စက်တင်ဘာ ၁၉ – ၂၀၂၆
SN (VOM)
ဝိပဿနာသာသနာပြု ဆရာတော်ကြီးတပါးဖြစ်တဲ့ ချမ်းမြေ့ရိပ်သာဆရာတော်ကြီး ဘဒ္ဒန္တ အရှင်ဇနကာဘိဝံသဟာ ရန်ကုန်မြို့ရှိ ဂရန်းဟံသာဆေးရုံမှာ အဆုတ်ရောင်ရောဂါနဲ့ ဆေးကုသမှုခံယူရင်း ဒီကနေ့ စက်တင်ဘာ ၁၉ ရက်၊ မနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ တပည့်သာဝကတွေက အသိပေးထားပါတယ်။
ဆရာတော်ကြီးဟာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်းမှာ သီတင်းသုံးတော်မူတာဖြစ်ပြီး ပျံလွန်ချိန်မှာ သက်တော် ၉၉ နှစ်၊ ဝါတော် ၇၉ ဝါ ရှိပြီလို့ သိရပါတယ်။
“ကမ္ဘာတဝန်း ဗုဒ္ဓသာသနာတော် ပြန့်ပွားတိုးတက် ထွန်းကားရေးအတွက် ဘဝတလျှောက်လုံး အနစ်နာခံပြီး မမောမပန်း ဆောင်ရွက်တော်မူခဲ့တဲ့ ဆရာတော်ကြီးပါ။ ပျံလွန်သွားတဲ့အတွက် အထူးဝမ်းနည်းသလို သံဝေဂလည်း ရမိပါတယ်” လို့ တပည့်သာဝက တယောက်က ပြောပါတယ်။
ဆရာတော်ကြီးကို မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပြင်းမရွာမှာ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရီတို့က ၁၉၂၈ ခုနှစ်၊ ဇူလိုင် ၂၄ ရက်မှာ ဖွားမြင်တော်မူခဲ့တယ်လို့ သိရပါတယ်။
အသက် ၁၅ နှစ်အရွယ်မှာ သာမဏေအဖြစ် ရှင်ပြုကာ ဗုဒ္ဓစာပေတွေကို စတင်လေ့လာခဲ့ပြီး ၁၉၄၇ ခုနှစ်မှာ ရဟန်းအဖြစ် ခံယူတော်မူကာ ပရိယတ္တိစာပေတွေကို ဆက်လက် လေ့လာတော်မူခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးဟာ မဟာစည်ဆရာတော်ကြီးထံမှာ ဝိပဿနာတရားကို လေ့ကျင့်အားထုတ်ခဲ့ပြီး နောက်ပိုင်းမှာ မဟာစည်သာသနာ့ရိပ်သာရဲ့ ကမ္မဋ္ဌာနာစရိယအဖြစ် တရားပြသပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ၁၉၅၇ ခုနှစ်မှစတင်ကာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ခြောက်နှစ်ခန့် သီတင်းသုံးနေထိုင်ပြီး အင်္ဂလိပ်၊ သက္ကတ၊ ဟိန္ဒီနဲ့ ဆင်ဟာလီဘာသာစကားတွေကို လေ့လာခဲ့ကာ London G.C.E. (A Level) စာမေးပွဲကိုလည်း အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
၁၉၆၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လည် ကြွရောက်ပြီး ကမ္ဘာအေးမှာ ဆဋ္ဌမအကြိမ် သံဃာယနာအတွက် ပါဠိကျမ်းစာတွေ ပြုစုတည်းဖြတ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
၁၉၆၇ ခုနှစ်မှာ မဟာစည်ဆရာတော်ကြီးရဲ့ လမ်းညွှန်မှုနဲ့ မဟာစည် သာသနာ့ရိပ်သာမှာ ကမ္မဋ္ဌာနာစရိယအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၇၉ ခုနှစ် အရောက်မှာတော့ ချမ်းမြေ့ရိပ်သာမှာ သီတင်းသုံးနေထိုင်ကာ ပရိယတ္တိနဲ့ ပဋိပတ္တိသာသနာရေး လုပ်ငန်းတွေကို ဆောင်ရွက်တော်မူခဲ့တယ်လို့ သိရပါတယ်။
သာသနာပြုလုပ်ငန်းတွေကို မြန်မာနိုင်ငံအတွင်းသာမက အာရှ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုအထိ ဆောင်ရွက်တော်မူခဲ့ပြီး နိုင်ငံတကာကို ဓမ္မဒူတခရီးများစွာ ကြွရောက်ကာ ဗုဒ္ဓဓမ္မတရားတော်တွေကို ဖြန့်ဝေ ဟောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသကိုလည်း ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီးက အင်္ဂလိပ်ဘာသာ သင်ကြားပေးခဲ့ဖူးတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့၊ ဇမ္ဗူဒီပကျောင်းဆောင်မှာ ပါချုပ်ဆရာတော်ကြီး တိပိဋကပါဠိ – မြန်မာ အဘိဓာန်ကျမ်းပြုအဖြစ် ဆောင်ရွက်နေချိန် ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီးထံက အင်္ဂလိပ်ဘာသာကို စတင် သင်ယူခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးဟာ ဗုဒ္ဓစာပေသင်ကြားရေးမှာ ထူးချွန်တဲ့ ပညာရှင်တပါးဖြစ်တယ်လို့ သိရပြီး ချမ်းမြေ့ရိပ်သာ ကမ္မဋ္ဌာန်းကျောင်းတိုက် အပါအဝင် ပြည်တွင်း၊ ပြည်ပမှာ ရိပ်သာခွဲတွေကို တည်ထောင်တော်မူခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
