ရွှေကူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေ၊ ၁၀ ယောက်ထက်မနည်းဒဏ်ရာရ

စက်တင်ဘာ ၁၉ ၊ ၂၀၂၆
CC (VOM)
ကချင်ပြည်နယ် ၊ ရွှေကူမြို့၊ဧရာဝတီမြစ်ကမ်းမှာရှိတဲ့ မြို့ကုန်းရွာဘက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ည ၇ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာရတဲ့အထဲမှာ ပြင်းထန်ပြီး စိုးရိမ်ရတဲ့သူတွေလည်း ပါတယ်လို့ သိရပါတယ်။
” လေကြောင်းတိုက်ခံရတာ ဟုတ်တယ်။ ဒဏ်ရာရသူတွေထဲ စိုးရိမ်ရတာများတယ်သိရတယ်။ ရွှေကူမြို့နဲ့ဆိုရင် မြို့ကုန်းကဝေးတယ်။ ရေလမ်း ကုန်းလမ်း နှစ်မျိုးသွားရတာ ။ ဗန်းမော်မရောက်ခင် စင်းခန်းတံတားကိုဖြတ်ကူးရင် စီသော် ၊ စီငန်းပြီး မြို့ကုန်းကိုရောက်တာ ။ ” လို့ ဒေသခံက ပြောပါတယ်။
မြို့ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ လူသေဆုံးဒဏ်ရာရအပြင် အဆောက်အဦတွေလည်း ပျက်စီးမှုရှိခဲ့ကြောင်း သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့နီးစပ်သူတွေကတော့ KIA နဲ့ PDF ပူးပေါင်းတပ်တွေရှိတဲ့အတွက် တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောဆိုနေကြပြီး KIA တပ်ဖွဲ့နီးစပ်သူတွေကတော့ သေဆုံးဒဏ်ရာရသူတွေဟာ ဒေသခံတွေ ဖြစ်တယ်လို့ ပြောဆိုနေကြပြီး အစိုးရနဲ့ KIA ဘက်ကတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတာဖြစ်ပေမယ့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ရွှေကူနဲ့ ဗန်းမော်မြို့နယ်ထဲမှာ အစိုးရတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့တဲ့အပြင် ဗန်းမော်ကို စစ်အင်အားဖြည့်တင်းဖို့နဲ့ ရိက္ခာအထောက်အပံ့တွေ တင်ဆောင်လာတဲ့ အစိုးရတပ်ရဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်သင်္ဘောနှစ်စီး အလံဖြူထောင်ပြီး KIA ထံဝင်ရောက်ခဲ့သလို သင်္ဘောအစီး ၂၀ ရေနစ်မြုပ်ခဲ့ကြောင်း KIA ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာတွေ့ရပြီး အဲဒီအပေါ် အစိုးရဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ကတော့ အဲဒီအချက်အလက်တွေက မမှန်ကြောင်း ၊ တိုက်ခိုက်ရေးသင်္ဘောနဲ့ ဖလပ်တစီးသာ ပျက်စီးမှုရှိခဲ့တယ်လို့ပြောဆိုနေတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ ဗန်းမော်ကို စစ်အင်အားဖြည့်တင်းဖို့သွားခဲ့တဲ့ စစ်သင်္ဘောတွေထဲက တိုက်ခိုက်ရေး သင်္ဘော နဲ့ ဖလပ်သင်္ဘော ၊တွန်းသင်္ဘော အားလုံးပေါင်း ၁၆ စီးဟာ မန္တလေးကို ပြန်လည်ဆင်းလာနေပြီး တကောင်းနယ်ထဲကို ရောက်နေပြီလို့သိရပါတယ်။
ကချင်ပြည်နယ်ထဲက ၊ ခေါင်လန်ဖူးဒေသရှိ အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ ရဟန်းကွင်းပါဝင်တဲ့ ခြေကုတ်စခန်းကို စက်တင်ဘာ ၁၈ ရက်မှာ KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ခဲ့ကြောင်း သတင်းထွက်ပေါ်နေပေမယ့် အစိုးရက ထုတ်ပြန်တာမရှိသလို VOM အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဓာတ်ပုံ – CJ

Related posts

VOM News

FREE
VIEW