စက်တင်ဘာ ၁၃ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ သီတင်းသုံးတော်မူတဲ့ နတ်စင်တရာ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာတေဇ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဟာ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်၊ မနက် ၁ နာရီ ၅၆ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ တပည့်သာဝကတွေက အသိပေးထားပါတယ်။
ဆရာတော်ကြီးဟာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက်ရဲ့ ပဓာနနာယကဖြစ်ပြီး ပျံလွန်ချိန်မှာ သက်တော် (၇၆) နှစ်၊ ဝါတော် (၅၆) ဝါ ရှိပြီလို့ သိရပါတယ်။
“ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ဆေးရုံကနေ ကျောင်းတိုက်ကို ပင့်ဆောင်ခဲ့ပြီးပါပြီ။ ကျောင်းတိုက်မှာအခု ရိုသေစွာ ထားရှိထားပါတယ်။ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဥ်တွေကို ဆရာတော်ဘုရားကြီးတွေရဲ့ လမ်းညွှန်မှုတွေအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာပါ” လို့ တပည့်သာဝကတယောက်က ပြောပါတယ်။
ဆရာတော်ကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က လပွတ္တာမြို့နယ်ရှိ (၃) မိုင်ဆေးရုံမှာ ကျောက်ကပ်ဆေးခဲ့ပြီး အဲဒီနေ့ ည ၁၀ ဝန်းကျင်အချိန်မှာ ဗိုက်အောင့်ဝေဒနာ ခံစားလာရတယ်လို့ သိရပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ ကန်သာယာဆေးရုံကို တက်ရောက် စစ်ဆေးခဲ့တာမှာ အစာအိမ်သွေးကြော ပေါက်သွားတာကို သိရှိရတဲ့အတွက် ဆေးကုသမှုခံယူရင်း ပျံလွန်ခဲ့တာလို့ သိရပါတယ်။
နတ်စင်တရာ ဆရာတော်ကြီးဘုရားကြီးဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း နှလုံးသွေးကြော ရောဂါဝေဒနာကြောင့် ထိုင်းနိုင်ငံရှိ ထိုင်းဘုရင့်ဆေးရုံမှာ ဆေးကုသမှု ခံယူတော်မူခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးဟာ နယ်လှည့် သာသနာပြုလုပ်ငန်းတွေ၊ သစ္စာဓိဋ္ဌာန်စတုဒိသာ ကျွေးမွေးလှူဒါန်းမှုတွေနဲ့ ပရဟိတလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့တဲ့ သာသနာ့အာဇာနည် ဆရာတော်ကြီးတပါးဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
