အောက်တိုဘာ ၃ – ၂၀၂၆
SN (VOM)
ချင်းပြည်နယ် (တောင်ပိုင်း) ရှိ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့မှာ အစိုးရတပ်ရဲ့ မြေပြင်ထိုးစစ်နဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တွေမှာ စစ်ရေးအခြေအနေ အပြင်းထန်ဆုံးဖြစ်နေပြီး အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ အင်အားအများအပြားနဲ့ မကွေးတိုင်း၊ လောင်းရှည် – ဆွဲလွဲဘက်မှတဆင့် ကျင်ဒွေးမြို့ကို ဦးတည်ကာ လေကြောင်းပစ်ကူသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
“လက်ရှိ တိုက်ပွဲအခြေအနေက အစိုးရတပ်က မကွေး၊ ဆောနယ်ထဲမှာ အင်အား ဆက်တိုက်ဖြည့်ပြီး ကျင်ဒွေးမြို့ဘက်ကို ဦးတည် ထိုးစစ်ဆင်နေတယ်။ မြေပြင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပဲ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ချင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က ထိန်းချုပ်ခဲ့တာဖြစ်ပြီး အဲဒီနောက် သုံးနှစ်နီးပါးအကြာ စက်တင်ဘာ ၂၆ ရက်နေ့မှစတင်ကာ အစိုးရတပ်က ပထမဆုံးအကြိမ် ပြန်လည် ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။
ဒါအပြင် မင်းတပ်မြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်နေပြီး အစိုးရတပ်က အခုရက်ပိုင်းအတွင်း လက်နက်အင်အားနဲ့ လူအင်အားတွေ ထပ်မံတိုးမြှင့်ကာ မြေပြင် စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်နေသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်ကို အစိုးရတပ်က ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစပြီး ပြန်လည် ထိုးစစ်ဆင်ခဲ့ပြီးနောက် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ပြင်းထန်နေခဲ့တာဟာ လက်ရှိမှာ လေးလကျော် ကြာမြင့်လာပြီလို့ သိရပါတယ်။
ဒါအပြင် မတူပီမြို့နယ်ဘက်မှာလည်း အစိုးရတပ်က စစ်ကြောင်းတွေ ပြန်လည်ဖြန့်ကျက်နိုင်ဖို့ ကြိုးပမ်းလာနေတာကြောင့် အချိန်မရွေး တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာနိုင်ခြေ ရှိနေတဲ့အတွက် ဒေသခံတွေအနေနဲ့ လမ်းခရီး သွားလာရာမှာ ထုတ်ပြန် အသိပေးချက်တွေကို တိတိကျကျ လိုက်နာကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက သတိပေး နှိုးဆော်ထားပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်း သုံးနေရာဆက်နေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
ဒါကြောင့် လက်ရှိ ယောဒေသနဲ့ ချင်းတောင်ခြေတလျှောက်မှာ စစ်ရေးတင်းမာမှု အမြင့်ဆုံး အခြေအနေ ရောက်နေသလို မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းရန်တွေကြောင့် ဒေသခံ အများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
Photo – CJ
