ရန်ကုန်မှာ ရွှေနဝလီရောင်းဝယ်ရေးလုပ်တဲ့ဆိုင်ရှင်ကို တူနဲ့ထုပြီး ငွေထုပ်လုယက်သူကို ချက်ချင်းဖမ်းမိ

စက်တင်ဘာ ၁၉ ၊ ၂၀၂၆
GG (VOM)
ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ ၊ မနက် ၁၀ နာရီလောက်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ အထက်ပုဇွန်တောင်လမ်း ၊ တိုက်အမှတ် ၇၃ က ရွှေထည်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးမျိုးတင့်ကို တူနဲ့ထုပြီး ငွေထုပ်လုယက်သွားသူကို ချက်ချင်းဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က အသက် ၃၀ အရွယ် ကိုဝင်းပိုင်စိုးဟာ ရွှေဆွဲကြိုးအတုကို ယူလာပြီး ရောင်းချလိုကြောင်းပြောကာ ဆိုင်ရှင် ဦးမျိုးတင့်ကို တူနဲ့ထုပြီး ငွေသိန်း ၄၀ ကျော်ပါတဲ့ ငွေထုပ်ကိုလုယူထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ငွေထုပ်ယူထွက်ပြေးစဥ် ရပ်ကွက်နေပြည်သူတွေက ပူးပေါင်းဖမ်းမိခဲ့တာဖြစ်ပြီး ကျူးလွန်သူအမျိုးသားဟာ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းမှာ နေထိုင်သူ ဖြစ်တယ်လို့ ကနဦး သိရပါတယ်။
” ရွှေနဝလီဆိုင်မဟုတ်ပါဘူး ။ ရွေတိုရွှေစတွေကို ဝယ်တဲ့ဆိုင်ပါ ။ ဆိုင်က နာမည်လည်း ချိတ်မထားတော့ သေချာမသိဘူး။ အဘိုးတယောက် ခေါင်းထိခိုက်မိတယ် အကြောင်းကြားလို့ ကျ​နော်တို့သွားခဲ့တာပါ ။ ကျန်တဲ့ကိစ္စတွေ တာဝန်ရှိသူက ဆက်လုပ်နေပါတယ်။ ” လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့ လူမှုကူညီရေး အသင်းဝင်က ပြောပါတယ်။
လက်ရှိမှာ ကျူးလွန်သူအမျိုးသားကို ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ရာ ရဲစခန်းကို အပ်နှံထားပြီး ရဲစခန်းက စစ်ဆေးမှုပြုလုပ်နေတယ် သိရပါတယ်။
လုယက်မှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဆိုင်ရှင် အသက် ၆၈ နှစ်အရွယ် ဦးမျိုးတင့်ကို လိုအပ်တဲ့ ဆေးဝါးကုသမှုပေးဖို့အတွက် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။
စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းကလည်း ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ မြို့မဈေးတောင်ဘက်တိုက်တန်းရှိ ရွှေမိုးရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်း ၇၀ သားလောက်ပါသွားတဲ့အပြင် ဆိုင်ရှင်အပါအဝင် လူနှစ်ယောက် သေနတ်ပစ်ခတ်ခံခဲ့ရပါတယ်။
ခုနောက်ပိုင်းမှာ ရန်ကုန် နဲ့ မန္တလေးမှာ ရွှေဆိုင်ဓားပြတိုက်ခံရတာတွေ အဖြစ်များလာသလို ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်က မြို့နယ်တချို့မှာလည်း ရွှေဆိုင်ဓားပြတိုက်တာ ၊ ကားလုယက်တာ ၊ ဆိုင်ကယ်လုယက်တာ ၊ ရွှေထည်ပစ္စည်းလုယက်တာတွေ အဖြစ်များလာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW