ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေကစာသင်ကျောင်းတွေမှာ တရုတ်မုန့် တချို့ ရောင်းခွင့် တားမြစ်

စက်တင်ဘာ ၄၊ ၂၀၂၆
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေက စာသင်ကျောင်းတွေမှာ တရုတ်မုန့် တချို့ ရောင်းခွင့် တားမြစ်ထားကြောင်း ဒေသခံတွေရဲ့ ပြောပြချက်နဲ့ MNDAA ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။
“ကျောင်းဈေးတွေမှာ တရုတ်မုန့် တချို့ မရောင်းခိုင်းတော့တာ ဟုတ်တယ်။ MNDAA ထိန်းချုပ်နယ်မြေက ကျောင်းတွေ အားလုံးလို့ ပြောတယ်” လို့ သိန္နီမှာ ကျောင်းဈေးကို မုန့်ပို့ နေတဲ့ ဈေးသည် တယောက်က ပြောပါတယ်။
တားမြစ်မုန့်တွေကို ရောင်းချရင် ဘယ်နေ့ကစ အရေးယူမယ်၊ ဆိုင်တွေကို စစ်ဆေးမယ်ဆိုတာတော့ မသိဘူးလို့ သူက ပြောပါတယ်။
“ကလေးတွေကို တရုတ်မုန့် မစားစေချင်ဘူး။ ကလေးတွေကလည်း ကျောင်းမှာ ရောင်းနေတော့ ဝယ်စားကြတာ။ မစားစေချင်တဲ့ အစပ်ပြားတို့ ဘာတို့ပဲ ပို ဝယ်စားနေကြတာ” လို့ ကလေးမိခင် တယောက်က ပြောပါတယ်။
ကျောင်းမုန့်ဈေးတန်းတွေမှာ အန္တရာယ်ရှိတဲ့ မုန့် ၁၀ မျိုး ရောင်းချတာကို တားမြစ်ကြောင်း စက်တင်ဘာလ ၁ ရက် နေ့ရက်စွဲနဲ့ MNDAA လက်အောက်ခံ ပညာရေးဌာန နဲ့ ကျန်းမာရေးဌာန က အသိပေးစာ ပူးပေါင်း ထုတ်ပြန်ထားပါတယ်။
အဲဒီ မုန့် ၁ဝ မျိုးထဲမှာ အသည်းနဲ့ ကျောက်ကပ်ကို ဝန်ပိစေပြီး ကင်ဆာဖြစ်စေ နိုင်တဲ့ ဓာတု အချိုတု၊ အာရုံကြောထိခိုက်စေတဲ့ တာရှည်ခံဆေး၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ ဆိုးဆေးနီ၊ အရိုးအဆစ် ဖွံ့ဖြိုးမှုကို ထိခိုက် စေတဲ့ ဖော့စဖိတ် ဒြပ်ပေါင်းတွေနဲ့ နေ့တိုင်းစားသုံးသင့်တဲ့ ပမာဏထက် ပိုလွန်နေတဲ့ ဆားဓာတ်တွေ ပါဝင် နေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ကလေးတွေရဲ့ အနာဂတ်ကျန်းမာရေးကို ကာကွယ်ဖို့ ပုံနဲ့တကွ ဖော်ပြထားတဲ့ မုန့် ၁၀ မျိုးအပါအဝင် FDA ထောက်ခံချက်မရှိတဲ၊ သက်တမ်းလွန် နေတဲ့ မည်သည့် အစားအသောက် ကိုမဆို ကျောင်းဝင်းအတွင်းရှိ မုန့်ဈေးတန်းတွေမှာ လုံးဝရောင်းချခွင့်မပြုကြောင်း ဖော်ပြထားပါတယ်။
အသိပေးစာ ထုတ်ပြန်တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး တလကို သတိပေးကာလ အဖြစ် သတ်မှတ်ကာ တလ အတွင်း ဈေးသည်တွေအနေနဲ့ လက်ကျန်မုန့်တွေကို အမြန်ဆုံး ရှင်းလင်းကြဖို့၊ နောက်ထပ် အသစ် ထပ်မံမှာယူ တင်သွင်းတာတွေ လုံးဝ မလုပ်ဖို့လည်း အသိပေးဖော်ပြထားပါတယ်။
သတိပေးကလ ကုန်ဆုံး ပြီးနောက်ပိုင်း MNDAA ရဲ့ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာန ပူးပေါင်းအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေး သွားမှာဖြစ်ပြီး တားမြစ် မုန့်တွေကို ဆက်ရောင်းသူတွေကို ပြင်းထန်ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
Photo Crd# The Kokang

Related posts

Leave a Comment

VOM News

FREE
VIEW