အောက်တိုဘာ ၄-၂၀၂၆
EP(VOM)
အခုနှစ် ပညာသင်နှစ်ကစပြီး နိုင်ငံတကာသင်ရိုးနဲ့ သင်ကြားပေးနေတဲ့ အင်တာနေရှင်နယ် ကျောင်း တက်နေတဲ့ ကျောင်းသား ၊ ကျောင်းသူများ ပြည်တွင်းရှိ တက္ကသိုလ် ၂၅ ခုတွင် ဆက်လက် သင်ကြား နိုင်ခွင့် ခွင်ပြုလိုက်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
တက်ရောက်သင်ကြားခွင့်ပြုလိုက်တဲ့ နိုင်ငံတကာသင်ရိုးနဲ့ သင်ကြားယူခဲ့တဲ့ အဆင့်များမှာ GCE/ International ‘A’ Level ၊ International Baccalaureate IB Diploma Programme တို့ဖြစ်ကြောင်း အခုနှစ် ပညာသင်နှစ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှာ ဖော်ပြထားပါတယ်။
တက္ကသိုလ်ဝင်ခွင့် ခွင့်ပြုလိုက်တဲ့ တက္ကသိုလ်တွေမှာ အမှတ်အမြင့်ဆုံးဖြစ်တဲ့ ဆေးတက္ကသိုလ် ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၊ ဆေးဝါးတက္ကသိုလ် ၊ သူနာပြုတက္ကသိုလ် ၊ ဆေးဘက်ဆိုင်ရာ နည်း ပညာတက္ကသိုလ် ၊ အခြေခံကျန်းမာရေး တက္ကသိုလ် ၊ နည်းပညာတက္ကသိုလ် ၊ ကွန်ပျူတာ တက္ကသိုလ် တို့ဖြစ်ပါတယ်။
ဒါအပြင် Polytechnic တက္ကသိုလ် ၊ မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာပညာတက္ကသိုလ် ၊ မြန်မာသတင်း အချက်လက်နဲ့ နည်းပညာတက္ကသိုလ် ၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ၊ စီးပွားရေး တက္ကသိုလ် ၊ ပညာရေး တက္ကသိုလ် ၊ နိုင်ငံခြားဘာသာတက္ကသိုလ် ၊ ဝိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ် ၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ၊ မွေးမြူးရေးဆိုင်ရာ ဆေးတက္ကသိုလ် ၊ စိုက်ပျိုးရေးနဲ့ မွေးမြူးရေးတက္ကသိုလ် ၊ သစ်တော နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တို့ဖြစ်ပါတယ်။
သမဝါယမ နဲ့ စီမံခန့်ခွဲမှုပညာတက္ကသိုလ် ၊ သမဝါယမ ကောလိပ် ၊ ယွန်းပညာကောလိပ် ၊ အမျိုးသား ယဥ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ် ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်တွေမှာလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
လျှောက်ထားသူဟာ နိုင်ငံတကာကျောင်းများမှာ တစ်နှစ်အတွင်း အောင်မြင်ထားတဲ့သူတွေဖြစ်ရမှာ ဖြစ်ပြီး ဆေးနဲ့ ဆေးပညာ ဆက်နွယ်နေတဲ့ တက္ကသိုလ်များနဲ့ အမျိုးသားယဥ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ် တက်ရောက်မဲ့သူတွေသာ အသက်ကန့်သတ်ချက်ရှိပြီး အခြားတက္ကသိုလ်တွေမှာတော့ အသက်ကန့်သတ်မထားဘူးလို့ ဆိုပါတယ်။
လျှောက်ထားတဲ့ကျောင်းသား ၊ကျောင်းသူများဟာနိုင်ငံတကာစာမေးပွဲအောင်မြင်ရမဲ့အပြင် ပညာရေး ဝန်ကြီးဌာနက စစ်ဆေးတဲ့ မြန်မာစာ ၊ မြန်မာ့ ပထဝီဝင် ၊ မြန်မာ့ သမိုင်းဘာသာရပ်တွေကို အောင်မြင်ရမှာ ဖြစ်ပါတယ်။
“ဝင်ခွင့်ပြုတယ်တာဆိုတာ ဆေးက္ကသိုလ်က ၂ ရာခိုင်နှုန်းပဲ ခေါ်တာ ၊ ဥပမာ ကျောင်းသား ၁၄၀၀မှ ၂၈ ယောက်ဘဲ ဝင်ခွင့်ရမဲ့ သဘောဖြစ်နေတယ်။ အရမ်းကြပ်ပါတယ်။”လို့ မိဘတဦးကပြောပါတယ်။
အမှတ်အမြင့်ဆုံး ဆေးပညာ လေ့လာဆည်းပူးရမဲ့ တက္ကသိုလ်တွေကိုတော့ ကျောင်းသား ၊ ကျောင်းသူ ၂ ရာခိုင်နှုန်းသာ ခွင့်ပြုပြီး နည်းပညာနဲ့ ပတ်သက်တဲ့ ကျောင်းတွေမှာတော့ ကျောင်းသား ၊ ကျောင်းသူ ငါးရာခိုင်နှုန်းသာ ဝင်ခွင့်ပြုမယ်လိုဆိုပါတယ်။
ကျန် တက္ကသိုလ်တွေကိုတော့ လူဦးရေ ကန့်သတ်ထားခြင်းမရှိတဲ့အပြင် ထူးချွန်စွာ အောင်မြင်စရာ မလိုဘဲ အမှတ်အနိမ့်ဆုံး အဆင့်တွေလည်း လျော့ချထားပါတယ်။
“ ဆေးတက်ချင်ရင် ကျောင်းစရိတ်က သိန်းတစ်ထောင်ငါးရာ သွင်းရမယ်လို သတင်းတွေ ထွက်နေပါတယ်။ သက်သာတဲ့ ဈေးနှုန်းတော့ မဟုတ်ဘူး”လို့ ကျောင်းသားမိဘတယောက်ကပြောပါတယ်။
ထွက်ပေါ်နေတဲ့ ကောလဟလများနဲ့ ပတ်သက်ပြီး VOMသတင်းဌာနက အဆင့်မြင့်ပညာရေးဦးစီးဌာန ကို မေးမြန်းရာမှာတော့ ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
ပြည်တွင်း ပညာရေးအသိုင်းဝိုင်းမှာတော့ နိုင်ငံတကာစာမေးပွဲ အောင်မြင်သူတွေကို ဆေးတက္ကသိုလ် အပါအဝင် ကျန်တက္ကသိုလ်တွေကို တက်ရောက်ခွင့်ပြုတဲ့အပေါ် အပြုသဘောဆောင်ကြိုဆိုမှုများ ရှိခဲ့ပါတယ်။
.
နိူင်ငံတကာစာမေးပွဲ အောင်မြင်သူများကို တက္ကသိုလ် တက်ရောက်ခွင့်ပြုလိုက်ပေမဲ့ အခြေခံပညာကို ပြီးဆုံးခြင်းမရှိတဲ့ သူတွေ အများဆုံးတက်ရောက်ကြတဲ့ GED စာမေးပွဲ ဖြေဆိုအောင်မြင်သူများကို တက်ရောက်ခွင့် ပြုမထားတဲ့အတွက် ပြောဆိုမှုတွေကတော့ ရှိနေပါတယ်။
