စက်တင်ဘာ ၄ ၊ ၂၀၂၆
CC (VOM)
ကားတင်သွင်းခွင့်ကျပြီးသား ပါမစ်အားလုံးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ Foreign Exchange Supervisory Committee ( FESC )က ပိတ်လိုက်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘက်က တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
FESC ဟာ ကားတင်သွင်းခွင့်ချပေးတဲ့ ကော်မတီမဟုတ်ဘဲ ပြည်ပကနေတင်သွင်းခွင့်ရတဲ့ ကားအပါအဝင် ကုန်စည်တွေအတွက် နိုင်ငံခြားငွေ စိစစ်ထုတ်ရောင်းချပေးတဲ့ အဖွဲ့သာဖြစ်တယ်လို့ ဆိုပါတယ်။
” နိုင်ငံခြားငွေကြီးကြပ်ရေး ကော်မတီက ပိတ်လိုက်တယ်ဆိုတာ တရားဝင်စာတွေ့တာလည်းမရှိ တရားဝင်ကြေငြာတာ မတွေ့ရတော့ ရေးတဲ့သူက စျေးတက်ချင်သူက တက်ချင်သလို ကျချင်သူက ကျချင်သလို ရေးကြတယ်လို့မြင်တယ်။ ကော်မတီက တင်သွင်းခွင့်ပေးတဲ့ဌာနမဟုတ်ဘူး။ တင်သွင်းခွင့်ပေးတာက စီးပွားကူးသန်းကပေးတာ။ တင်သွင်းခွင့်ပေးထားတဲ့ အမယ်တွေအတွက် နိုင်ငံခြားငွေရောင်းပေးဖို့ကိုပဲ ကော်မတီက စိစစ်ပြီး ခွင့်ပြုတာ ။ တင်သွင်းခွင့်ပြုတယ် မပြုတဲ့အဖွဲ့မဟုတ်ဘူး။အဲဒီတော့ လိုင်းပေါ်ရေးနေတာ ပေါပေါလောလောလို့ပဲထင်တယ်။ ကိုယ်လိုရာကိုယ်ဆွဲရေးနေကြတာလို့ ပြောချင်တယ်။ ကားစျေးတက်ချင်သူက လည်းတက်ဖို့ရေးတယ်။ ကားစျေးကျချင်သူကလည်း အရည်ကြိုတွေက စက္ကူဖြစ်သွားပြီ ။ဘာမှသုံးလို့မရတော့ဘူးရေးတယ်။ အရည်ကြိုစနစ်နဲ့တင်သွင်းတာတွေကို ဒီအပတ်ထဲမှာမပါသေးတာတွေက ကားစျေးတက်တာကိုတော့ တိုက်ရိုက်အချိုးမကျဘူး။ ” လို့ မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်း MAMDA ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ် ။
ဒါပေမယ့် အပတ်စဥ် နိုင်ငံခြားငွေ ခွင့်ပြုပေးတဲ့နေရာမှာတော့ အရေးကြီးကုန်စည်ရှိလာပါက အဲဒီအခြေအနေပေါ်လိုက်ပြီး သိပ်မလိုအပ်တဲ့ ကိစ္စတွေကို ကော်မတီက ယာယီဖြုတ်ချတတ်တယ်လို့ သိရပါတယ်။
” ကော်မတီကတော့ သူ့အပတ်စဥ်တွေမှာ အရင်ထဲကလည်း အရေးကြီးကုန်စည်ပါလာရင် ကားတို့ဘာတို့ဖြုတ်ချလိုက်တယ်။တခါတလေကျ ဓာတ်မြေဩဇာကို ဖြုတ်တယ်။
ဆေးဝါးအရေးကြီးတဲ့အချိန်ဆို ဆေးဝါးကိုသွင်းပြီး ကျန်တဲ့ဟာကို ဖြုတ်တယ်။ အလှည့်ကျသွားနေတာဆိုတော့ ကားအတွက်မလိုအပ်သေးတဲ့အရာဖြစ်လို့ ဒီတပတ်စဥ်မှာမထည့်တာကိုပဲ နောက်တပတ်စဥ်မှာထည့်ဖို့ မထည့်တာကိုပဲကော်မတီက တင်သွင်းခွင့်ပိတ်လိုက်တယ်ဆိုပြီး ပြောတယ်လို့ယူဆတယ်။” လို့ သူက တဆက်တည်း ပြောပါတယ်။
အစိုးရဘက်က တရားဝင်စာမထုတ်ပေမယ့်လည်း ထွက်ပေါ်နေတဲ့ ကောလဟာလတွေကြောင့် ကားစျေးကွက်က ကြိုက်ရောင်းကြိုက်ဝယ် စျေးတန်း အမျိုးမျိုး ဖြစ်နေတယ်လို့ သိရပါတယ်။
အရည်ကြိုကားအပ်ပြီး စလစ်ရရှိထားသူတွေကလည်း.စိုးရိမ်နေကြသလို ကားစျေးကွက် အတက်ကြမ်းမှာကိုလည်း စိုးရိမ်နေကြပါတယ်။
” အစိုးရက တရားဝင်ကြေငြာတာမဟုတ်ဘူး။အခုကလိုင်းပေါ်မှာပဲ ဖွတဲ့သူကဖွ ရေးတဲ့သူကရေးတာဖြစ်မယ်။ ကားစျေးကွက်အတက်အကျကတော့ အခုရေးလိုက်တဲ့ ကောလဟာလကြောင့် အမျိုးမျိုးဖြစ်နေတာပေါ့။ စျေးကွက်လှုပ်နေတာပေါ့။ တရားဝင်တဲ့ကိစ္စမဟုတ်လို့ ကျွန်တော်တို့ကတော့ ပြောလို့မရဘူး။သတင်းတိကျသိတယ်ဆိုရင် ပြောလို့ရတယ်။
နောက်ဖြစ်လာမယ့် အခြေအနေလည်းပြောလို့ရတာပေါ့။ ဆိုရှယ်မီဒီယာမှာတော့ရေးကြ ပြောနေကြတာပေါ့။ ” မော်တော်ကားရောင်းဝယ်ရေး(ရန်ကုန်)လူမှုရေးအသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်သန်းဝင်းက သုံးသပ်ပြောပါတယ်။
လက်ရှိမှာကားစျေးကွက်က အခုဖြစ်နေတဲ့ ကောလဟာလကြောင့်မဟုတ်ဘဲ အရင်လတွေကတည်းက တဖြည်းဖြည်းနဲ့စျေးတက်လာခဲ့ပြီး အင်ဂျင်ပါဝါသေးတဲ့ မော်ဒယ်မြင့်တွေက အတက်ဘက်ဦးတည်သလို SKD ကားတွေကလည်း အတက်ဘက်ဦးတည်နေပြီး ပါဝါကြီး မော်ဒယ်နိမ့်ကားတွေသာ အကျဘက်ကိုဦးတည်နေတယ်လို့ သိရပါတယ်။
သိန်း တထောင် အောက်စျေးတန်းဆိုပါက ကားကောင်း ရှားပြီး ဟိုက်ဂျက်တစီးကိုပင် သိန်းတထောင်ကျော်အထိ စျေးရှိကြောင်း ၊ သိန်း တထောင်အောက်ကားတွေ အရောင်းအဝယ်အေးနေပါတယ်။
ဓာတ်ပုံ – CJ
