ဦးမင်းဇင်ကို တရုတ်အစိုးရကဖမ်းဆီးတာဟာ တရားမျှတမှုမရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့လို

ဩဂုတ် ၂၃ – ၂၀၂၆
SS (VOM)
မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို လေ့လာသုတေသနပြုနေသူ၊ ISP – Myanmar တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်နိုင်ငံက ဖမ်းဆီး ထိန်းသိမ်းထားတာဟာ တရားမျှတမှု မရှိတာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုတယ်လို့ ယနေ့ခေတ်သတင်းဌာန အယ်ဒီတာချုပ် ဦးသက်ဇင်က ပြောပါတယ်။
ဦးမင်းဇင်ဟာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံရတာကြောင့် တရုတ်နိုင်ငံကို သွားရောက်ချိန် ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
“သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ စကားအရ ဆိုရင်လည်း သူတို့မှာ သံသယပဲရှိသေးတာ။ သူတို့အမှုကို တည်ဆောက်နေတယ်၊ သံသယပဲ ရှိသေးတာ။ ခုချိန်လည်း ဒါကို ဖော်ထုတ်လို့မရသေးဘူး။ ဒီဟာက ခိုင်လုံခြင်းလည်း မရှိ၊ တရားမျှတခြင်းလည်း မရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ပဲ လိုအပ်တယ်လို့ မိသားစုဝင်တယောက်အနေနဲ့ ပြောချင်ပါတယ်” လို့ ဦးသက်ဇင်က ပြောပါတယ်။
ဦးမင်းဇင်အနေနဲ့ တရုတ်ပြည်ကို အဝင်၊ အထွက် ပြုလုပ်ကာ တရုတ်နိုင်ငံက အချက်အလက်တွေကိုယူပြီး လုံခြုံရေး ထိခိုက်စေတယ်ဆိုတဲ့ အချက်ဟာလည်း တရုတ်နိုင်ငံရဲ့ သံသယဖြစ်မှုသာ ဖြစ်နိုင်ပြီး အခုလို ဖမ်းဆီး၊ စစ်ကြောပြီးမှ တရားစွဲဆိုမယ်ဆိုတဲ့ အဆင့်ဟာ အကြောင်းပြချက် လုံလောက်မှု မရှိဘူးလို့ သူက ပြောပါတယ်။
ပုံမှန်အားဖြင့် တရုတ်နိုင်ငံမှာ အခုလိုပွဲမျိုး ပြုလုပ်တယ်၊ နိုင်ငံခြားသား ပညာရှင်တွေကိုလည်း ဖိတ်ကြားတယ်ဆိုပါက အစိုးရ မသိအောင် လုပ်လို့မရဘဲ အနည်းဆုံးတော့ အစိုးရဆီမှာ တရားဝင် အသိအမှတ်ပြု၊ ခွင့်ပြုချက် ယူရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒါဆိုရင် မင်းဇင် လာမယ်ဆိုတာကို၊ မင်းဇင်ကို ဖိတ်ကြားထားတယ် ဆိုတာကို သူတို့သိတယ်။ သိတယ်ဆိုရင်၊ မင်းဇင်က သူတို့အပေါ်မှာ မကောင်းဘူးလို့ စဉ်းစားရင် သူ့ကို ပြည်ဝင်ခွင့် မပေးရဘူး။ ပြည်ဝင်ခွင့် မပေးဘူးဆိုရင် ဒီပြဿနာမတက်ဘူး။ ပြောရမယ်ဆိုရင် ဒါက ဖမ်းချင်လို့ သူ့ကို နိုင်ငံထဲရောက်အောင် ဖိတ်ကြားတယ်၊ ဖိတ်ကြားပြီးတော့မှ မတရားစွပ်စွဲပြီး ဖမ်းတာ။ ဖမ်းချင်လို့ဖမ်းတယ်ဆိုတာ ဘာကြောင့် အဓိပ္ပာယ်ပေါ်လွင်လဲဆိုရင် ဖိတ်ကြားတယ်၊ ဖိတ်ကြားတာကို မသိချင်ယောင်ဆောင်တယ်၊ ဖိတ်ပြီး လာတဲ့အချိန်မှာ လေဆိပ်မှာပဲဖြစ်ဖြစ်၊ လေဆိပ်ရဲ့ အထွက်မှာပဲဖြစ်ဖြစ်၊ အခမ်းအနားတောင် မတက်ရသေးဘဲ ဖမ်းတယ်။ ခုလို ဖမ်းတာကလည်း တကယ်တမ်း ပြောရလို့ရှိရင် မရိုးသားမှုဖြစ်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ဆေးရေးကာလ နှစ်လကျော် ကြာမြင့်သွားပြီဖြစ်ကာ တရုတ်အစိုးရ သံသယရှိတဲ့အတိုင်း အမှုကို တည်ဆောက်လို့လည်း မရသေးတာကြောင့် ဦးမင်းဇင်ကို ဖမ်းဆီးထားတာဟာ မှားယွင်း ဖမ်းဆီးမှုသာဖြစ်တယ်လို့ ယူဆတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ ဦးသက်ဇင်က ပြောပါတယ်။
ဒါအပြင် သတင်းအယ်ဒီတာဟောင်း တယောက်ကလည်း တရုတ်နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ ဦးမင်းဇင်ကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး အသေးစိတ် ထုတ်ပြောတာမျိုး မရှိတဲ့အတွက် ဘာကြောင့် ဖမ်းလဲဆိုတာကို လက်ရှိအချိန်မှာ တိတိပပ မပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေ ခန့်မှန်းချက်အရ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ သတင်းအချက်အလက်၊ အကြောင်းအရာတွေကို စောင့်ကြည့် သုတေသနလုပ်တာကို မကြိုက်တာလို့ နားလည်ရတယ်လို့ ပြောပါတယ်။
“ကိုမင်းဇင်က ကျွန်တော်တို့သိသလောက် နိုင်ငံရေး နယ်ပယ်က မဟုတ်ဘဲ သုတေသန၊ ပညာရှင် တယောက်သာဖြစ်တယ်။ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ ISP-Myanmar က မြန်မာနိုင်ငံအရေးနဲ့ ဆက်နွယ်နေတဲ့ တရုတ်နိုင်ငံရဲ့ ကဏ္ဍ လေ့လာသုတေသန လုပ်တဲ့ China Desk အစီအစဥ်ကို တရုတ်နိုင်ငံရဲ့ လုံခြုံရေး ခြိမ်းခြောက်တယ်လို့ အဓိပ္ပာယ်ဖွင့်ရင်တော့ ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒါက သုတေသန နယ်ပယ်ရော မြန်မာ သတင်းမီဒီယာ နယ်ပယ်ကိုပါ ခြိမ်းခြောက်တဲ့ အဓိပ္ပာယ်လို့ ဆိုရမှာပါ” လို့ သူက ‌ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဒီပုဒ်မနဲ့ ပတ်သက်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းက အမှုတည်ဆောက်တာ တနှစ်ကနေ နှစ်နှစ်အထိ အချိန်ယူလို့ရတယ် ဆိုတာကြောင့် တော်တော်လေး ပြင်းထန်တဲ့ ဥပဒေဖြစ်ပြီး နှစ်နှစ်အတွင်း အမှု မတည်ဆောက်နိုင်ခဲ့ဘဲ ပြန်လွှတ်တယ်ဆိုရင်တောင် အများကြီး နစ်နာမယ့် အနေအထားလို့ သူက ပြောပါတယ်။
“ဖိတ်ကြားတဲ့ အဖွဲ့အစည်းနဲ့ပတ်သက်လို့ သေချာ မသိတော့ တမင်အကွက်ချ ဖမ်းတာလား ဆိုတာတော့ အတိအကျ မပြောနိုင်တဲ့သဘော။ ဒါပေမယ့် စောင့်ကြည့်နေပြီး တရုတ်နိုင်ငံထဲ လာရောက်တဲ့အခါ ဖမ်းဆီးဖို့ စောင့်နေတာလို့တော့ ပြောနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
မြန်မာ့အရေး လေ့လာသူတဦးကို အခုလို ဖမ်းဆီးထားခြင်းဟာ လွတ်လပ်စွာ သုံးသပ်ဝေဖန်မှုတွေကို တရုတ်ဘက်က လက်မခံဘဲ တင်းကျပ်စွာ ကိုင်တွယ်လိုတဲ့ သဘောထားကို ပေါ်လွင်စေသလို တရုတ်နိုင်ငံရဲ့ တင်းမာတဲ့ နိုင်ငံတော်လုံခြုံရေးမူဝါဒနဲ့ မြန်မာ့အရေးအပေါ်၊ နိုင်ငံတကာ သုတေသီတွေအပေါ် ထားရှိတဲ့ တင်းကျပ်တဲ့ သဘောထားကို ဖော်ပြနေတယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
“မြန်မာ့အရေးနဲ့ ပတ်သက်ပြီး သုတေသီတဦး အကျဉ်းကျခံရခြင်းက တရုတ် – အမေရိကန် ဆက်ဆံရေးမှာ သံတမန်ရေးရာ ပွတ်တိုက်မှုအသစ်တခု ထပ်ပြီး ဖြစ်စေနိုင်တယ်။ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလားအလာတော့ မကောင်းဘူး။ နောက်တချက်က မြန်မာနိုင်ငံရဲ့ လက်ရှိ ပဋိပက္ခတွေနဲ့ပတ်သက်လို့ မဟာဗျူဟာမြောက် လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သုတေသန ပညာရှင်တွေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာစေတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရုတ်သမ္မတရဲ့ လာမယ့် စက်တင်ဘာလအတွင်း သွားရောက်မယ့် အိမ်ဖြူတော်ခရီးစဉ် မတိုင်ခင်မှာ တရုတ်ပြည်မှာ မြန်မာ့နိုင်ငံရေးသုတေသီ ဦးမင်းဇင် အပါအဝင် အမေရိကန်နိုင်ငံသားတချို့ မတရား ဖမ်းဆီးခံထားရတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့က ထုတ်ပြန် ပြောဆိုထားပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ (ဒါမှမဟုတ်) ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးဖို့ ဘေဂျင်းအစိုးရကို တိုက်တွန်းတယ်လို့လည်း ပြောထားပါတယ်။
ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “တရုတ်နိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး မတရားဖမ်းဆီးတယ်ဆိုတာမျိုး လုံးဝမရှိပါဘူး” လို့ ဩဂုတ် ၂၁ ရက်နေ့က ပြာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန် ပြောကြားခဲ့ပါတယ်။
ဒါအပြင် ISP-Myanmar ဘက်ကလည်း ၎င်းတို့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာပြုလုပ်မယ့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရလို့ သွားရောက်ချိန်မှာ တရုတ်အစိုးရ အာဏာပိုင်တွေရဲ့ မတရားဖမ်းဆီး (wrongfully detained) တာကို ခံခဲ့ရတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ISP-Myanmar အနေနဲ့ လက်ရှိ အမေရိကန်ရဲ့သတ်မှတ်ချက်ကို ကြိုဆိုပြီး ဦးမင်းဇင် လွတ်မြောက်ရေးဟာ ဦးစားပေးကိစ္စဖြစ်ကာ အခုလို ဖြစ်ပျက်ခဲ့တာအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ #FreeMinZin လှုပ်ရှားမှုအနေနဲ့ အပြင်းအထန် တောင်းဆိုထားတဲ့အပြင် လွတ်လပ်တဲ့သုတေသီတွေနဲ့ ပညာရှင်တွေဟာ ခြိမ်းခြောက်ခံရမှု၊ မတရားဖမ်းဆီးခံရမှုတွေကို စိုးရိမ်စရာမလိုဘဲ အလုပ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
Photo – Min Zin (FB)

Related posts

Leave a Comment

VOM News

FREE
VIEW