စက်တင်ဘာ ၁၉ – ၂၀၂၆
SS (VOM)
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်အတွင်း တာပြိုကျမှုဟာ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားရွာမှာ ပေ ၈၀၀ နီးပါး ရှိလာပြီဖြစ်သလို ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းရွာဘက်မှာတော့ ပေ ၃၀၀ နီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းဖျားရေကာတာနဲ့ ဂန်ချောင်းရေကာတာဟာ ခန့်မှန်းခြေ ပေ ၄၀၀၀ ဝန်းကျင် ကွာဝေးပြီး ရေကျလာနဲ့အမျှ တာတမံမြေသား ပဲ့ကျမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
“ရေကျလေလေ ကမ်းက နည်းနည်းချင်းစီ အိကျသွားလေပဲ။ တာတွေအောက်မှာက ရေတက်တုန်းက ရေဝဲ လှိုက်စားထားတာတွေ ရှိတယ်လေ။ ရေလည်းကျသွားရော အဲဒါတွေက ကိုယ်ထည်တွေလေးပြီး တဖြည်းဖြည်းနဲ့ နည်းနည်းချင်းစီ အိကျနေတာ။ ဒါပေမယ့် တာအိကျလို့တော့ အထဲကို ရေမဝင်နိုင်ဘူး။ အနောက်မှာ ပန်းတာတွေရှိတယ်။ အောက်မှာခွေပြီး ကာထားတာတွေရှိတယ်။ အခုက ရေကလည်း အထဲမှာ ပြန်ကျနေပြီဆိုတော့ ပြဿနာ သိပ်မရှိဘူးလို့တော့ ပြောလို့ရတယ်။ ဒါပေမယ့် ရာသီဥတု အခြေအနေကိုလိုက်ပြီး အခြေအနေက တမျိုးပြောင်းသွားကောင်း၊ ပြောင်းသွားနိုင်တဲ့အတွက် စောင့်ကြည့်ရမယ့် အနေအထားတော့ ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဂန်ချောင်းကျေးရွာထိပ်က တာတမံဟာ မနေ့ စက်တင်ဘာ ၁၈ ရက်က အက်ကြောင်းတွေ ဖြစ်ပေါ်ပြီး မြေသားတွေ ဆက်တိုက် ပဲ့ကျနေသလို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့၊ မနက်အစောပိုင်းကလည်း ပေ ၂၅၀၊ ၃၀၀ နီးပါး ကိုယ်ထည် အိကျခဲ့ကာ ဖိုက်ဘာလှေ တစီးနဲ့ သစ်သားလှေ တစီး ရေထဲ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။
“စက်တင်ဘာ ၁၇ ရက်နေ့၊ တာအိကျတုန်းက အိမ် ခုနစ်လုံးလောက် ရွှေ့ပေးလိုက်ရတာရှိတယ်။ အဲဒီတာရဲ့ အနောက်မှာ ရေကာတာတခု ရှိပေမယ့် သက်ဆိုင်ရာက ရေကာတာ နောက်တခု ထပ်လုပ်တဲ့အခါကျတော့ ရေကတုတ်ရိုက်တဲ့ လမ်းကြောင်းက မလွတ်တဲ့ အိမ်တွေကတော့ ရွှေ့ပြောင်းပေးရတာပေါ့” လို့ သူက ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်ကလည်း ဂန်ချောင်းတာရဲ့ မိုင်တိုင် ၁၂/၂ နဲ့ ၁၂/၃ ကြားမှာ မြေသား ပေ ၁၀၀ ဝန်းကျင် ပြိုကျခဲ့သေးတယ်လို့ သိရပြီး ကမ်းပြိုကျမှုတွေဟာ ညောင်တုန်းကျွန်းတာဟောင်း မိုင်တိုင် ၁၁/၆ ၊ ၁၁/၇ ၊ ၁၂/၂ နဲ့ ၁၂/၃ တို့အကြား ၁ မိုင်ပတ်လည်မှာ ဆက်တိုက် ဖြစ်နေတာလို့ သိရပါတယ်။
လက်ရှိမှာ ညောင်တုန်းမြို့ရှိ ပန်းလှိုင်မြစ်ရေ ထပ်မံ ကျဆင်းနေပေမယ့် မိုးရွာသွန်းမှုများတဲ့အချိန် အထက်ပိုင်းကရေတွေ များလာမယ်ဆိုရင်တော့ တာပြိုကျမှုတွေ ပိုများလာနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ကနေ စတင်ပြီး ညောင်တုန်းမြို့နယ်အတွင်း တာတမံအိကျမှုတွေ ဖြစ်ခဲ့တာမှာ ချောင်းဖျားတာက ပထမဆုံး ပြိုကျခဲ့တာဖြစ်ပြီး လက်ရှိမှာ တာပြိုကျမှုဖြစ်စဉ်တွေကြောင့် ချောင်းဖျားကျေးရွာက နေအိမ် ၁၃ လုံးထက်မနည်း ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။
Photo – CJ
