ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့ ဘာတွေစားသင့်သလဲ

 

 

မန္တလာ ဆရာမျိုး

 

 

 

လူ့ခန္ဓာကိုယ်ဟာ အလွန်စနစ်ကျပြီး ရှုပ်ထွေးတဲ့ သဘာဝယန္တရားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ စားသောက်လိုက်တဲ့ အစားအစာတွေကို အစာချေဖျက်ခြင်း၊ လိုအပ်တဲ့အာဟာရဓာတ်တွေကို စုပ်ယူခြင်း၊ ခန္ဓာကိုယ်အတွက် မလိုအပ်တော့တဲ့ အရာတွေကို ပြန်လည်စွန့်ထုတ်ခြင်းတွေကို အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ အူလမ်းကြောင်း စတဲ့ ကိုယ်တွင်းအင်္ဂါတွေက အချင်းချင်းချိတ်ဆက်ပြီး အမြဲလုပ်ဆောင်ပေးနေကြပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာနေဖို့ဆိုတာ ရောဂါဖြစ်မှ ဆေးသောက်ကုသခြင်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။

 

 

 

ယနေ့ခေတ်မှာ “Detox” ဆိုတဲ့စကားကို မကြာခဏ ကြားလာရပါတယ်။ အသည်းကို သန့်စင်ပေးတဲ့ဖျော်ရည်၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့အစားအစာ၊ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစားအစာ စသဖြင့် ပြောဆိုကြပါတယ်။ တကယ်တော့ ကျန်းမာတဲ့လူ့ခန္ဓာကိုယ်မှာ အညစ်အကြေးနဲ့ မလိုအပ်တော့တဲ့ ဓာတ်ပစ္စည်းတွေကို ကိုယ်တိုင်ဖယ်ရှားနိုင်တဲ့ သဘာဝစနစ် ရှိပြီးသားဖြစ်ပါတယ်။ အသည်းက ဓာတ်ပစ္စည်းအမျိုးမျိုးကို ပြောင်းလဲချေဖျက်ပေးသလို ကျောက်ကပ်ကလည်း သွေးထဲက စွန့်ပစ်ပစ္စည်းတွေကို စစ်ထုတ်ပြီး ဆီးကတစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ အဆုတ်က ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်ပေးပြီး အူလမ်းကြောင်းကလည်း မလိုအပ်တော့တဲ့ အရာတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးနေပါတယ်။

 

 

 

ဒါကြောင့် အစားအစာတစ်မျိုးမျိုးက ကိုယ်တွင်းအင်္ဂါတစ်ခုကို တိုက်ရိုက် “ဆေးကြောသန့်စင်” ပေးတယ်ဆိုတာထက် အာဟာရပြည့်ဝတဲ့ အစားအစာတွေက ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်အောင် အထောက်အပံ့ပေးတယ် လို့ နားလည်တာ ပိုမှန်ကန်ပါတယ်။

 

 

 

ကျွန်တော်တို့ နေ့စဉ်စားသုံးနေကြတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ကိုယ်ခန္ဓာအတွက် အကျိုးပြုနိုင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ Antioxidants – ဆဲလ်တွေကို oxidative stress ကြောင့် ပျက်စီးမှုမှ ကာကွယ်ရာမှာ အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ နနွင်း၊ beetroot၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နာနတ်သီး၊ သခွားသီး၊ သံပရာ၊ ပန်းသီး၊ သလဲသီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဟင်းနုနွယ်တို့လို အစားအစာတွေကို အစားအသောက်မျိုးစုံထဲမှာ ထည့်သွင်းစားသုံးနိုင်ပါတယ်။

 

 

 

အသည်းကျန်းမာရေးအတွက် နနွင်း၊ beetroot နဲ့ မုန်လာဥနီတို့ဟာ ကောင်းမွန်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။ နနွင်းမှာ Curcumin ဆိုတဲ့ သဘာဝဓာတ်ပစ္စည်းပါဝင်ပြီး antioxidant နဲ့ anti-inflammatory အာနိသင်တွေကို လေ့လာထားကြပါတယ်။ မုန်လာဥနီမှာ Beta-carotene အပါအဝင် carotenoids တွေ ပါဝင်သလို beetroot မှာလည်း betalains နဲ့ အခြားအပင်မှရရှိတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအစားအစာတွေကို စားရုံနဲ့ အသည်းထဲက အဆိပ်အတောက်တွေ ချက်ချင်းထွက်သွားမယ်လို့ မယူဆသင့်ပါဘူး။ အသည်းကျန်းမာဖို့အတွက် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ခြင်း၊ ကိုယ်အလေးချိန်သင့်တင့်အောင် ထိန်းခြင်းနဲ့ မလိုအပ်ဘဲ ဆေးဝါး၊ ဆေးဖက်ဝင်အပင်နဲ့ ဖြည့်စွက်စာတွေကို မသောက်သုံးခြင်းကလည်း အရေးကြီးပါတယ်။

 

 

 

အဆုတ်ကျန်းမာရေးအတွက် ကြက်သွန်ဖြူ၊ ဂျင်းနဲ့ နာနတ်သီးတို့လို အစားအစာတွေဟာ အာဟာရပြည့်ဝတဲ့ အစားအသောက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။ နာနတ်သီးမှာ Vitamin C နဲ့ bromelain၊ ကြက်သွန်ဖြူမှာ sulfur-containing compounds တွေ၊ ဂျင်းမှာ gingerols စတဲ့ သဘာဝဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အဆုတ်ကျန်းမာရေးအတွက် အစားအစာထက်တောင် ပိုအရေးကြီးတာက ဆေးလိပ်မသောက်ခြင်းနဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ခြင်း ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုနဲ့ အန္တရာယ်ရှိတဲ့ ဖုန်မှုန့်၊ မီးခိုးတွေကို တတ်နိုင်သမျှရှောင်ပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းကလည်း အဆုတ်ရဲ့လုပ်ငန်းဆောင်တာကို ကောင်းမွန်စေဖို့ အထောက်အကူဖြစ်ပါတယ်။

 

 

 

အရေပြားအတွက်တော့ ပန်းသီး၊ beetroot၊ မုန်လာဥနီနဲ့ Vitamin C ကြွယ်ဝတဲ့ အသီးအနှံတွေဟာ ကောင်းမွန်တဲ့ရွေးချယ်မှုတွေ ဖြစ်ပါတယ်။ အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါဖြစ်ပြီး အာဟာရအခြေအနေ၊ အိပ်စက်မှု၊ ဆေးလိပ်သောက်ခြင်းနဲ့ နေရောင်ခြည်ထိတွေ့မှုတို့ရဲ့ အကျိုးသက်ရောက်မှုကို ခံစားရပါတယ်။ ဒါကြောင့် အရေပြားကောင်းဖို့ အစားအစာတစ်မျိုးကို အားကိုးတာထက် အာဟာရမျှတစွာစားခြင်း၊ ရေဓာတ်လုံလောက်စွာရရှိခြင်း၊ အိပ်ရေးဝခြင်း၊ ဆေးလိပ်ရှောင်ခြင်းနဲ့ နေရောင်ခြည်ကို သင့်တော်စွာကာကွယ်ခြင်းတို့က ပိုအရေးကြီးပါတယ်။

 

 

 

ကျောက်ကပ်ကျန်းမာရေးအတွက် သခွားသီး၊ သံပရာနဲ့ celery တို့လို အသီးအရွက်တွေကို ကျန်းမာသူအများစုက မျှတစွာစားသုံးနိုင်ပါတယ်။ သခွားသီးလို ရေဓာတ်များတဲ့ အစားအစာတွေက နေ့စဉ်ရေဓာတ်ရရှိမှုမှာ အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ကို “ဆေးကြောဖို့” ရေအလွန်အကျွံသောက်စရာ မလိုပါဘူး။ ကျောက်ကပ်ကျန်းမာဖို့အတွက် သွေးတိုးနဲ့ ဆီးချိုကို ထိန်းချုပ်ခြင်း၊ ဆားအလွန်အကျွံမစားခြင်း၊ ဆေးလိပ်ရှောင်ခြင်းနဲ့ မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေးအချို့ကို ကြာရှည်သုံးစွဲခြင်းမှ ရှောင်ခြင်းတို့က ပိုအရေးကြီးပါတယ်။ ကျောက်ကပ်ရောဂါရှိပြီးသားသူတွေမှာတော့ ရေ၊ potassium နဲ့ sodium စားသုံးမှုပမာဏကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ချိန်ညှိရနိုင်တာကြောင့် အသီးအရွက်ဖျော်ရည်တွေကို “ကျောက်ကပ်သန့်စင်ဖို့” ဆိုပြီး မိမိသဘောနဲ့ အများကြီးသောက်တာမျိုး မလုပ်သင့်ပါဘူး။

 

 

 

သလဲသီး၊ လိမ္မော်သီးနဲ့ ဂျင်းတို့မှာလည်း antioxidant နဲ့ အာဟာရဓာတ်အမျိုးမျိုး ပါဝင်ပါတယ်။ တစ်ခါတစ်ရံ ဒီလိုအစားအစာတွေကို “သွေးသန့်စင်ပေးတယ်” လို့ ခေါ်ကြပေမယ့် ဆေးပညာအရ သွေးကို သီးခြားအစားအစာတစ်မျိုးက ဆေးကြောပေးတာမျိုး မဟုတ်ပါဘူး။ သွေးထဲက စွန့်ပစ်ပစ္စည်းတွေကို ကျောက်ကပ်က စစ်ထုတ်ပေးနေပြီး အသည်းကလည်း ဓာတ်ပစ္စည်းအမျိုးမျိုးကို ပြောင်းလဲချေဖျက်ပေးနေပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းရဲ့ တန်ဖိုးက ဒီသဘာဝလုပ်ငန်းစဉ်တွေကို လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။

 

 

 

အူလမ်းကြောင်းကျန်းမာရေးအတွက် သခွားသီး၊ ပန်းသီးတို့အပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုးနဲ့ whole grains – အစေ့အဆန်အပြည့်အဝ ပါဝင်တဲ့ အစားအစာတွေက အရေးကြီးပါတယ်။ ဒီအစားအစာတွေမှာပါတဲ့ Dietary fibre – အမျှင်ဓာတ်က ဝမ်းမှန်စေဖို့ အထောက်အကူပြုပြီး အူအတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက်လည်း အစာအဖြစ် အသုံးဝင်ပါတယ်။ ဒိန်ချဉ်အချို့မှာပါတဲ့ probiotics တွေကလည်း အူလမ်းကြောင်းအတွင်းရှိ အဏုဇီဝပိုးမွှားအစုအဝေးကို ကောင်းမွန်စွာထိန်းသိမ်းရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။

 

 

 

မျက်စိကျန်းမာရေးအတွက် သင်္ဘောသီး၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံမျိုးစုံ စားသုံးပေးသင့်ပါတယ်။ မုန်လာဥနီနဲ့ သင်္ဘောသီးတို့မှာပါတဲ့ carotenoids အချို့ကို ခန္ဓာကိုယ်က Vitamin A အဖြစ် ပြောင်းလဲအသုံးချနိုင်ပြီး Vitamin A ဟာ ပုံမှန်အမြင်အာရုံအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် မျက်စိကျန်းမာရေးဆိုတာလည်း အစားအစာတစ်ခုတည်းနဲ့ မပြီးပါဘူး။ ဆီးချိုနဲ့ သွေးတိုးကို ကောင်းစွာထိန်းချုပ်ခြင်း၊ ဆေးလိပ်ရှောင်ခြင်းနဲ့ အသက်အရွယ်အလိုက် မျက်စိစစ်ဆေးခြင်းတို့လည်း လိုအပ်ပါတယ်။

 

 

 

အစာအိမ်နဲ့ အစာခြေလမ်းကြောင်းအတွက် ဂျင်း၊ ဒိန်ချဉ်၊ သင်္ဘောသီးတို့ဟာ လူအချို့မှာ အစာခြေမှုအဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာ၊ Acid reflux – အစာအိမ်အက်ဆစ်ပြန်တက်ခြင်း စတဲ့ ပြဿနာတွေရှိနေသူတွေမှာ အစားအစာတစ်မျိုးချင်းစီအပေါ် တုံ့ပြန်မှု မတူနိုင်ပါတယ်။ မိမိစားလိုက်တိုင်း ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်း၊ အက်ဆစ်ပြန်တက်ခြင်း ပိုဆိုးစေတဲ့ အစားအစာကို ရှောင်သင့်ပြီး လက္ခဏာဆက်ရှိနေရင် အကြောင်းရင်းကို စစ်ဆေးကုသသင့်ပါတယ်။

 

 

ပန်ကရိယကျန်းမာရေးအတွက် ပန်းဂေါ်ဖီစိမ်း၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ်နဲ့ အခြားဟင်းသီးဟင်းရွက်မျိုးစုံကို ပုံမှန်စားသုံးခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံတစ်ခု ဖြစ်ပါတယ်။ ပန်ကရိယကို သီးခြား “သန့်စင်ပေးမယ့်” အစားအစာမရှိပေမယ့် ကိုယ်အလေးချိန်သင့်တင့်အောင် ထိန်းခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်အလွန်အကျွံမသောက်ခြင်းနဲ့ ဆီးချိုရှိရင် သေချာထိန်းချုပ်ခြင်းတို့ဟာ ပန်ကရိယအပါအဝင် ကိုယ်ခန္ဓာတစ်ခုလုံးအတွက် အကျိုးရှိပါတယ်။

 

 

အစားအသောက်နဲ့ ကျန်းမာရေးအကြောင်း ပြောတဲ့အခါ အရေးကြီးဆုံးက အစားအစာတစ်မျိုးကို “ဆေး” တစ်မျိုးလို သဘောထားမထားဖို့ပါပဲ။ မုန်လာဥနီက အသည်းအတွက်ကောင်းတယ်ဆိုပြီး မုန်လာဥနီပဲ များများစားခြင်း၊ သခွားသီးက ကျောက်ကပ်အတွက်ကောင်းတယ်ဆိုပြီး သခွားသီးဖျော်ရည်ပဲ သောက်နေခြင်းထက် အစားအစာမျိုးစုံကို မျှတစွာစားနိုင်ခြင်းက ပိုအရေးကြီးပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ပဲအမျိုးမျိုး၊ whole grains၊ အရည်အသွေးကောင်းတဲ့ protein အစားအစာတွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကို မျှတအောင် စားသုံးသင့်ပါတယ်။ သကြားများတဲ့အစားအစာ၊ ဆားများတဲ့အစားအစာနဲ့ အလွန်အကျွံပြုပြင်ထားတဲ့ processed foods တွေကိုတော့ လျှော့စားသင့်ပါတယ်။

 

 

 

နောက်ဆုံးမှာ မှတ်ထားသင့်တဲ့အချက်က အစားအစာတွေဟာ ကိုယ်တွင်းအင်္ဂါတွေကိုဆေးကြောပေးတာမဟုတ်ဘဲ ကိုယ်တွင်းအင်္ဂါတွေ သူတို့ရဲ့ သဘာဝလုပ်ငန်းတာဝန်တွေကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်အောင်အာဟာရနဲ့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။ ကျန်းမာရေးကောင်းဖို့ Detox ဖျော်ရည်တစ်ခွက်၊ အစားအစာတစ်မျိုးကို ရှာဖွေနေဖို့ထက် အစားအစာမျိုးစုံကို မျှတစွာစားခြင်း၊ ရေကို လိုအပ်သလိုသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ ဆေးလိပ်ရှောင်ခြင်းနဲ့ ကိုယ်အလေးချိန်ကို သင့်တင့်အောင် ထိန်းထားခြင်းကသာ ကိုယ်တွင်းအင်္ဂါအားလုံးကို ရေရှည်ကျန်းမာစေမယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

 

 

မန္တလာ ဆရာမျိုး

 

မန္တလာ ဆရာမျိုးဟာ ဆေးတက္ကသိုလ်(မန္တလေး)ရဲ့ ပါမောက္ခချုပ် ဒေါက်တာမျိုးသက်တင် ဖြစ်ပါတယ်။

 

Related posts

VOM News

FREE
VIEW