ပိတ်ထားတာ တနှစ်ကြာပြီဖြစ်တဲ့ ပြည် – ပုဂံရထားလမ်းပိုင်းကနေ ပုဂံရထားပြန်ပြေးဆွဲမယ်၊ ပုဂံရထားစီးနင်းမှုနူန်းသိသိသာသာ လျော့ကျ

စက်တင်ဘာ ၅ ၊ ၂၀၂၆
GG (VOM)
ရထားပြေးဆွဲမှုပိတ်ထားတာ တနှစ်နီးပါးကြာပြီဖြစ်တဲ့ ရန်ကုန် – ပြည် – ပုဂံရထားလမ်းပိုင်းကနေ ပုဂံရထားခရီးစဥ်ကို စက်တင်ဘာ ၂၂ ရက်မှာ ပြန်လည်စတင်ပြေးဆွဲဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
ရန်ကုန် – ပြည် – ပုဂံ ရထားလမ်းပိုင်းမှာရှိတဲ့တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးဘူတာအနီးက ရထားသံလမ်းတံတားရဲ့ အလယ်ကွန်ကရစ်တိုင်တခု ရေတိုက်စားမှုကြောင့် နိမ့်ကျွန်ကျခဲ့မှုကို ပြုပြင် ပြင်ဆင်ပြီးနီးပါး ဖြစ်တာကြောင့် ပုဂံရထားကို ရန်ကုန် – ပြည် – ပုဂံ ရထားလမ်းပိုင်းကနေ ပြန်လည်ပြေးဆွဲမှာ ဖြစ်ပါတယ်။
ဒါကြောင့် ခုလကုန်ကစပြီး ရန်ကုန် – ပုဂံရထားခရီးစဥ်ကို ပျဥ်းမနားဘက်က မပြေးဆွဲတော့ဘဲ အရင်ကအတိုင်း အောင်လံ ၊ ပြည် ( ရွှေတံခါး ဘူတာ) အပါအဝင် ပဲခူးတိုင်းအနောက်ခြမ်းက ဘူတာတွေကိုဖြတ်ပြီး မောင်းနှင်မှာဖြစ်တယ်လို့သိရပါတယ်။
” ၂၂ ရက်နေ့အင်္ဂါကို ပုဂံကနေစထွက်ဖို့ လျာထားတယ်။ တံတားပြင်တာကလည်း ပြီးတော့မယ်။ ၁၈ ရက်လောက်ဆိုရင်တော့ အတိကျသိရပါပြီ။လက်မှတ်ကသုံးရက်ကြိုရောင်းရတာဆိုတော့လေ။ တံတားပြင်ဖို့က ရေအခြေအနေစောင့်ကြည့်ရတာ ရေကျစောင့်ရတာကို အချိန်လေးလလောက်ကြာတယ်။ ” လို့ ပုဂံဘူတာရုံပိုင်ကြီးက ပြောပါတယ် ။
ရန်ကုန် – ပြည် -ပုဂံရထားလမ်းပိုင်းကနေ ပုဂံရထားပြေးဆွဲမှုကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်ကစပြီး ရပ်နားခဲ့ကာ အောက်တိုဘာ ၂၁ ရက်မှာတော့ ရထားလမ်းကြောင်းပြောင်းလဲပြီး ရန်ကုန် -ပျဥ်းမနား – ပုဂံ ခရီးစဥ်အဖြစ် ခုချိန်ထိပြေးဆွဲခဲ့တာဖြစ် ပါတယ်။
လက်ရှိမှာ မိုးတွင်းကာလဖြစ်သလို နယ်မြေအခြေအနေ တည်ငြိမ်မှုမရှိတာကြောင့် ပုဂံကို ခရီးသွားဧည့်သည် ဝင်ရောက်မှုလျော့ကျပြီး လူ ၆၀ ဆံ့ရထားတွဲဆိုင်းတခုပင် ဖြုတ်ထားရတယ်လို့ သိရပါတယ်။
ရန်ကုန် – ပုဂံ ရထားခရီးစဥ်ကို ပုံမှန် တပတ်မှာတကြိမ်သာ ပြေးဆွဲပြီး လက်ရှိမှာ ခရီးသည်စီးနင်းမှုက လူ ၁၀၀ ပင် မပြည့်တဲ့ အခြေအနေဖြစ်ပါတယ်။
” ဒေသန္တရအခြေကတကြောင်း ၊ရာသီဥတုက မိုးတွင်းဖြစ်တော့ လျော့တယ်။ ဒေသန္တရအခြေအနေလေးကြားလိုက်ရင် ခရီးသည်ကလျော့ကျသွားပြန်တယ်။အခြေအနေလေးငြိမ်သွားရင် ပြန်ဝင်လာကြပြန်ရော ။အခုက ရိုးရိုးတန်းလေးတွဲကို တတွဲလျှော့ထားရတယ်။လူ၆၀ဆံ့ပေါ့။ ပုံမှန်ဆို အိပ်စင်တတွဲ ၊အထက်တန်းသုံးတွဲ ၊ ရိုးရိုးတန်း လေးတွဲဆွဲတာ အားလုံး ရှစ်တွဲဆွဲတာပေါ့။ အခုက ကုန်တွဲနဲ့မှ ရှစ်တွဲပဲ။ ခရီးသည်က အခုဆိုရင် ပုဂံကနေစထွက်ရင် တရာကို မပြည့်သေးဘူး။ စက်တင်ဘာ ၁ ရက်နေ့ကဆိုရင် ပုဂံကထွက်တာ ခရီးသည်က ၂၀ လောက်ပဲရှိတယ်။ ” လို့ သူကထပ်ပြောပါတယ်။
ပုံမှန်ဆိုရင် ရန်ကုန် – ပုဂံရထားခရီးစဥ်ကို ရထားစီးနင်းသူ ရာနဲ့ချီရှိကြီး ပုပ္ပါးအဘထွက်ပွဲ ၊ သီတင်းကျွတ်ကျောင်းပိတ်ရက် ၊ ဒီဇင်ဘာကျောင်းပိတ်ရက် ၊ ခရီးသွားရာသီတွေမှာ ရထားစီးနင်းသူ ၂၅၀ မှ ၃၀၀ ကြားရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW