ပိတ်ခံခဲ့ရတဲ့ သီပေါမြို့နယ်က ကျောင်း ၁၇ ကျောင်းကို ဒီနေ့ပြန်ဖွင့်

ဩဂုတ် ၂၉ ၊ ၂၀၂၆
CC (VOM)
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ လုံခြုံရေးအရဆိုပြီး ပိတ်ခံခဲ့ရတဲ့ စာသင်ကျောင်း ၁၇ ကျောင်းကို ဒီနေ့ ဩဂုတ် ၂၉ ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ် ။
အဲဒီစာသင်ကျောင်းတွေကို ဩဂုတ် ၃ ရက်နေ့ကစပိတ်ခဲ့ပြီးနောက် ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့ အပါအဝင်အားလုံး ဆွေးနွေးညှိနိူင်းမှုတွေပြုလုပ်ခဲ့ပြီး ရက်ပေါင်း ၂၇ ရက်အကြာမှာ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
” အဆင်ပြေတယ် ။ကျွန်တော်တို့ ( ကျောင်းတွေ) ဒီနေ့သွားဖွင့်တယ်။ ရှမ်းပြည်နယ် အစိုးရရော ၊ပြည်ထောင်စုအဆင့်ကရော ခွင့်ပြုလိုက်တာပါ။ ” လို့ သီပေါမြို့နယ် ရှမ်းနှင့် တိုင်းရင်းသားများပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောပါတယ်။
စာသင်ကျောင်းတွေထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ် ထားတဲ့ ဆောင်ကြဲရွာက အထက်တန်း နှစ်ကျောင်း၊ နောင်အန်ရွာ အလယ် တန်းကျောင်းခွဲ တကျောင်း၊ ပန်ခန်း၊ မခေါ်၊ နားတောင့်၊ ပန်စောက်မိန်း၊ နောင်တုံ၊ ပန်မိတ်ကျေးရွာတွေက မူလွန်နဲ့ မူလတန်းကျောင်း ၁၄ ကျောင်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် လက်ရှိ သီပေါမြို့နယ်ထဲမှာ အခြေခံ ပညာစာသင်ကျောင်း ၁၁၅ ကျောင်းအထိ ဖွင့်လှစ်ထားနိုင်ပြီဖြစ်တယ် သိရပါတယ်။
အဲဒီ ကျေးရွာတွေဟာ သီပေါမြို့ပေါ်နဲ့ အနည်းဆုံး ၁၀ မိုင်ကျော် ကွာဝေးပြီး စာသင်ကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသား၊ ကျောင်းသူ တထောင်ကျော်၊ ဆရာ၊ ဆရာမ အယောက် ၃၀ ကျော် တာဝန်ထမ်း ဆောင်နေတယ်လို့ သိရပါတယ်။
၁၂၀၇ တိုက်ပွဲအတွင်း TNLA သိမ်းခဲ့တဲ့ သီပေါမြို့ကို အစိုးရတပ်က ပြီးခဲ့တဲ့နှစ် မှာ ပြန်သိမ်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအချို့ကို အစိုးရတပ်က ထိန်း ချုပ် နိုင်ခဲ့ပေမယ့် လားရှိုး-သီပေါလမ်းပိုင်းနဲ့ သီပေါ-နမ့်လန်လမ်းပိုင်းက ကျေး ရွာတွေကိုတော့ MNDAA ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလတုန်းကလည်း သီပေါမြို့နယ်အတွင်းက MNDAA ထိန်းချုပ်ခဲ့တဲ့ ကျေးရွာအချို့မှာ ရွေးကောက်ပွဲ ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ သီပေါမြို့က စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ မြို့ဖြစ်ပါတယ်။
ဓာတ်ပုံ / CJ ( ကျောင်းတွေပြန်ဖွင့်ပုံ)

Related posts

Leave a Comment

VOM News

FREE
VIEW