စက်တင်ဘာ ၅ ၊ ၂၀၂၆
GG (VOM)
တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် ထုတ်ယူဖို့အတွက် အွန်လိုင်းကနေအချက်အလက်ဖြည့် ဖောင်တင်ပြီး ရက်ချိန်းယူရာမှာ ဝက်ဆိုက်ဘ်က Error တက်နေတာကြောင့် အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။
အောင်လက်မှတ်ထုတ်ယူဖို့ လိုအပ်တဲ့အချက်အလက်တွေနဲ့တကွ ဖြည့်ပြီး ရက်ချိန်းယူတဲ့အခါ အွန်လိုင်းကနေငွေပေးချေလို့မရတာ ၊ ငွေပေးချရပါက QR ကုတ်မရတာ ၊ ငွေမပေးချေရသေးပဲ အောင်မြင်ကြောင်းပြတာ ၊ ငွေကိုနှစ်ကြိမ်ဖြတ်သွားတာ ၊ QR ကုတ်ကျတော့လည်း Date နဲ့ နာမည်မပါတာ စတဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတာပါ။
” kpay ထဲကနေ ပိုက်ဆံလည်းဖြတ်တယ် ။ နေပြည်တော်လျှောက်တာကိုလည်း ရန်ကုန်ရုံး ခွဲဆိုပြီး ပေါ်တယ်။ booking number ကျလာတဲ့အချိန်မှာလည်း လျှောက်ထားသူနာမည်တို့ ရက်ချိန်းတွေလည်းမပါဘူးဗျ။ booking number ကို ပြန်စစ်တဲ့နေရာမှာ ထည့်ကြည့်တော့လည်း အချက်အလက်မတွေ့ရှိပါပဲပြတယ် ။ ပိုက်ဆံကတော့ဖြတ်သွားတယ်။ ငွေဖြတ်သွားတဲ့အထောက်အထားတွေလည်း အကုန် recording ရှိပါတယ် ။ နောက်တကြိမ်လျှောက်တော့လည်း လျှောက်ထားပြီး ဖြစ်တယ်ပဲပေါ်နေတယ်။ ” လို့ အောင်လက်မှတ်လျှောက်ထားသူ တယောက်က ပြောပါတယ် ။
ဒါအပြင် အောင်လက်မှတ်ထုတ်ဖို့အတွက် ရက်ချိန်းကလည်း ရှေ့လ အောက်တိုဘာ ၅ ရက်နေ့အထိ ရက်ချိန်းတွေ ပြည့်နေကြောင်း ၊ တချို့မှာ ဝက်ဆိုက်ဘ်ကို ဝင်ရောက်ဖို့ခက်တာတွေလည်း ရှိတယ်လို့ သိရပါတယ် ။
” ရက်ချိန်းက အခုယူလို့မရပြန်ဘူး ။ ရပ်လိုက်တာလားလည်း မသိဘူး။ တချို့ပြောတာ နောက်လအထိ ရက်ချိန်းပြည့်နေပြီပြောတယ်။ ဘာလုပ်ရမယ်မသိဘူး။ စာတိုက်ကနေ ပို့တာရွေးတော့လည်း Error တက်နေတယ်။ ဝက်ဆိုက်ဘ်က Error မတက်မှပဲ အကုန်အဆင်ပြေမှာ ။ဝက်ဆိုက်ဘ်ကလည်း VPN နဲ့ကျဝင်မရ၊ ဖြုတ်ပြီးဝင်တော့လည်း ဝင်ရပြီး ဘာမှမပေါ်ဘူး ရပ်နေတယ်။ခုထိကို ရက်ချိန်းမရသေးဘူး။ ” လို့ အောင်လက်မှတ်ထုတ်ယူဖို့ ရက်ချိန်းယူနေသူက ပြောပါတယ်။
အောင်လက်မှတ်နဲ့အမှတ်စာရင်းထုတ်ယူဖို့အတွက် ရက်ချိန်းယူနိုင်တဲ့ ဝက်ဆိုက်ဘ်ကို အဆင့်မြှင့်တင်ပြီး မနေ့က စက်တင်ဘာ ၄ ရက်ကမှ ပြန်လည်ဖွင့်ပေးတာဖြစ်ပြီး ဝက်ဆိုက်ဘ်က သုံးစွဲရအဆင်မပြေဘဲ Error တက်နေတာလို့ သိရပါတယ်။
အောင်လက်မှတ်ထုတ်ယူဖို့ အချက်အလက်တင်သွင်းရာမှာ မှတ်ပုံတင်နဲ့ ဓာတ်ပုံကို သတ်မှတ်ချက်နဲ့အညီ တင်သွင်းရန်လိုကြောင်း ၊ တကယ်လို့ သတ်မှတ်ချက် မကိုက်ညီတဲ့ အရည်အသွေး မကောင်းတဲ့ အောင်လက်မှတ်မှာ ကပ်ဖို့ မသင့်လျော်သော ဓာတ်ပုံတွေ ကို ယာယီငြင်းပယ် (Reject) မယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ပြောထားပါတယ်။
အောင်လက်မှတ်ကို ထုတ်ပေးရာမှာ ရန်ကုန်ရုံး ၊ နေပြည်တော်ရုံးချုပ်မှာ လူကိုယ်တိုင် ထုတ်ယူနိုင်သလို စာတိုက်ကနေ ပို့ဆောင်ပေးတဲ့စနစ်ကိုလည်း.ပြုလုပ်ထားကြောင်း လက်ရှိမှာ စာတိုက်ကထုတ်ဖို့ လျှောက်ထားသူတွေထဲက အောင်လက်မှတ်လျှောက်လွှာ ၆၁ စောင်ကို ငြင်းပယ်ထားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ အရည်အသွေး မကောင်းခြင်း၊ သတ်မှတ် ဓာတ်ပုံဆိုဒ် မကိုက်ညီခြင်း၊ အောင်လက်မှတ်အတွက် မဟုတ်ဘဲ မသက်ဆိုင်တဲ့ ပုံတွေ တင်သွင်းထားခြင်း၊ သင့်လျော်တဲ့ ဝတ်စားဆင်ယင်မှု မဟုတ်ခြင်း၊ ဓာတ်ပုံမှာ အရိပ်ကျနေခြင်း၊ မူလရုပ် ပျောက်ကွယ်တဲ့အထိ အလွန်အမင်း ပြုပြင်ထားခြင်း (Filter / Edit)၊ အောင်လက်မှတ်မှာ ကပ်ရန် ဓာတ်ပုံ မပါဝင်ခြင်း၊ မျက်နှာနှင့် နားရွက် ရှင်းလင်းစွာ မပေါ်လွင်ခြင်းတွေကြောင့် အောင်လက်ထုတ်ဖို့ ငြင်းပယ်ခံရတာ ဖြစ်ပါတယ်။
အောင်လက်မှတ်ထုတ်ယူဖို့ အွန်လိုင်းစနစ်နဲ့ ငွေပေးချေရာမှာ.သတ်မှတ်ထားတဲ့အချိန်ကျော်လွန်ပြီးမှ ငွေပေးချေမှုကြောင့် QR နံပါတ်မရရှိခြင်း ၊ အချက်အလက် မပါဝင်သော လုပ်ငန်းစဉ် နံပါတ် ရရှိသူတွေအနေနဲ့ ဝက်ဆိုက်ဘ်မှာပဲ Contact Form မှာ လိုအပ်တဲ့ အချက်အလက်နဲ့ ငွေပေးသွင်းထားတဲ့ အထောက်အထား ပြည့်စုံစွာ ဖြည့်စွက်ပေးပို့ရမည်ဖြစ်ပြီး၊ ဖြစ်စဉ်ကို အတည်ပြု စစ်ဆေးပြီးပါက လိုအပ်သလို ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် ငွေပေးချေမှုမှာ ငွေပိုဖြတ်သွားတာမျိုးအတွက်လည်း ဘဏ်စနစ်နဲ့တိုက်ဆိုင်စစ်ဆေးပြီး ငွေပြန်အမ်းပေးမယ်လို့ ဆိုပါတယ်။
အောင်လက်မှတ်ထုတ်ယူဖို့ အွန်လိုင်းကနေ ငွေပေးချေတဲ့စနစ်ကို အသုံးပြုထားပြီး ငွေပေးချေတဲ့အခါမှာ အဆင်ပြေတဲ့အတွက် အောင်လက်မှတ်ထုတ်မှသာ ငွေကြေးကောက်ခံဖို့ ပြောဆိုမှုတွေရှိနေပါတယ်။
အဲဒီအပေါ် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက “
” အမှတ်စာရင်းမှာ အလကားတင်ခွင့်ပေးတော့ တကယ်မလာဘဲ အလကားနေရင်း နှောက်ယှက်ပြီး တင်သူတွေများတယ်။ တကယ်လိုသူတွေအတွက် အခက်အခဲဖြစ်စေလို့ပါ။အောင်လက်မှတ်က အမှတ်စာရင်းနဲ့မတူဘူး။ အချိန်ပိုယူရပါတယ်။ ဒါကြောင့် ငွေကောက်ထားပြီး အောင်လက်မှတ်အတွက် အချက်အလက်တွေ ကြိုတင်စစ်ဆေး ဆောင်ရွက်ထားပြီး ရုံးရောက်တာနဲ့ ဓါတ်ပုံကပ် ပြန်ထုတ်ပေးရုံပဲရှိတာမို့လို့အရင်ထက် ပိုပြီး မြန်မြန်ဆန်ဆန်ပေးနိုင်ပါမယ်။ မဟုတ်ရင် နောက်တရက်ကို ပြန်ချိန်းရပါတယ်။ ” လို့ လူမှုကွန်ယက်မှာ ပြန်ဖြေထားပါတယ်။
တက္ကသိုလ်ဝင်ခွင့်တွေလျှောက်တဲ့အခါ အမှတ်စာရင်း နဲ့ အောင်လက်မှတ်မူရင်းကို တင်ပြရတဲ့အတွက် တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်ဖို့သတ်မှတ်ထားချိန်အမီ အောင်လက်မှတ်ထုတ်မရမှာကို စိုးရိမ်နေကြပါတယ်။
အောင်လက်မှတ်ထုတ်တဲ့ ဝန်ဆောင်မှုပေးသူတွေကတော့ လက်မှတ်ခအဖြစ် ၂၅၀၀၀ ကျပ် နဲ့ပြုလုပ်ပေးနေပြီး အချိန်စောင့်ရမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကဝက်ဆိုက်ဘ်မှာဝင်ပြီး ကိုယ်တိုင်ဖောင်ဖြည့်ပြီး ကိုယ်တိုင် ရန်ကုန်ရုံးခွဲ နဲ့ နေပြည်တော်မှာ ထုတ်ယူမယ်ဆိုပါက လက်မှတ်ထုတ်ခ ၃၃၀၀ ကျပ်သာကျသင့်ပြီး စာတိုက်ကနေ ပို့ဆောင်ပေးရမယ်ဆိုပါက ၉၇၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
