စက်တင်ဘာ ၁၃ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့နယ်ထဲက နာဂလက်နက်ကိုင်အဖွဲ့ ENDA ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသူတွေထဲက လူ ၄၀ လောက်သာ ပြန်လွတ်လာပြီး ၇၀ ကျော်လောက်ကိုတော့ ခုထိပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။
မှန်ပင်ရွာက ဒေသခံအပါအဝင် ရွှေမျောလုပ်ကိုင်သူ အယောက် ၇၀ လောက်ကို ဇူလိုင် ၂၉ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီနောက် ရွှေမြင့်မို့ရ်ရွာ ဒေသခံ ၅၀ လောက်ကိုလည်း ထပ်မံဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ် ။
ဖမ်းဆီးသွားစဥ်က စစ်မေးစရာရှိတာကြောင့် ခေါ်ဆောင်ခြင်းဖြစ်ပြီး နှစ်ရက် ၊ သုံးရက်ကြာရင် အကြောင်းပြန်မယ်လို့ မိသားစုဝင်တွေကို ပြောဆိုခဲ့ပေမယ့် လက်ရှိမှာတော့ မှန်ပင်ရွာက အယောက် ၄၀ နဲ့ ရွှေမြင့်မိုရ်ရွာမှ နှစ်ယောက်ကိုသာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး အဆက်အသွယ်လည်းမရဘူးလို့ သိရပါတယ်။
” မိန်းကလေးခုနှစ်ယောက်နဲ့ ကျန်တာက ယောကျ်ားလေးနဲ့ သက်ကြီးရွယ်အိုတွေကို ပြန်လွှတ်ပေးတာ။ စောစောပိုင်းကတော့ သူတို့က မပစ်ပါဘူးဆိုပြီး ပြေလည်မှုယူပြီးမှ လွှတ်ပေးတာ။အခုက လွှတ်ပေးနေတဲ့အချိန်မှာ ဒီဘက်က ပစ်လိုက်တော့ နောက်လူကို လွှတ်မပေးတော့ဘူး။ ကျန်တာတော့ သူတို့ခေါ်သွားပြီ။ သူတို့က တသုတ်နဲ့တသုတ်လွှတ်တာလည်းကြာတော့ ဒီဘက်က ပစ်လိုက်တာ ။ ပြန်လွှတ်ပေးတာကတော့ အရင်လကလွှတ်ပေးတာ။ ကျန်တဲ့သူတွေထဲမှာလည်း.မိန်းကလေးခုနှစ်ယောက်ကျန်သေးတယ်။ရွှေမြင့်မိုရ်ရွာဘက်ကတော့ မိန်းကလေးထဲက ခြေထောက် နည်းနည်းမသန်တဲ့နှစ်ယောက်ကို လွှတ်ပေးတယ်။ ကျန်တာတွေ မလွှတ်ဘူး။” လို့ ဒေသခံက ပြောပါတယ်။
အရှေ့နာဂအမျိုးသားအဖွဲ့အစည်းနဲ့ ကာကွယ်ရေးတပ် ENNO/ENDA ကတော့ ခုလို ဖမ်းဆီးခဲ့တာဟာ တပ်သားသစ်စုဆောင်းခြင်း ဖြစ်ကြောင်း ၊ နာဂတိုင်းရင်းသားတွေအားလုံး အရှေ့နာဂ လွတ်မြောက်ရေးမှာ အင်တိုက်အားတိုက်ပါဝင်စေလိုတာကြောင့် အခုလို လူငယ်တွေကို စုဆောင်းခြင်းဖြစ်တယ်လို့ဩဂုတ် ၂ ရက်မှာ စာထုတ် အသိပေးခဲ့ပါတယ်။
ဇူလိုင် ၂၈ ရက်ကနေ ၃၁ ရက်နေ့အတွင်းမှာ ခန္တီးမြို့နယ်ထဲက မှန်ပင်ရွာ နဲ့ ရွှေမြင့်မို့ရ်ရွာအပါအဝင် ကျေးရွာတချို့က ဒေသခံတွေကို ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းခံရတဲ့ထဲကမှ လက်ရှိမှာ မှန်ပင်ရွာနဲ့ ရွှေမြင့်မိုရ်ရွာမှ ဒေသခံတချို့ကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့သူတွေကို ခုထိလည်းပြန်လွှတ်မပေးဘူးလို့ သိရပါတယ်။
ဖမ်းဆီခေါ်ဆောင်ထားတဲ့ ဒေသခံပြည်သူတွေအားလုံးကို နာဂလက်နက်ကိုင်အဖွဲ့အနေနဲ့ ပြန်လွှတ်ပေးဖို့ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ကလည်း တောင်းဆိုခဲ့ပါတယ်။
နာဂလက်နက်ကိုင်အဖွဲ့ဟာ ရွှေမျောလုပ်ကိုင်သူတွေဆီကနေလည်း မျောတခုကို သိန်း ၁၀၀ ကျော်ကနေ ၂၀၀ ကျော်အထိ တောင်းခံခဲ့သလို မှန်ပင်ရွာထဲက ဝိုင်ဖိုင်စက်တွေကိုလည်း ဆတ်ကြေးကောက်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ် ။
လက်ရှိမှာ ခန္တီးမြို့နယ်အခြေအနေက ခန္တီးမြို့ပေါ်ကို အစိုးရက ထိန်းချုပ်ထားပြီး ကျေးရွာဘက်တွေ မှာတော့ ကချင်လွတ်လပ် ရေးတပ်KIA ၊ ရှမ်းနီတပ် SNAနဲ့ NUG လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေရှိသလို နာဂလက်နက်ကိုင်အဖွဲ့ တွေလည်းရှိတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
