အမြန်လမ်းမှာ ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က လိုက်ထရပ်ကို ဝင်တိုက်လို့ တယောက် သေ၊ နှစ်ယောက် ဒဏ်ရာရ

ဩဂုတ် ၂၄ – ၂၀၂၆
SS (VOM)
ရန်ကုန် – မန္တလေးအမြန်လမ်းမှာ ဒီကနေ့ ဩဂုတ် ၂၄ ရက်၊ မနက်အစောပိုင်းက ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်က ရှေ့ကမောင်းနေတဲ့ လိုက်ထရပ်ယာဉ် နောက်ပိုင်းကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မိုင်တိုင် ၂၁၄/၂ နဲ့ ၂၁၄/၃ ကြားမှာ ဒီကနေ့ မနက် ၁၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က ဖြစ်ခဲ့တာလို့သိရပြီး အမျိုးသား တယောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ကာ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သေဆုံး၊ ဒဏ်ရာရတာက လိုက်ထရပ်ယာဉ်ပေါ်က လူတွေပါ။ အဲဒီကားပေါ်မှာ အမျိုးသား ယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း လေးယောက် လိုက်ပါလာတယ်။ ရွှေစင်စင်္ကြာယာဉ်ပေါ်မှာတော့ ယာဉ်မောင်းအပါအဝင် ခရီးသည်တွေရော စုစုပေါင်း ၂၅ ယောက် လိုက်ပါလာတယ်။ မန္တလေးဘက်ကနေ နေပြည်တော်ကိုသွားတဲ့လမ်းမှာဖြစ်တာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
ရန်ကုန် – မန္တလေးအမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်နေတာမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကလည်း နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ Elite ခရီးသည်တင်ယာဉ်တစီး၊ ယာဉ်မောင်း အိပ်ငိုက်မှုကြောင့် လမ်းလယ်ကျွန်းကို ဝင်တိုက်ကာ တံတားအောက်ထိုးကျ တိမ်းမှောက်ခဲ့ပါသေးတယ်။
အဲဒီဖြစ်စဉ်ဟာ မိုင်တိုင် ၅၈/၁ နဲ့ ၅၈/၂ ကြားမှာ ဖြစ်ခဲ့တာလို့ သိရပြီး ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ယောက်လုံး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက “ယာဉ်မောင်းတွေ မပေါ့ဆဖို့၊ သတိဝီရိယထားပြီး မောင်းဖို့ပြောချင်ပါတယ်။ အခုနောက်ပိုင်းမှာ ယာဉ်မောင်း အိပ်ငိုက်ပြီးတော့ အရှိန်လွန် တိမ်းမှောက်တာတွေ များလာတယ်။ ပြီးတော့ ဒီ Express ကြီးတွေရဲ့ ယာဉ်မောင်းက တယောက်မက‌ဘူး၊ နှစ်ယောက်လောက် ထားရတာလေ။ တတ်နိုင်ရင်တော့ ကိုယ်ပင်ပန်းနေတဲ့အချိန်မှာ အပိုယာဉ်မောင်းနဲ့ ချက်ချင်းလူပြောင်းပြီး မောင်းတာ အကောင်းဆုံးပဲ။ Express မဟုတ်ဘဲ ကျန်တဲ့ကားတွေဆိုလို့ရှိရင်လည်း ယာဉ်မောင်းအိပ်ငိုက်လာရင် လမ်းဘေးမှာ၊ ဆိုင်တွေမှာ၊ ကားဝင်းတွေမှာ ခဏနားပြီးတော့မှပဲ ပြန်မောင်းသင့်တယ်လို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။
ခရီးဝေးသွားလာမယ့် ယာဉ်မောင်းတွေအနေနဲ့ နေ့လယ်စာ ထမင်းစားပြီးချိန် အိပ်ငိုက်တတ်တဲ့ အချိန်တွေမှာ ကားမောင်းခြင်းကို ရှောင်ကြဉ်သင့်ပြီး ထမင်းစားပြီးချိန်မှာ ခဏတဖြုတ် တမှေးလောက် အိပ်စက်သင့်တယ်လို့ သိရပါတယ်။
ညပိုင်းအချိန် ခရီးဝေးကား မောင်းရတဲ့အခါ ညဉ့်နက်သန်းခေါင်ယံအချိန်နဲ့ အရုဏ်တက်ချိန်တွေမှာ အိပ်ငိုက်တတ်တာကြောင့် ကြိုတင် သတိပြုဆင်ခြင်သင့်သလို တချို့သော ဆေးဝါးတွေကြောင့် ယာဉ်မောင်းတွေ အိပ်ငိုက်သွားတတ်တဲ့အတွက် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဆေးဝါးတွေကိုလည်း သတိပြု သောက်သုံးသင့်တယ်လို့ သိရပါတယ်။
ညပိုင်း ခရီးဝေးကားမောင်းတဲ့အခါ အဖော်မပါဘဲ တယောက်တည်း မမောင်းသင့်ဘဲ ဘေးက အဖော်လိုက်ပေးသူနဲ့ စကားပြောရင်း မောင်းနှင်ပါက အိပ်ချင်စိတ်ပြေနိုင်ပြီး ခရီးမိုင် (၁ဝဝ-၁၂ဝ) လောက် မောင်းပြီးတိုင်း ခေတ္တအနားယူကာ ကော်ဖီသောက်တာ (ဒါမှမဟုတ်) သစ်သီးတခုခုစားတာမျိုး ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။
ကားထဲမှာ အချိန်ကြာကြာထိုင်နေရတာကြောင့် အညောင်းအညာပြေစေဖို့ ကားပေါ်ကဆင်းပြီး လမ်းလျှောက်ကာ ခြေလက် လေ့ကျင့်ခန်း လုပ်ပေးရမှာဖြစ်သလို ယာဉ်ရပ်နားစခန်းတွေမှာ ခရီးတထောက်နားပြီး အဆာပြေတခုခု စားတဲ့အခါမှာလည်း အချိုအဆိမ့်ပါတဲ့ အစားအစာ၊ အဆီများတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်သလို အရက်၊ ဘီယာသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်တယ်လို့ သိရပါတယ်။
အမြန်လမ်းပေါ်မှာ မှန်လုံခရီးသည်တင် ယာဉ်ကြီးတွေကို တနာရီ ၉၀ ကီလိုမီတာ၊ လူစီးယာဉ်ငယ်တွေကို တနာရီ ၁၀၀ ကီလိုမီတာ၊ ကုန်တင်ယာဉ်နဲ့ ပစ်ကပ်ယာဉ်တွေကို တနာရီ ၆၀ ကီလိုမီတာနှုန်းထက် မပိုဘဲ မောင်းနှင်ကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။
ဒါအပြင် ယာဉ်မောင်းတွေအနေနဲ့ ခရီးမထွက်ခင်မှာ ယာဉ်ကြံ့ခိုင်မှုကိုလည်း သေချာစွာ စစ်ဆေးသင့်သလို ခရီးသည်တွေအနေနဲ့လည်း ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေ ပတ်ထားဖို့၊ မပတ်ထားသူတွေကို ယာဉ်ပေါ်ပါဝန်ထမ်းတွေက စောင့်ကြည့် သတိပေးဖို့ အထူးလိုအပ်တယ်လို့ သိရပါတယ်။
ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေနဲ့ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးရဲ့ ယာဉ်တိုက်မှု အခြေပြဇယားအရ အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၆၈၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၃၂ ယောက်၊ ဒဏ်ရာရရှိသူ ၂၃၇၁ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၆၉၂ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄၇၈ ယောက်နဲ့ သေဆုံးသူ ၈၉၂ ယောက် ရှိခဲ့တာကြောင့် အခုနှစ် ပထမခြောက်လနဲ့ နှိုင်းယှဉ်ပါက သေဆုံးသူ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ပိုမို မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW