုးလုံးတွေ အလိပ်လိပ် တက်နေတဲ့ လန်ဒန်မြို့ကြီးဆီကို စိတ်ကူးနဲ့ ပြန်သွားရမှာ ဖြစ်ပါတယ်။ အဲဒီခေတ်က စက်မှုတော်လှန်ရေး (Industrial Revolution) ကြောင့် လူဦးရေ သန်းပေါင်းများစွာဟာ ကျေးလက်ဒေသတွေကနေ မြို့ပြစက်ရုံတွေဆီ ရောက်လာကြတယ်။ ရလဒ်ကတော့ တစ်နေ့ကို (၁၄) နာရီ၊ (၁၆) နာရီအထိ လုပ်ကိုင်ရပြီး လူလိုမနေရတဲ့ အလုပ်သမားထုကြီး ပေါ်ပေါက်လာတာပါပဲ။
အဲ့ဒီအချိန်က အသက်သုံးဆယ်ကျော်အရွယ် လူငယ် Karl Marx (ကာလ် မာ့က်စ်) နဲ့ သူရဲ့ ရဲဘော်ရ Friedrich Engels (ဖရီးဒရစ် အိန်ဂျယ်လ်) တို့ဟာ ဒီမြင်ကွင်းတွေကို ကြည့်ပြီး ကမ္ဘာကြီးကို တုန်လှုပ်စေမယ့် စာတမ်းတစ်စောင်ကို ရေးသားခဲ့ကြပါတယ်။ ဒါဟာ ၁၈၄၈ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ ကွန်မြူနစ်ပါတီကြေညာစာတမ်း (The Manifesto) of Communist Party )ပါပဲ။ ကြေညာစာတမ်ယအဖွင့်မှာ “တစ္ဆေကြီးကောင်သည် ဥရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင်ဖြစ်၏။ ပုပ်ရဟန်းမင်းကြီးနှင့် ဇာဘုရင်၊ မက်တာနဗ်ချ်နှင့် ဂီဇော၊ ပြင်သစ်ရီပတ်ဘလစ်ကန်များနှင့် ဂျာမန်ပုလိပ် သူလျှိုများ ဟူသော ဟောင်းနွမ်းသည့် ဥရောပတိုက်ရှိ အင်အားစုအားလုံးသည် ဤတစ္ဆေကြီးအား မောင်းထုတ်ပစ်ရေးအတွက် သူတော်စင်မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြလေပြီ။
အာဏာရနေသော ဆန့်ကျင်ဘက်များက ကွန်မြူနစ်ဟု ရှုတ်ချခြင်း မခံရသော အတိုက်အခံပြုနေသည့် ပါတီဟူ၍ အဘယ်မှာ ရှိအံ့နည်း။ ပိုမိုရှေ့တန်း ရောက်သော အတိုက်အခံပါတီများနှင့်တကွ ၎င်းတို့၏ ဖောက်ပြန်သော ရန်ဘက်များကို ကွန်မြူနစ်ဝါဒဟု ပြန်လည်တံဆိပ်ကပ် စွပ်စွဲခြင်းမပြုသည့် အတိုက်အခံ ပါတီဟူ၍ အဘယ်မှာ ရှိအံ့နည်း။” လို့ ရေးသားထားတာဖတ်ရပါတယ်။
မာ့က်စ် မြင်ခဲ့တာကတော့ ရှင်းပါတယ်- အရင်းရှင်စနစ်ဟာ လူသားတွေရဲ့ လုပ်အားကို သွေးစုပ်ရုံတင်မကဘဲ၊ လူသားတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်နဲ့ တန်ဖိုးကိုပါ အကွဲကွဲအပြားပြား ဖြစ်အောင် ဖျက်ဆီးပစ်နေတယ် ဆိုတဲ့ အချက်ပါပဲ။ သူက သမိုင်းကို အတန်းအစား တိုက်ပွဲ (Class Struggle) တွေနဲ့ ရှင်းလင်းခဲ့ပါတယ်။ အဖိနှိပ်ခံ ပစ္စည်းမဲ့ လူတန်းစား (Proletariat) က အုပ်စိုးသူ အရင်းရှင် လူတန်းစား (Bourgeoisie) ကို တွန်းလှန်ပြီး လူတန်းစားမဲ့၊ ဖိနှိပ်မှုမဲ့တဲ့ လူ့ဘောင်သစ်တစ်ခုကို တည်ဆောက်လိမ့်မယ်လို့ သူက ယုံကြည်ခဲ့ပါတယ်။ ဒါဟာ စိတ်ကူးယဉ်မျှမဟုတ်ဘဲ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှု နိယာမတွေအပေါ် အခြေခံထားတဲ့ “သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ” ရဲ့ မွေးဖွားခြင်းပါပဲ။
လီနင်ဝါဒရဲ့ လက်တွေ့ကမ္ဘာ
ဒါပေမဲ့ မာ့က်စ်ရဲ့ အယူအဆတွေဟာ စာအုပ်တွေထဲမှာပဲ ရှိနေသေးရာကနေ၊ ၁၉၁၇ ခုနှစ် ရုရှားပြည်ကြီးမှာ လက်တွေ့အကောင်အထည် ပေါ်လာခဲ့ပါတယ်။ ဒီအလှည့်အပြောင်းကို ဖန်တီးခဲ့သူကတော့ Vladimir Lenin (ဗလာဒီမာ လီနင်) ပါပဲ။
မာ့က်စ်က စက်မှုထွန်းကားတဲ့ ဗြိတိန် ဒါမှမဟုတ် ဂျာမနီလို နိုင်ငံမျိုးမှာ တော်လှန်ရေး အရင်ဖြစ်မယ်လို့ တွေးခဲ့ပေမဲ့၊ လီနင်ကတော့ အရင်းရှင်စနစ်ရဲ့ အားအနည်းဆုံး ကွင်းဆက်ဖြစ်တဲ့ စက်မှုနောက်ကျပြီး လယ်သမားအများစုရှိတဲ့ ရုရှားနိုင်ငံမှာ လမ်းစရှာခဲ့ပါတယ်။ လီနင်က မာ့က်စ်ဝါဒကို လက်တွေ့တော်လှန်ရေး နည်းဗျူဟာအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူက ပြောခဲ့တာကတော့ အလုပ်သမားထုဟာ သူတို့အလိုလိုဆိုရင် သမဂ္ဂအဆင့်လောက်ပဲ တွေးမိကြလိမ့်မယ်၊ တော်လှန်ရေးအသိစိတ် အပြည့်အဝဝင်လာဖို့ဆိုရင် စနစ်တကျ ဖွဲ့စည်းထားတဲ့၊ စစ်စည်းကမ်းရှိတဲ့ “တပ်ဦးပါတီ” (Vanguard Party) တစ်ရပ်က ဦးဆောင်ရမယ်လို့ ဆိုပါတယ်။
၁၉၁၇ အောက်တိုဘာ တော်လှန်ရေးမှာ လီနင်နဲ့ ဘော်ရှီဗစ်တို့က အာဏာကို သိမ်းပိုက်ပြီး ပထမဆုံးသော ဆိုရှယ်လစ်နိုင်ငံတော်ကြီး (Soviet Union) ကို တည်ထောင်ခဲ့ကြပါတယ်။ ဒီကနေတစ်ဆင့် မာ့က်စ်-လီနင်ဝါဒ ဟာ ကမ္ဘာတစ်လွှား ကူးစက်သွားခဲ့ပါတယ်။ စစ်အေးတိုက်ပွဲခေတ်တိုင်အောင် ကမ္ဘာကြီးဟာ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ်ဆိုပြီး နှစ်ခြမ်း ကွဲခဲ့ရပါတယ်။
ဒါပေမဲ့ အာဏာဗဟိုပြုလွန်းတာ၊ ဒီမိုကရေစီနည်းလမ်းမကျတာနဲ့ စီးပွားရေး ဗဟိုချုပ်ကိုင်မှု တင်းကျပ်လွန်းတာတွေကြောင့် ဆိုဗီယက်စနစ်ဟာ ရေရှည်မှာ အကျပ်အတည်းဖြစ်လာခဲ့ပါတယ်။ သမိုင်းဟာ ဖြောင့်တန်းစွာ စီးဆင်းလေ့မရှိပါဘူး။ ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတဲ့အခါ ဖရန်စစ် ဖူကူယားမား က ကြွေးကြော်ခဲ့ကြပါတယ်- “သမိုင်းနိဂုံးချုပ်ပြီ (The End of History)၊ အရင်းရှင်စနစ်ကပဲ အပြီးသတ် အောင်နိုင်သူဖြစ်ပြီး ဆိုရှယ်လစ်ဝါဒ သေဆုံးသွားပြီ” တဲ့။
သမိုင်းဟာ နိဂုံးမချုပ်၊ တစ်ပတ်ပြန်လည်တယ်
ဒါပေမဲ့ ဖူကူယားမား မှားသွားခဲ့ပါပြီ။ ဆိုရှယ်လစ်ဝါဒဟာ မသေဆုံးခဲ့ပါဘူး။ အရင်းရှင်စနစ်ရဲ့ မွေးရာပါ ချို့ယွင်းချက်တွေဖြစ်တဲ့ မညီမျှမှုတွေ၊ ဓနရှင်တွေရဲ့ အဝိဇ္ဇာလောဘတွေ ရှိနေသရွေ့ ဆိုရှယ်လစ်စိတ်ဓာတ်ကလည်း ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ဒီဝါဒဟာ ရာစုနှစ်သစ်တစ်ခုမှာ၊ မျိုးဆက်သစ်တစ်ခုရဲ့ ရင်ဘတ်ထဲမှာ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။ ထိုမျိုးဆက်ကတော့ Gen Z (၁၉၉၇ မှ ၂၀၁၂ ကြား မွေးဖွားသူများ) ပဲ ဖြစ်ပါတယ်။
ဂျင်န်ဇီး ဆိုရှယ်လစ်ဇင်ဟာ မာ့က်စ်ခေတ်ကလို စက်ရုံအလုပ်သမားတွေရဲ့ ညစ်ပေနေတဲ့ မျက်နှာတွေ၊ တူနဲ့ တံစဉ်တွေနဲ့ စတင်ခဲ့တာ မဟုတ်ပါဘူး။ စာသင်ခန်းတွေ၊ အွန်လိုင်း လူမှုကွန်ရက်တွေနဲ့ ရာသီဥတုပြောင်းလဲမှု ဆန္ဒပြပွဲတွေကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ဂျင်န်ဇီးတို့ဟာ ဘာကြောင့် ဆိုရှယ်လစ်ဝါဒဘက်ကို ယိမ်းလာရတာလဲ? အဖြေက သူတို့ ကြီးပြင်းလာရတဲ့ ကမ္ဘာကြီးရဲ့ လက်တွေ့ဘဝ အခြေအနေတွေထဲမှာ ရှိပါတယ်။
စီးပွားရေး အကျပ်အတည်းများကြား ကြီးပြင်းခြင်း
၂၀၀၈ ခုနှစ် စီးပွားရေး ပျက်ကပ်ကြီး ဖြစ်တော့ သူတို့ဟာ ကလေးဘဝ ဒါမှမဟုတ် လူပျိုဖော်ဝင်စ အရွယ်တွေပါ။ မိဘတွေ အလုပ်ပြုတ်၊ အိမ်တွေ အသိမ်းခံရတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (COVID-19) ကြောင့် သူတို့ရဲ့ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တစ်ခါထပ်ပြီး ရိုက်ခတ်ခံရပြန်တယ်။
မျှော်လင့်ချက်မဲ့နေတဲ့ စီးပွားရေးစနစ်
ဒီခေတ် လူငယ်တွေဟာ သမိုင်းမှာ ပညာတတ်မြောက်မှု အမြင့်ဆုံး မျိုးဆက်ဖြစ်ပေမဲ့၊ သူတို့ရဲ့ မိဘတွေ မျိုးဆက်လောက်တောင် လူနေမှုအဆင့်အတန်း မရနိုင်တော့တဲ့ ပထမဆုံး မျိုးဆက် ဖြစ်နေပါတယ်။ မတန်တဆ မြင့်မားလှတဲ့ နေထိုင်မှုစရိတ်၊ အိမ်ခြံမြေဈေးနှုန်းတွေနဲ့ ကျောင်းသားကြွေးမြီ (Student Loans) တွေကြောင့် သူတို့ဟာ ဘဝကို သုညအောက်ကနေ စနိုးစနောင့် စတင်နေရပါတယ်။
ရာသီဥတု ပျက်စီးခြင်း ဘေးအန္တရာယ်
အရင်းရှင် ကုမ္ပဏီကြီးတွေရဲ့ အကျိုးအမြတ်သက်သက် ကြည့်မှုကြောင့် ကမ္ဘာမြေကြီးဟာ ပျက်စီးလုနီးပါး ဖြစ်နေတာကို သူတို့ မြင်နေရတယ်။ ရာသီဥတု အကျပ်အတည်းဟာ သူတို့ရဲ့ အနာဂတ် ရှင်သန်ရေးကို တိုက်ရိုက် ခြိမ်းခြောက်နေတာပါ။
အလုပ်သမားလူတန်းစား ၊ သို့သော်
သူတို့ဟာ တစ်နေ့ကို ၈ နာရီမက အလုပ်လုပ်ပေမဲ့ ကိုယ်ပိုင်အိမ်တစ်လုံး မဝယ်နိုင်တဲ့၊ ကျန်းမာရေးစရိတ်ကြောင့် ကြွေးတင်နေတဲ့ ပတ်ဝန်းကျင်ကို ကြည့်ရင်း “အတိုးမဲ့ အမြတ်မဲ့ အရင်းရှင်စနစ်ဟာ ငါတို့ မျိုးဆက်အတွက် လုံးဝ အလုပ်မလုပ်တော့ပါလား” လို့ သိမြင်လာကြရာကနေ ဆိုရှယ်လစ် အတွေးအခေါ်တွေဆီ ဦးလှည့်လာကြတာ ဖြစ်ပါတယ်။
Gen Z Socialism ရဲ့ ထူးခြားတဲ့ ဝိသေသများ
ဒီခေတ် လူငယ်တို့ရဲ့ ဆိုရှယ်လစ်ဝါဒဟာ အတိတ်က မာ့က်စ်-လီနင်ဝါဒနဲ့ မတူတဲ့ ပုံသဏ္ဌာန်သစ်တွေ ဆောင်နေပါတယ်။ သူတို့ဟာ လီနင်ခေတ်ကလို သေနတ်ကိုင် တော်လှန်ရေး ဒါမှမဟုတ် တစ်ပါတီအာဏာရှင်စနစ်၊ ဗဟိုချုပ်ကိုင်မှုမျိုးကို လုံးဝ မတောင့်တကြပါဘူး။ သူတို့ရဲ့ ဆိုရှယ်လစ်ဇင်ဟာ ပိုပြီး လွတ်လပ်တယ်၊ ပိုပြီး ပွင့်လင်းကာ ဒီမိုကရေစီဆန်ပါတယ်။
ဂျင်န်ဇီးတို့ဟာ မာ့က်စ်ရဲ့ ခက်ခဲနက်နဲတဲ့ စာအုပ်တွေကို TikTok ဗီဒီယိုတိုတွေ၊ Instagram အင်ဖိုဂရပ်ဖစ် (Infographics) တွေအဖြစ် ပြောင်းလဲပြီး လူငယ်ထုကြား ပျံ့နှံ့အောင် လုပ်ကြပါတယ်။ သူတို့ဟာ Meme (မီမ်း) တွေနဲ့ အရင်းရှင်စနစ်ရဲ့ ရယ်စရာကောင်းပုံတွေကို လှောင်ပြောင်ကြတယ်။ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်းတွေ၊ ပေါ့ပ်ဂီတ (Pop Music) တွေထဲအထိ ဆိုရှယ်လစ် အယူအဆတွေကို ထည့်သွင်းလာကြပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်တွေဟာလည်း ကောင်းကင်ဘုံက စိတ်ကူးယဉ်တွေမဟုတ်ဘဲ လက်တွေ့မြေပြင်ဆန်ပါတယ်။အားလုံးအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျောင်းလံကြွေးမြီတွေ ဖျက်သိမ်းပေးရေး၊တစ်ပတ် ၄ ရက် အလုပ်လုပ်ရက် သတ်မှတ်ရေး၊ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ရေးနဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ခေါင်းပုံဖြတ်မှုကို တားဆီးရေး ဆိုတဲ့ လူမှုဘဝ ပြောင်းလဲမှုတွေကို သူတို့တောင်းဆိုပါတယ်။
ရာသီဥတု ပြောင်းလဲမှုကို တားဆီးဖို့အတွက် ကျောရုပ်ကြွင်းလောင်စာ (Fossil Fuels) တွေ ကနေ ပြည့်ဖြိုးမြဲစွမ်းအင် ( Renewable Energy)ဆီ ကူးပြောင်းပြီး အလုပ်အကိုင်သစ်တွေ ဖန်တီးရေးကို Gen Z တွေ က လိုချင်တယ်။
ခေတ်သစ်ရဲ့ မျှော်လင့်ချက်အလင်း
တကယ်လို့သာ မာ့က်စ် ဒါမှမဟုတ် လီနင်သာ ဒီနေ့ခေတ် ကမ္ဘာကြီးဆီ ခရီးဆန့်လာခဲ့ရင် ဖုန်းကိုယ်စီကိုင်ကာ ရာသီဥတု တရားမျှတမှုအတွက် အော်ဟစ်နေတဲ့၊ Black Lives Matter လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ ဒီလူငယ်တွေကို ကြည့်ပြီး အံ့သြနေကြပါလိမ့်မယ်။ သူတို့ခေတ်ကလို အလုပ်သမားတူညီဝတ်စုံတွေ၊ စက်ရုံခေါင်းလောင်းသံတွေ မရှိတော့ပေမဲ့၊ ဖိနှိပ်မှုကို တွန်းလှန်ချင်ပြီး အများကောင်းစားရေးကို ရှေးရှုတဲ့ ဆိုရှယ်လစ်စိတ်ဓာတ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။
ကမ္ဘာကြီးဟာ ပြောင်းလဲနေပါတယ်။ ဂျင်န်ဇီး လူငယ်တွေဟာ စာအုပ်ဟောင်းတွေထဲက ဆိုရှယ်လစ်ဝါဒကို ဖုန်ခါ၊ အရင်ခေတ်က အမှားတွေကို သင်ခန်းစာယူပြီး သူတို့ခေတ်နဲ့ လျော်ညီတဲ့ အရောင်အသွေးအသစ်၊ လွတ်လပ်မှုအသွင်သစ်တွေကို ခြယ်သနေကြပါပြီ။ ဒါဟာ သွေးထွက်သံယို တော်လှန်ရေးကြီး မဟုတ်ရင်တောင်မှ၊ လူသားချင်းစာနာပြီး ပိုမိုမျှတတဲ့၊ ပိုပြီး နွေးထွေးတဲ့ လူ့ဘောင်သစ်တစ်ခုဆီ ဦးတည်နေတဲ့ ငြင်းပယ်လို့မရတဲ့ သမိုင်းရေစီးကြောင်းသစ်တစ်ခု ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
MT(VOM)
