မန္တလေး၊ အောက်တိုဘာ – ၃ – ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စု အတွင်းက နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ သမိုင်းဝင်ရွှေကြက်ကျ ဆု တောင်းပြည့် မြတ်စွာဘုရားပွဲတော်ကို ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းကစတင်ပြီး ရိုးရာဓလေ့အတိုင်း ငှက်လှေတွေနဲ့ လှေဦးတိုက်ပွဲ၊ ရေစာ၊ ဝဲစာကျွေးပွဲ ကျင်းပနေပါတယ်။
သမိုင်းဝင် ရွှေကြက်ကျဘုရားပွဲတော် လှေဦးတိုက်ပွဲကို နှစ်စဥ် အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်မှာ ကျင်းပပြီး ရွှေကြက်ယက်တိုက်နယ်အတွင်းမှာရှိတဲ့ ကျေးရွာ အုပ်စုတွေက တရွာကို ငှက်လှေတစီးနှုန်းနဲ့ ကျေးရွာကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ငှက်လှေတွေမရှိသလောက်နည်းတဲ့အတွက် လှေဦးတိုက်ပွဲတော်ကို ထည့်သွင်းမကျင်းပဖြစ်တဲ့နှစ်တွေရှိခဲ့သလို အကျဥ်းချုံးပြီး ကျင်းပခဲ့ရတဲ့နှစ်တွေလည်း ရှိခဲ့ပါတယ်။
” အရင်နှစ်ကတော့ ရိုးရိုးလှေတွေနဲ့ လှော်လိုက်တယ်၊ ဒီနှစ်ကတော့ ရိုးရာအတိုင်း ငှက်လှေနဲ့လှော်မှာ၊ ကျနော်တို့ဆီမှာ ငှက်တွေကရောင်းလိုက်ကြတော့ ငှားဖို့လည်းမရှိတော့ ပြိုင်ပွဲက မကျင်းပဖြစ်တာ နှစ်တွေလည်းကြာပြီ လေးငါးနှစ်လောက်ရှိပြီ အဲ့ဒါကြောင့် မနှစ်က အပျော်ဆိုပြီး လှေနဲ့ အရင်စလိုက်တာ ဒီနှစ်မှာ ဇာတ်က ၆ ညပါတယ်၊ ဇာတ်ကတော့ စောပြီးကမှာ၊ မင်းသားနိုင်ကျော်ရယ် နောက်တခုက ရွှေတော်ဝင်ဇာတ်၊ ဇာတ်က အင်္ဂ လိပ်လို ၁ ရက်နေ့ကစတာ ၄ ရက်နေ့မှာနားပြီးတော့ အောက်တို ဘာ ၅ ရက်နေ့မှာ နောက်တဇာတ်ကမှာ ” လို့ ရွှေကြက်ယက်ဂေါပကအဖွဲ့ အတွင်းရေးမှူးက VOM ကိုပြောပါတယ်။
ရွှေကြက်ယက်တိုက်နယ်အတွင်းမှာ ကိုးသင်းကျေးရွာ၊ ရွှေဟင်္သါကျေးရွာ၊ ရွှေဒင်ကျေးရွာ၊ ရွှေလောင်းကျေးရွာ၊ စိန်တုံးကျေးရွာ၊ ရွှေလေးကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ခဝါတော်ကျေးရွာ၊ သက္ကယ်တော်ကျေးရွာ၊ သပြေတန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပတ္တမြားကျေးရွာ၊ ကွက်သစ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ခြောက်သွေးသောက်ကျေးရွာ တွေဖြစ်တဲ့ ကျေးရွာ ၁၅ ရွာ၊ အသင်း ၁၅ သင်းက အကြိတ်အနယ် ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
ဆုကြေးငွေအနေနဲ့ ဂေါပကအဖွဲ့က ပေးအပ်မယ့် ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ်အပြင် တခြား ရပ်ကွက်က တဦးချင်းဆုချငွေနဲ့ ကုမ္ပဏီတချို့က ပေးအပ်မယ့် ဆုကြေးငွေတွေလည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
