YMBA အသင်းရုံးထဲက အကြမ်းဖက်မှု သံသယရှိသူတွေကို ဖမ်းမိထား

ဩဂုတ် ၂၆ – ၂၀၂၆
SN (VOM)
ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးရှိ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရဲ့ ဗဟိုရုံးခန်းအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို ဖမ်းဆီးရမိထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံတော်အဆင့် သတင်း ထုတ်ပြန်သွားမယ်လို့ YMBA အတွင်း​ရေးမှူး ဦးမောင်မောင်ညွန့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ​ရေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က YMBA ရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်နဲ့ တိုင်းအတွင်းရေးမှူးတွေ ရှိနေချိန် အမည်မသိ အမျိုးသား လေးယောက်က ဦးမောင်မောင်ညွန့်ကို ဝင်ရောက်တိုက်ခိုက် ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။
ရိုက်နှက်ခံရမှုကြောင့် ဦးမောင်မောင်ညွန့်ဟာ ညာဘက်မျက်လုံး ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ အပေါ်သွားနဲ့ ခါးမှာ နာကျင်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပြီး အဲဒီနောက် ကျူးလွန်သူတွေဟာ ဦးမောင်မောင်ညွန့်ရဲ့ကားနဲ့ ထွက်ပြေးဖို့ ကနဦး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ခြေလျင်ထွက်ပြေးသွားကြကာ ဦးမောင်မောင်ညွန့်ရဲ့ လက်ကိုင်ဖုန်းကိုလည်း ယူဆောင်သွားကြတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဦးမောင်မောင်ညွန့်က “အဖွဲ့စုံနဲ့ နှစ်ရက် ပိုက်စိပ်တိုက်လိုက်တာ တရားခံတွေ မိပါပြီ။ ဒဂုံမြို့မရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါပြီ။ နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်ဖို့ရှိပါတယ်။ အဲဒါပြီးရင် အားလုံးကိုပြောပါ့မယ်။ ယုံကြည်စိတ်ပူပေးတဲ့ မိတ်ဆွေအားလုံး အထူးကျေးဇူးတင်ပါတယ်။ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ ဖုန်းကတော့ ပြန်မရသေးပါ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါအပြင် အခင်းမဖြစ်ပွားမီ တရက်ကလည်း YMBA အသင်းရုံးအတွင်းရှိ CCTV ကွန်ပျူတာ Hard Disk အခိုးခံခဲ့ရကြောင်းနဲ့ ပူးပေါင်း ကြံစည်သူတွေထဲမှာ ရန်ကင်းမြို့နယ်က လူတချို့လည်း ပါဝင်နေတယ်လို့ ဦးမောင်မောင်ညွန့်က မှတ်ချက်မှာ ရေးသားထားပါတယ်။
အခင်းဖြစ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့နဲ့ ဦးမောင်မောင်ညွန့်တို့ ပူးပေါင်း ရှာဖွေခဲ့ရာမှာ သုံးရက်အကြာ ဩဂုတ် ၂၃ ရက်က သံသယရှိသူ လေးယောက်လုံးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ဒဂုံမြို့မရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေပြီး ဘယ်လိုပုဒ်မမျိုးတွေနဲ့ အမှုဖွင့် အရေးယူမယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
“ပြစ်မှုကျူးလွန်သူတွေကို CCTV မှတ်တမ်းကတဆင့် ခြေရာခံနိုင်ခဲ့တာလို့ သိရတယ်။ လောလောဆယ်တော့ ရန်ငြိုးကြောင့် လုပ်တာလို့ ထွက်ဆိုထားတယ်ကြားတယ်။ ဂဃနဏတော့ မသိရသေးဘူး” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ရိုက်နှက်ခံရသူ YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်ဟာ ၂၀၂၁ ခုနှစ် မတိုင်ခင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာ ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ လုပ်ခဲ့ကာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို ကိုယ်စားပြုပြီး ရန်ကင်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW