ချွေတာရေးနွံထဲက အိမ်ရှင်မများ

စိမ်းနု
ချဉ်ပေါင် တစီး ငါးရာ ကြည့်လိုက်တော့ သုံးလေး ပင်သာ ပါတဲ့ အစီး ၊ သုံးစီးလောက် ဝယ်မှ စား လောက် မဲ့ ပုံစံ၊ တစ်စီး ငါးရာကျပ်က ချဉ်ပေါင်ရွက် အကြမ်း ၊ အနုက တစီး ၈၀၀၊ တစီးနဲ့ မလောက် ၊ အရော မျှစ်ကလေး ၊ကန်စွန်းရွက်လေး ဝယ်ထည့်မှ ညမနက် ၊ ထမင်းချိုင့် လောက်ငှမယ်။
အရံဟင်းချဉ်ပေါင်ရွက်နဲ့ မပြီး ငရုတ်သီးဆားထောင်းလေး ၊ ဝက်သားလေးဆိုရင် တနှပ်စာနဲ့ ထမင်းချိုင့် ထည့်လောက်ပြီ။
လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ ငွေနှစ်သောင်းကျပ်နဲ့ ဟင်းထမင်း နှစ်နှပ်စာရဖို့ ဒေါ်အေးကြည် ( အမည်ပြောင်း) တယောက် ဈေးထဲတွင် တွက်ချက်နေတယ်။
ဝက်သား တသောင်းဖိုးဆိုရင် လူလေး‌ယောက် ရှိတဲ့ ဒေါ်အေးကြည်တို့ အိမ်အတွက် အာသာ​ပြေ အသားပါတယ် ဆိုရုံသာ ရှိတယ်။
အိမ်မှာ ဆားနဲ့ အချိုမှုန့် ၊ ကြက်သွန်နီက ကုန်နေတယ်။ အချိုမှုန့် သိပ်မစားတော့ ဒေါ်အေးကြည်တို့ အိမ်အတွက် အထုပ်အလတ်စား အိုးတထုပ်ကို တလလောက် သုံးရတယ်။
အဲ့ အချိုမှုန့်တောင် အခု တထုပ် ခြောက်ထောင်၊ ငွေကျပ် နှစ်ထောင်ငါးရာကျပ်ကနေ စဈေးတက်လာတာ။ ဆားက တထောင် ၊ ကြက်သွန်နီက တစ်ပိဿ ၁၂၀၀၀ကျပ်။
ဟင်းဖိုးလောက် တွက်ပြီးရင် ကျန်တာလေး ချွေဝယ်မယ်လို့ ဒေါ်အေးကြည် စိတ်ကူးလိုက်တယ်။
ဒါတောင် အရံဟင်းကို ဈေးထဲမှာ ဈေးအနည်းဆုံး ဖြစ်တဲ့ ချဉ်ပေါင်ရွက် ချက်စားဖို့ စိတ်ကူးလို့ မုန့်ညှင်း ၊ ကိုက်လန် ၊ ငွေနှင်းမှို ၊
ပဲလိပ်ပြာစသဖြင့် တစီး နှစ်ထောင်တန် တွေ ၊ တဆယ်သား နှစ်ထောင် ၊ နှစ်ထောင် ငါးရာ တန်တွေသာ ဝယ်စားမိရင် အရံဟင်းချည်း ငါးထောင် ၊ ခုနှစ်​ထောင် နားကပ်တယ်။ အမြဲတမ်း ဝယ်မစားနိုင်ချွေ တာရမယ်။
” မနေ့က အရမ်းစားချင်တဲ့ မုန့်ညှင်း ဝယ်စားတာ တစီး နှစ်ထောင်ကျပ်တဲ့ ၊ သူက ကိုက်လန်နဲ့ ဆင်တူတယ်။ တစီးနဲ့ မလောက်တော့ နှစ်စီး ဝယ်ဖြစ်တယ်။ လေးထောင်လောက်ကျရော ၊ အသားငါးနဲ့ အရံဟင်း တရက်စာ ဆိုရင် ငွေ နှစ်သောင်းနဲ့တောင် မလောက်ချင်ဘူး။ အသား၊ ငါး ဈေးက တက် ၊ အခု ငါးဖယ်ခြစ်ဆိုရင် တဆယ်သား ကိုးထောင်ငါးရာ ၊ ဝယ် မစားနိုင်ဘူး။ ငါးခြစ်ပဲ စေးပိုင်နေအောင် လက်ညောင်းခံ ထောင်းပြီး စားရတယ်”လို့ ဒေါ်အေးကြည်က ဆိုတယ်။
တိုင်းပြည်မှာ နိုင်ငံရေးအပြောင်းလဲ ဖြစ်ပြီးကတည်းက ဆင်းရဲနွံထဲကို မဆင်းချင်လည်း ဆင်း ဆင်းချင်လည်းဆင်းရတာမို့ ရုန်းရင်းကန်ရင်း ချွေတာရေး နွံထဲနစ်။
မ​ချွေတာရင် အသုံးစရိတ်မလောက် အကြွေးတင်ရမယ့် အဖြစ်မို့ အထွေထွေ တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် ​​​ချွေတာ​ရေးနွံထဲဆင်းကို ဆင်းရပါတယ်။
အထွေထွေကုန်ဈေးနှုန်းတွေ တက်လာပေမဲ့ လုပ်ခလစာက တက်မလာပါဘူး။ တလကို ငွေ နှစ်သိန်းကျပ်ပဲရတဲ့ အလုပ်တွေ ပြည်တွင်းမှာ ရှိပါသေးတယ်။
ဒါက ရန်ကုန် ၊ မန္တလေး မြို့ကြီးတွေကို အခြေခံပြီး ပြောတာပါ။ နယ်မြို့တွေမှာ အရောင်းစာရေးမှာ တသိန်းခွဲ ၊ နှစ်သိန်းပဲ ပေးကြပါတယ်။ လစာနည်းလို့ အလုပ်လျှောက်တဲ့သူ မရှိဘူး မထင်ပါနဲ့။
အလုပ်လျှောက်တဲ့သူတွေ ရှိပါတယ်။ လက်ရှိ ကုန်ဈေးနှုန်းနဲ့ အိမ်ရှိ လူ အကုန် အလုပ်လုပ်မှ ပြေလည်မယ့် အခြေခံ လူတန်းစားတွေအတွက် ရွေးချယ်စရာနည်းပါတယ်။
အဲဒါကြောင့် နိုင်ငံခြားလည်း မထွက်နိုင် ၊ ရန်ကုန်မြို့ကြီးကိုပင် မလာနိုင်တဲ့ နယ်မြို့က အခြေခံ လူတန်းစားတွေ တလ တစ်သိန်းခွဲရလည်း အိမ်မှာ နေရင် ဘာမှ မရဘူးနဲ့ အလုပ်လုပ်ကြရပြန်ပါတယ်။
လစာတွေ မတိုးတာလည်း မပြောပါနဲ့ လစာတိုးပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ အကြီး ၊ အသေး အဆင်မပြေကြပါဘူး။ သူတို့ အပူနဲ့ သူတို့ပါ။
နယ်မြို့တွေမှာတော့ စက်မှုလက်မှု လုပ်ငန်းကြီး တွေ မရှိပေမယ့် ကုန်စုံဆိုင်တွေကတော့ နေရာ အနှံအပြားမှာ ရှိပါတယ်။ မတည်ငြိမ်တဲ့ ကုန်ဈေးနှုန်းကြောင့် ရောင်းရ ၊ ဝယ်ရတာက လည်လည်ဝယ် မရှိရင် အမြတ်မကျန်တဲ့အပြင် အရင်းပါ ပါသွားတဲ့ အဖြစ်ပါ။
မြို့ကြီးတွေရဲ့ ကုန်ဈေးနှုန်းကို အမြဲ နားစွင့်နေရပြီး ကုန်ပစ္စည်း တခါကုန်တိုင်း တခါဝယ်ရတဲ့ စရိတ်နဲ့ ကာအောင် အ​ခြေအ​နေကြည့်ရောင်းချရတာပါ။
အဲ့လို ရောင်းချတဲ့ ကြားက ပြည်တွင်း စစ်ဖြစ်နေတဲ့ နေရာတွေက ကုန်ပစ္စည်းမှာရင် လမ်းမှာ အဆင့်ဆင့် ပေးရတဲ့ ဂိတ်‌ကြေးတွေက မမျှော်လင့်ဘဲ တက်လာတာတွေရှိတော့ ကား ဂိတ်တွေက လမ်းခရီးစရိတ် ၊ ကုန်စည်ပို့ဆောင် စရိတ်ကို တိုးကောက်ပါတယ်။
အရင်က ရန်ကုန် ၊ မန္တလေး အဝေးပြေးဂိတ်တွေမှာ တန်ဆာ အနည်းလေးကို ပို့မှ အနိမ့်ဆုံး ငါးထောင် ကျပ်ရှိရာက အခုဆိုရင် ဂိတ်တင် ၊ ဂိတ်ချ ရှစ်ထောင်ကျပ် ရှိနေပါပြီ။
တရုတ်နယ်စပ်ကနေ မန္တလေးကို ပစ္စည်းပို့ရင် အင်္ကျီ တီရှပ် တထည်ရဲ့ သယ်ယူစရိတ်ဟာ နှစ် သောင်းကျပ် ပါ။ အခြားကုန်စည်တွေက သယ်ခစရိတ်က ဒီထက်ပိုများပါတယ်။
ဝယ်စားရတာ ၊ ဝတ်ရတဲ့ အဝတ်အစား ဈေးတွေက တက်ပေမယ့် ကုန်သည်တွေ ၊ ကူးသန်းရောင်းဝယ်တဲ့သူ တွေ အမြတ်သိပ်မကျန် ၊ ဈေးကွက် သတင်း နားမစွင့်ရင် အရှုံးပါ ပေါ်နိုင်တဲ့ အခြေအနေက စိုက်နေပါတယ်။
ကူးသန်းရောင်းဝယ်သူတွေ ၊ ကုန်သည်တွေပဲ အ ဆင်မပြေတာမဟုတ် ပြောင်းလဲလိုက်တဲ့ သွင်းကုန်လိုင်းစင်တွေကြောင့် လုပ်ငန်းရှင်တွေလည်း အဆင် မပြေကြပါဘူး။
တိုင်းပြည်ရဲ့ နိုင်ငံခြားငွေ လိုအပ်မှုကြောင့် အစိုးရ က သွင်းကုန် လိုင်စင် ပေါ်လစီ ပြောင်းလဲလိုက်ပါတယ်။
ပြောင်းလဲလိုက်တဲ့ သွင်းကုန်ပေါ်လစီ ကြောင့် အရင်လို လုပ်ငန်းရှင်တွေ ကုန်ပစ္စည်း မှန်သမျှ အကုန် သွင်းလို့မရပါဘူး။
မဖြစ်မနေ သွင်းရတဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်း ၊ စားသုံးဆီ ၊ စက်သုံးဆီ၊ မွေးမြူးရေးသုံး တိရစ္ဆာန် အစားစာတွေကပါ အစ သွင်းကုန် လျှော့ချလိုက်တော့ အဲ့ဒီပစ္စည်းတွေက ဈေးကွက်မှာ တဟုန်းထိုး တက်လာပါတယ်။
အခု စားအုံးဆီက ဈေးကွက်မှာ ဝယ်မရ‌ပါဘူး။ အိမ်ဆိုင်လေးတွေမေးကြည့်ရင် ဆီ ပြတ်နေတာပဲ ဖြေတာ များကြပါတယ်။
စားအုံးဆီဟာ အသေးစားလုပ်ငန်းတွေရဲ့ လုပ်ငန်းသုံး ဖြစ်တဲ့အတွက် ဝယ်မရတဲ့ စားအုံးဆီရဲ့ ဈေး ကွက် ပေါက်ဈေးက တပိဿနှစ်သောင်းပါ။
အခြေခံသုံး စားအုံဆီ ဈေးတွေ မြင့်တက်လာတော့ နေကြာဆီ ၊ ဟင်းသီးဟင်းရွက်ဆီ ၊ ပဲဆီကပါ ဈေးတွေ တဟုန်ထိုးတက်လာပါ။
အခြေခံ စားသောက်ကုန်စရိတ်တွေ ဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် အကုန် တက်လာတော့ အိမ်ရှင်မတွေ ကိုယ်ဆီလစာ အပ်တဲ့ လစာ နဲ့ လောက်ငှအောင် အသုံးစရိတ်တွေကို ချွေတာရပါတယ်။
အသုံးစရိတ်ချွေတာတောင် မိသားစု ရှိတဲ့ အိမ်တွေမှာ ပညာရေးစရိတ် ၊ ကျန်းမာရေး စရိတ် အပြင် စားဝတ်နေရေး အကုန် ပေါင်း တလ ဆယ်သိန်းက အသာလေး ကုန်ပါတယ်။
ဒါက အင်မတန်ချွေတာထားတဲ့ အသုံးစရိတ်ပါ။ အချို့ အိမ်ထောင်စုတွေ လူများရင် အသုံးစရိတ်က ဒါထက် ပိုပါတယ်။
အိမ်သုံးစရိတ်လို ပြောရင် စားဝတ်နေရေးအပြင် အခြား ဟာတွေပါ ထည့်တွတ်ရပါတယ်။ ဥပမာ အိမ်သုံး ဆပ်ပြာလို ပြောရင် မဝယ် မဖြစ် ဝယ်ရတဲ့ဟာ ဆပ်ပြာမှုန့် ၊ အဝတ်လျှော် ဆပ်ပြာ ၊ ပန်းကန်ဆေး ဆပ်ပြာ ၊ ကိုယ်တိုက် ဆပ်ပြာ က မဖြစ်မနေ ဝယ်ရတဲ့ ဟာပါ။
အခုတော့ ကိုယ်တိုက် ဆပ်ပြာဆိုရင် ဆပ်ပြာဆီ မသုံးနိုင် အခဲပြောင်းသုံး ၊ ပန်းကန်ဆေးဆပ်ပြာ ဆိုရင် ပြည်တွင်းထုတ်တွေ ပြောင်းသုံးရတဲ့ အခြေအနေကို ကူးပြောင်းလာပါပြီ။
ချွေတာရေး ခေါင်းစဉ်အောက်မှာ အိမ်ရှင်မတွေ ‌ကိုယ့်လက်ထဲ ရောအင့် အပ်လာတဲ့ လစာကို တလ တလ လောက်ငှအောင်သုံးဖို့ ခေါင်းပူအောင် စဉ်းစားနေရပါပြီ။
မြို့ကြီး ၊ ပြကြီးက အိမ်ရှင်မတွေတင်မဟုတ် နယ်တွေအထိပါ ရိုက်ခတ်လာတာပါ။ သူတို့လည်း ငြီးငြူးကြပါတယ်။
ကိုယ်ဒေသက ထွက်တဲ့ ဟင်းသီးအရွက်ကလွဲရင် မြို့ကြီး ၊ ပြကြီးဖြစ်တဲ့ ရန်ကုန် ၊ မန္တလေးက တက်လာတဲ့ ကုန်ပစ္စည်း မှန်သမျှ ဈေးတက်ဆိုတော့ ငြီးငြူးကြပါတယ်။
နယ်မြို့တွေက အများအားဖြင့် စိုက်ပျိုးရေး လုပ်ကြတော့ သူတို့ရဲ့ဝင်ငွေက စိုက်ပျိုးရေးက လာပါတယ်။
စိုက်ပျိုးရေးသီးနှံတွေကလည်း မြေဆီ ဩဇာ စရိတ်တွေ တဟုန်းထိုး တက်လာတဲ့ အပြင် ၊ လမ်းပန်းဆက်သွယ်စရိတ်တွေက တက်လာတော့ ကုန်သည်တွေက ဈေးကောင်း မပေးကြပါဘူး။
စိုက်တိုင်း ရှုံးတဲ့ သီးနှံတွေလည်း ရှိပါတယ်။ အမြတ်ရဖို့ နေနေသာသာ အရှုံးက ရာခိုင်နှုန်း များပါတယ်။
ဒီကြားထဲ ရေကြီးတာ ၊ ပူပြင်းခြောက်သွေ့တာ အစရှိတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ကြုံလာရင် အကြွေး နွံထဲက ခေါင်းပင် မထောင်နိုင်လို့ ဆိုကြပါတယ်။
အဲ့တော့ သားသမီး နည်းနည်းလေး အရွယ်ရောက်ရင် ထိုင်း ၊ မလေးရှားကို အောက်လမ်းက ပို့ကြပါတယ်။ ပို့တဲ့ စရိတ်က တယောက်ကို သိန်းလေးဆယ် အသာလေး ပေးရပါတယ်။
တတ်နိုင်တဲ့သူ ‌ကိုယ်ငွေထုတ် ၊ မတတ်နိုင်တဲ့သူက အကြွေးယူ စနစ်နဲ့ ပို့ကြတယ်။
ရွာထဲမှာ ကိုယ့်သားသမီး နိုင်ငံခြားမှာရှိတဲ့ အိမ်ကသာ အဆင်ပြေတာ ငါ့ တူမကြီးရဲ့ လို့ အဒေါ် စကားက နားထဲက မထွက်ပါဘူး။
ကြက်သွန်နီ တပိဿ တစ်သောင်း နှစ်ထောင် ကျပ် ပေးရတဲ့ မကြုံဖူး ၊ မစားဖူးတဲ့ ခေတ်မှာ လူ ဖြစ်လာရတော့ အိမ်က နံရံတိုင်းမှာ ချွေတာရေး ၊ ချွေတာရေး စာသား မကပ်မိရင်တောင် ခေါင်းထဲမှာ ၊ အတွေးထဲမှာ ၊ စဉ်းစားလိုက်တိုင်း ချွေတာရေး ၊ ချွေတာရေးပါပဲ။
ကိုယ်တယောက်တည်းလား မေးရင် ခေတ်အခြေအနေကြောင့် အိမ်ရှင်မတိုင်း ချွေတာရေး နွံထဲက ရုန်းမထွက်နိုင်ပါဘူး။
ဒီနွံထဲက ရုန်းထွက်ဖို့က လစာတိုးရင်ဖြစ်မှာလား လစာတိုးတယ်ဆိုရင် လစာက လက်ထဲမ​ရောက်​သေး ထိုးတက်မယ့် ကုန်​ဈေးကို မ​တွေးရဲစရာမို့ အိမ်ရှင်မတိုင်း ဖြတ်သန်း​နေရတဲ့ ချွေတာ​ရေးနွံထဲက ရုန်းထွက်ခွင့်​ပေးဖို့ ဘုရားကယ်​တော်မူပါလို့ အကြိမ်ကြိမ်ဆု​တောင်းရင်းဖြင့် —။
စိမ်းနု

Related posts

✕
VOM News

FREE
VIEW