ပလက်ဝမြို့နယ်မှာ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရမှု MDF တပ်ဖွဲ့ဝင်အပါ ကိုးယောက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ ၂၀ ထက်မနည်းရှိ

ဩဂုတ် ၂၆ ၊ ၂၀၂၆
GG (VOM)
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် Maraland Defence Force – MDF တပ်ဖွဲ့ဝင်တွေအပါအဝင် ကိုးယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၂၅ ရက်နေ့ ည ၁၁ နာရီလောက်မှာအိန္ဒိယ – မြန်မာနယ်စပ်ဒေသရှိ Maraland Defence Force – MDF တပ်ဖွဲ့ရဲ့ တပ်စခန်းကို လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်လေးယောက်သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ပါတယ် ။
MDF တပ်ဖွဲ့က AA လက်အောက်ခံ တပ်ဖွဲ့ဖြစ်ပြီး MDF တပ်စခန်းသင်တန်းကျောင်းကို ဗုံးကြဲခံရတာဖြစ်ကြောင်း ၊ လက်ရှိမှာ ထိခိုက် ဒဏ်ရာရရှိသူတွေကို မီဇိုရမ်ပြည်နယ်ထဲက အိုင်ဇောလ်မြို့မှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
” လေကြောင်း ကြဲခံရပြီး MDF တပ်ဖွဲ့ဝင်လေးယောက်သေတယ်။ ဒဏ်ရာရသူတွေလည်း.များတယ် သိရတယ်။ အဲဒီဘက်က မရာလန်းလူမျိုးတွေ နေကြတာ။ အိန္ဒိယနယ်စပ်ပါ။ ရွှေလိုက်ဝရွာနားကလို့တော့သိရတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးသူတွေက MDF တပ်ဖွဲ့ဝင် အမျိုးသားလေးယောက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေထဲလည်း အမျိုးသားတွေများတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းကလည်း ပလက်ဝမြို့နယ်ထဲက စိမ်းစင်းဝကျေးရွာမှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး လူငါးယောက်သေဆုံးကာ ၁၇ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
ဩဂုတ် ၁၁ ရက် နဲ့ ၁၂ ရက်ကလည်း ပလက်ဝမြို့နနယ်နဲ့ ဆမီးမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေရှိခဲ့ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး MDF အဖွဲ့နဲ့ AA ဘက်ကတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို အစိုးရဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပလက်ဝမြို့နယ်ကိုတော့ AA က ၂၀၂၄ ခုနှစ် ၊ နှစ်စပိုင်းလောက်ကတည်းက ခုချိန်ထိ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW