လားရှိုးနဲ့ တန့်ယန်းမှာ အစိုးရ စက်သုံးဆီခွဲတမ်း မလုံလောက်လို့ ပြင်ပကနေ ဈေးကြီးပေးဝယ်ယူနေရ

စက်တင်ဘာ ၃၀၊ ၂၀၂၆
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း လားရှိုးနဲ့ တန့်ယန်းမြို့တွေမှာ အစိုးရက ချပေးတဲ့ စက်သုံးဆီခွဲတမ်းတွေ မလုံလောက်တာကြောင့် ပြင်ပပေါက်ဈေးအတိုင်း ဈေးကြီးပေးပြီး ဝယ်ယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အစိုးရကပေးတဲ့ ဆီခွဲတမ်းရတာ နည်းလို့ဆိုပြီး ဆီဆိုင်တွေက တစ်ပတ် လောက်ပဲ ရောင်းချပေးတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။
“ တခြားမြို့တွေလို အပတ်စဉ် ပုံမှန်ရပြီဆိုပြီး ဝမ်းသာနေတာ။ ဆီဆိုင် ရောက်တော့ လိုင်စင်ဆီ မရှိတော့ဘူး။ ပြင်ပဈေးနဲ့ပဲ ရမယ်ဆိုလို့ ရတဲ့ဆီ ထည့်ခဲ့ရတယ်” လို့ လားရှိုးမြို့ခံတယောက် ပြောပါတယ်။
ဆီဆိုင်အများစုကတော့ ဆီခွဲတမ်းကုန်သွားလို့ အစိုးရချပေးတဲ့ ဈေးနဲ့ ရောင်းလို့မရတာလို့ ပြောပါတယ်။
အလားတူ တန့်ယန်းမြို့မှာလည်း အစိုးရခွဲတမ်းဆီက အရနည်းလို့ နှစ်ရက်လောက်နဲ့ ဆီတွေ ပြတ်လပ်သွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
“ တန့်ယန်းမှာ ဓာတ်ဆီ၊ ဒီဇယ် စုစုပေါင်းမှ လီတာ ကိုးထောင်ရတာ။ အဲဒါကို ဆိုင် ငါးဆိုင် ခွဲပြီးရတာ။ ရတဲ့နေ့မှာပဲ အကုန်စုပြုံပြီး ထည့်ကြတာ။ နှစ်ရက်တောင် မခံဘူး” လို့ တန့်ယန်းမြို့ခံတယောက်က ပြောပါတယ်။
အခုလ ၁၅ ရက်နေ့ကစပြီး လားရှိုးမြို့ပေါ်က ဆီဆိုင် ခြောက်ဆိုင်နဲ့ တန့်ယန်း မြို့နယ်က ဆီဆိုင် ငါးဆိုင်မှာ ယာဉ်လိုင်စင် QR ကုတ်သုံးပြီး အစိုးရဈေးနှုန်းအတိုင်း စက်သုံးဆီတွေ စတင်ရောင်းချပေးခဲ့ပါတယ်။ဒါပေမယ့် နောက်တပတ်တွေမှာတော့ ဆီခွဲတမ်းတွေ မရတော့ဘူးလို့ သိရပါ တယ်။
“ ဆီက တစ်လ တခါတောင် သိပ်မသေချာဘူး ထင်တယ်။ ဘယ်တော့ ပြန်ရမလဲ မေးတာလည်း သေချာ မပြောနိုင်ဘူးပဲ ပြောတယ်” လို့ လားရှိုး ၊ မန္တလေး ကားပြေးဆွဲနေတဲ့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
လားရှိုးအပါအဝင် ရှမ်းမြောက်မြို့နယ် တချို့မှာ 92 ဓာတ်ဆီ တလီတာကို မြန်မာကျပ်ငွေ ၅၈၀၀ ဈေးနှုန်းရှိနေပြီး အစိုးရဈေးနှုန်းနဲ့ တလီတာတထောင်ကျော် ကွာတယ်လို့ သိရပါတယ်။
ရှမ်းမြောက်ဒေသ မြို့နယ်တချို့မှာ ၁၀၂၇ တိုက်ပွဲတွေ စတင်တဲ့ ၂၀၂၃ နှစ်ကုန်ကစပြီး အစိုးရစက်သုံးဆီခွဲတမ်း မရတော့တာ ဖြစ်ပါတယ်။
ရှမ်းမြောက် ဆီဆိုင်အများစုဟာ တရုတ်နိုင်ငံ နယ်စပ်ကနေ လာတဲ့ စက်သုံး ဆီတွေကိုပဲ အဓိက အားပြုခဲ့ကြရပါတယ်။
ရှမ်းမြောက်ဒေသမှာ စက်သုံးဆီအရောင်းဆိုင် ၂၅၃ ဆိုင်အထိ ရှိပြီး နယ်မြေ အခြေအနေ ကောင်းတုန်းက 92 ဓာတ်ဆီ တစ်ရက်ကို လီတာ ငါးသိန်းကိုး သောင်း ကျော်၊ 95 ဓာတ်ဆီ လီတာ ငါးသောင်းခြောက်ထောင်ကျော်၊ ရိုးရိုးဒီ ဇယ် ဆီ လီတာ သုံးသိန်းကျော်၊ ပရီမီယံဒီဇယ် လီတာ ငါးသိန်းလေးသောင်း ကျော် ဖြန့်ဖြူးခဲ့တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန စာရင်းတွေအရ သိရပါတယ်။
နယ်မြေမတည်ငြိမ်တာကြောင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ရေးအသင်းက ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ရှမ်းမြောက်ဒေသကို စက်သုံးဆီ ဖြန့်ဖြူးမှုတွေ ရပ်တန့်ခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။
ဒီလို စက်သုံးဆီတွေ ဖြတ်တောက်ခံနေရတာနဲ့ ပတ်သက်ပြီး ၂၀၂၆ ဇွန်လ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ လားရှိုးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးထွန်းက ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ်။
အစိုးရအနေနဲ့ ၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်မြို့တွေကို 92 ဓာတ်ဆီ လီတာ သုံးသောင်းခြောက်ထောင်ကျော်၊ ပရီမီယံဒီဇယ် သုံးသောင်းကျော်ကို တစ်မြို့ကို နှစ်စီးနှုန်းနဲ့ ရန်ကုန် သီလဝါဆိပ်ကမ်းကနေ ရှမ်းပြည်တောင်ပိုင်းလမ်းအတိုင်း ပို့ဆောင်ပေးခဲ့တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း ဖြေကြားခဲ့ပါ တယ်။
လမ်းခရီးမှာ ဖြတ်သန်းခွင့်ရဖို့ အဆင့်ဆင့် တင်ပြခဲ့တာကြောင့် ကြာချိန် ကိုးရက်အထိ ရှိခဲ့တဲ့အတွက် လမ်းခရီး အခက်အခဲတွေကြောင့် ရှမ်းမြောက် ဒေသကို စက်သုံးဆီ တင်ပို့ဖို့ ထပ်မံ ရပ်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်ဒေသကို စက်သုံးဆီ ဖြန့်ဖြူးပေးနိုင်ဖို့ ရှမ်းပြည်နယ်အစိုးရ၊ ရေနံထွက် ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ် ကြီး ကြပ်ရေးအရာရှိချုပ်ရုံးတွေကနေ စောင့်ကြည့်နေပြီး နယ်မြေဒေသ တည်ငြိမ် ပြီး လမ်းခရီး ချောမွေ့ရင် ဖြန့်ဖြူးပေးမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း ဖြေကြားခဲ့ပါတယ်။
စက်သုံးဆီခွဲတမ်း မလုံလောက်တာကြောင့် ပြင်ပကနေ စက်သုံးဆီတွေ ဈေးကြီးပေးဝယ်နေရတဲ့အတွက် သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေ ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

✕
VOM News

FREE
VIEW