အောက်တိုဘာ ၆ – ၂၀၂၆
SN (VOM)
လာမယ့် သီတင်းကျွတ်ပွဲတော် ကာလမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း မီးပုံးပျံ အလုံးရေ သုံးသောင်း လွှတ်တင်မယ့် အစီအစဉ်ကို ဝေဖန်မှုတွေကြားကနေ ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ပြီး အန္တရာယ်အကင်းဆုံးနဲ့ စိတ်အချရဆုံးဖြစ်အောင် စီမံ ဆောင်ရွက်နေတယ်လို့ “မဟာသီယံ” ရိုးရာထိန်းသိမ်းမှုအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းရှိန်က ပြောပါတယ်။
မီးပုံးပျံတွေကို နေရာသုံးနေရာခွဲပြီး အောက်တိုဘာ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေမှာ လွှတ်တင်သွားမှာဖြစ်ကာ ဒီပွဲတော် ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ သီတင်းကျွတ် ပွဲတော်ကြီးကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖော်ထုတ်ဖို့နဲ့ ကောလာဟလတွေကြောင့် ကျဆင်းသွားတဲ့ ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်သွင်းဖို့ ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
လက်ရှိမှာ ကြိုတင်စမ်းသပ်မှုတွေ ဆောင်ရွက်နေသလို ပွဲတော်ရက်တွေအတွက် လုံခြုံရေး Buffer Zone သတ်မှတ်တာအပြင် သတ်မှတ် အလုံးရေအတိုင်း အန္တရာယ်ကင်းကင်း လွှတ်တင်နိုင်ဖို့ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ အစည်းအဝေးပြုလုပ် ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
“မီးပုံးပျံလွှတ်တင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိကြတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စမ်းသပ်လွှတ်တင်တဲ့ ကာလတလျှောက်လုံးမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဝေဟင်ကနေ ဒရုန်းတွေနဲ့ ကင်းထောက်တာ၊ ပျံသန်းရာ လမ်းကြောင်းနောက်ကို အနီးကပ် လိုက်ပါစောင့်ကြပ်တာတွေကို စနစ်တကျ ပြုလုပ်ခဲ့တာပါ” လို့ သူက ပြောပါတယ်။
ပွဲတော်ကာလအတွက် လွှတ်တင်မယ့် မီးပုံးပျံအမျိုးအစားနဲ့ အရွယ်အစားကို သီးသန့် ရွေးချယ်ထားတာဖြစ်ကာ မီးပုံးပျံ လွှတ်တင်ဖို့ နေရာနဲ့ အရေအတွက်၊ အမျိုးအစားကို ရှေးဟောင်း ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးနဲ့ မီးဘေးအန္တရာယ် ကင်းဝေးရေး အဖွဲ့အစည်းတွေက သတ်မှတ်ပေးပြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။
လာမယ့်ရက်တွေမှာလည်း လက်တွေ့ကွင်းဆင်း လေ့ကျင့်တာတွေကို ဆက်လက် ပြုလုပ်သွားမှာဖြစ်သလို အခုလို စမ်းသပ်ကာလအပြင် ပွဲတော်ကာလမှာ မီးပုံးပျံ လွှတ်တင်ချိန်မှာလည်း မြေပြင်မှာ စောင့်ကြည့်အဖွဲ့တွေ ရှိနေမှာဖြစ်ကာ ဝေဟင်ကနေလည်း ဒရုန်းတွေ တောက်လျှောက် လိုက်ပါနေမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခု စမ်းသပ်လွှတ်တင်နေတဲ့ မီးပုံးပျံတွေက ကျွန်တော်တို့ တကယ်လွှတ်မယ့် မီးပုံးပျံတွေ မဟုတ်ပါဘူး။ အန္တရာယ်အကင်းဆုံး မီးပုံးပျံကို လွှတ်မှာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ မီးပုံးပျံနဲ့ သတ်မှတ်ထားတဲ့ အရေအတွက်တော့ ရှိတယ်။ ဒါပေမယ့် အခုအချိန်မှာ လွှတ်မယ့်အမျိုးအစားနဲ့ ပုံစံကို ပြောလိုက်တာနဲ့ တခြားလူတွေက လိုက်ဝယ်ပြီး လွှတ်ကြတော့မှာ။ အဲဒီအခါကျရင် ပွဲတော်ကနေလွှတ်တဲ့ မီးပုံးပျံတွေနဲ့ ရောပြီး ထိန်းချုပ်မှုမရှိတဲ့ တခြား မီးပုံးပျံတွေက ကျွန်တော်တို့ဆီကိုလာပြီး ဆိုးကျိုး ရှိလာနိုင်တဲ့အတွက် အမျိုးအစားနဲ့ ပုံစံကို မပြောသေးတာပါ။ ပုံစံတူတွေ လိုက်လုပ်မှာစိုးလို့ပါ” လို့ သူက ပြောပါတယ်။
အခုလို စမ်းသပ်ကာလမှာတောင် ၎င်းတို့အဖွဲ့ကလွှတ်တာ မဟုတ်တဲ့ မီးပုံးပျံတလုံး သစ်ပင်တပင်ပေါ် ကျရောက်ခဲ့တာကြောင့် ဒေသခံတွေကြား၊ လူမှုကွန်ရက် အသုံးပြုသူတွေကြား အထင်အမြင် လွဲမှားမှုတွေ ကြုံတွေ့နေရတယ်လို့ သူက ပြောပါတယ်။
မကြာသေးမီက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ စမ်းသပ်လွှတ်တင်တဲ့ မီးပုံးပျံတလုံး နေအိမ်ပေါ် ကျတယ်ဆိုတဲ့ ဖြစ်စဉ်ဆိုရင်လည်း ၎င်းတို့အဖွဲ့က လွှတ်တင်တဲ့ ပစ္စည်းမဟုတ်ဘဲ သီးခြားပြင်ဆင်ထားတာ ဖြစ်သလို၊ လူနေအိမ်ပေါ် ကျတာမဟုတ်ဘဲ သစ်ပင်တပင်ပေါ် ငြိတွယ်ခဲ့တာလို့ သူက ပြောပါတယ်။
“ပြီးတော့ ဒီအချိန်က မီးပုံးပျံလွှတ်တဲ့အချိန်လည်း မဟုတ်ဘူးလေ။ ဒီအချိန်မှာ မီးပုံးပျံ စမ်းသပ် လွှတ်တဲ့အဖွဲ့ကလည်း ကျွန်တော်တို့ပဲ ရှိတာဆိုတော့ ဒါက ဒီပွဲကို ပျက်စေချင်တဲ့ ရည်ရွယ်ချက်တခုတည်းနဲ့ လုပ်သလို ဖြစ်နေတယ်။ ကံကောင်းသွားတာ ကျွန်တော်တို့ စမ်းသပ်မယ့်ရက်ကို ကြိုတင် ကြော်ငြာထားတယ်။ ပြီးတော့ မီးသတ်ကားတွေလည်းပါတယ်။ အစိုးရပိုင်း တာဝန်ရှိသူတွေ၊ တခြား အဖွဲ့အစည်း အစုံလည်းပါတယ်။ အဲဒီ မီးပုံးပျံ အပင်ပေါ်ကျတယ်၊ အများ ပြောနေကြသလို အိမ်ပေါ်ကျတယ်ဆိုတဲ့ ရက်က ကျွန်တော်တို့ စမ်းသပ်တဲ့ရက် မဟုတ်ဘူး။ နှစ်ရက်၊ သုံးရက်လောက် ခြားသွားပြီ” လို့ သူက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပို့စ်တင်တဲ့သူဆီကို ၎င်းတို့ကိုယ်တိုင် ဖုန်းနဲ့ဆက်သွယ် ရှင်းပြခဲ့ပေမယ့် ပွဲတော်အပေါ် အထင်အမြင် လွဲမှားစေမယ့် ရေးသားမှုတွေကတော့ ရှိနေဆဲပဲလို့ သူက ပြောပါတယ်။
၎င်းတို့အဖွဲ့အနေနဲ့ ပွဲတော်ကာလအတွင်း လွှတ်မယ့် မီးပုံးပျံတွေအကုန်လုံးမှာ ၎င်းတို့ရဲ့ မီးပုံးပျံတွေမှန်း သိသာစေတဲ့ အမှတ်အသားတွေ ထည့်ထားမှာဖြစ်ပြီး မီးပုံးပျံ လွှတ်မယ့်အချိန်မှာလည်း လေက ဘယ်နေရာမှာ ဘယ်လိုမျိုး တိုက်ခတ်နိုင်မယ် ဆိုတာကို မသိရတဲ့အတွက် လက်ရှိမှာ ဖယောင်းမီးစာရဲ့ ခံနိုင်ရည်အား၊ အချိန် ဘယ်လောက်အကြာမှာ မီးငြိမ်းသွားနိုင်မလဲ ဆိုတာမျိုးတွေကို စောင့်ကြည့် စမ်းသပ်နေတယ်လို့ ဆိုပါတယ်။
“ပြီးတော့ မီးစာကုန်တဲ့အချိန်မှပဲ မီးပုံးပျံက အောက်ကိုကျမှာ။ များသောအားဖြင့် မီးစာတန်းလန်းနဲ့ကျတဲ့ မီးပုံး မရှိဘူး။ အရင်နှစ်တွေတုန်းက တခြားနေရာတွေမှာ လွှတ်တဲ့ မီးပုံးပျံတွေက ဒီဇယ်ပတ်တွေနဲ့ လွှတ်တယ်၊ အောက်ကျတဲ့အချိန်အထိ မီးလောင်အောင် လုပ်ထားတာလား ဆိုတာမျိုးတွေ ရှိတယ်။ အခုကတော့ မီးပုံးပျံ အောက်ကိုကျတာနဲ့ မီးက အလိုလို ငြိမ်းသွားပြီ။ မီးစာကလည်း လေပေါ်မှာ အလွန်ဆုံးခံရင် ၅ မိနစ်၊ ၁၀ မိနစ်လောက်ပဲ။ အဲဒီကိစ္စတွေပါ အကုန်လုံး ထည့်တွက်ထားပါတယ်။ ဒါကို ကျွန်တော်တို့က safe မဖြစ်ရင်၊ အန္တရာယ်ရှိတယ်ဆိုရင် လုပ်မှာမဟုတ်ပါဘူး” လို့ ဦးအေးမင်းရှိန်က ပြောပါတယ်။
လက်ရှိ နိုင်ငံတကာမှာလည်း (ချင်းမိုင်လို နေရာမျိုးတွေမှာ) မီးပုံးပျံ လွှတ်တင်မှာကို စနစ်တကျ စောင့်ကြည့် ထိန်းကျောင်းကာ ခရီးသွားဆွဲဆောင်မှု ပွဲတော်တွေ ပြုလုပ်နေကြတယ်လို့ သူက ပြောပါတယ်။
“ဘေးကနေ ဝေဖန်ဖို့ လွယ်ပေမယ့် လက်တွေ့ မြေပြင်မှာတော့ စိန်ခေါ်မှုတွေကို တွန်းလှန်ပြီး အားလုံး ကြိုးစားနေကြပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ ပထမ ရည်မှန်းချက်အတိုင်း ပွဲတော်ရက်တွေဖြစ်တဲ့ ၂၅၊ ၂၆၊ ၂၇ မှာ ပုဂံဒေသ ဟိုတယ်တွေ အကုန်လုံးနီးပါး ပြည့်သွားပါပြီ။ ကျန်တဲ့ အပိုင်းတွေကိုလည်း သတ်မှတ်ထားတဲ့ လုံခြုံရေး စည်းမျဉ်းတွေနဲ့အတူ အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံး ဖြစ်အောင် ဆက်လက် အကောင်အထည် ဖော်သွားမှာပါ။ ပွဲပြီးတဲ့အခါကျရင်လည်း မီးပုံးပျံ အကြွင်းအကျန်တွေနဲ့ အမှိုက်တွေကို ပြန်လည်သိမ်းဆည်း ရှင်းလင်းနိုင်ဖို့ သန့်ရှင်းရေးအဖွဲ့တွေ စီစဉ်ထားပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ မီးပုံးပျံလွှတ်တင်မယ့် နေရာတွေကို ရွေးချယ်ထားပေမယ့် စမ်းသပ် ဆောင်ရွက်နေဆဲကာလ ဖြစ်တာကြောင့် ပွဲတော်ကာလ နီးကပ်လာမှသာ မည်သည့်နေရာတွေမှာ မီးပုံးပျံ လွှတ်တင်မယ်ဆိုတာကို ကြေညာပေးမယ်လို့ သူက ပြောပါတယ်။
ပုဂံဒေသဟာ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသဖြစ်ပြီး ရာစုနှစ်ချီ သက်တမ်းရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေနဲ့ နံရံဆေးရေးပန်းချီတွေ တည်ရှိရာနေရာ ဖြစ်တာကြောင့် မီးပုံးပျံတွေ စေတီပုထိုးတွေပေါ် ကျရောက်ပါက အစားထိုးမရတဲ့ ရှေးဟောင်းအမွေအနှစ်တွေ မီးလောင် ပျက်စီးနိုင်ခြေ ရှိနေတာနဲ့ပတ်သက်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့ ဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေတာပါ။
ပုဂံဒေသမှာ ဘိုးဘွား အမွေအနှစ်တွေလည်း ရှိနေသလို လက်ရှိ နေထိုင်နေကြတဲ့ အိမ်တွေဟာလည်း တအိမ်နဲ့တအိမ် ထိစပ်နေကြပြီး မီးရေးထင်းရေး အမြဲ စိုးရိမ်နေရတဲ့ ဒေသတခု ဖြစ်တယ်လို့ ရှေး/သု ပညာရှင်တယောက် ပြောပါတယ်။
မီးဘေးနဲ့ တခြားဆက်စပ် ထိခိုက်နိုင်မယ့် အန္တရာယ်တွေကို သိပါလျက် စိတ်ခံစားမှု တခုတည်းအတွက် မပြုလုပ်သင့်ဘဲ သေချာ စဉ်းစားချင့်ချိန်ပြီး သင့်တော်မယ့် ရိုးရာအစီအစဉ်မျိုးကိုသာ စဉ်းစားပေးစေချင်တယ်လို့ သူက ပြောပါတယ်။
နောက်ထပ် ရှေး/သုပညာရှင် တယောက်ကလည်း “မီးပုံးပျံအစား ဆီမီးခွက်လေးတွေ ဘုရားဝင်းတိုင်းမှာထွန်း။ အိုးပုတ်သည်လည်း ပိုက်ဆံရတယ်။ ရိုးရာလည်းဖြစ်တယ်။ ပတ်ဝန်းကျင်လည်း ပလတ်စတစ်လို မထိခိုက်ဘူး။ ဧရာဝတီမြစ် ဗူးဘုရား၊ လောကနန္ဒာကမ်းနားတို့မှာ ကြာဖက်ကလေးတွေနဲ့ ဆီမီးမျှောကြ။ အရမ်းလှပြီး ရိုးရာနှစ်စဉ်လုပ်နေကျက ပတ်ဝန်းကျင်လည်း မထိခိုက်ဘူး။ ဘုရားတွေလည်းမထိခိုက်၊ လိုက်စောင့်ရတာတွေလည်း မလိုတော့ အကုန်အကျလည်း သက်သာတယ်” လို့ ပြောပါတယ်။
ဒါအပြင် နောက်ထပ် ပညာရှင် တယောက်ကလည်း အဲဒီဒေသရဲ့ မြေပုံစက်ဝန်းထဲမှာ လူနေရပ်ဝန်း သုံးခု တွေ့ရပြီး အဲဒါတွေကတော့ မြင်းကပါ၊ တောင်ဘီ၊ ဝက်ကြီးအင်းတို့ဖြစ်ပြီး ပုဂံခေတ်ကတည်းကနေ လက်ရှိ အချိန်အထိ တည်ရှိနေတဲ့ ရွာကြီးတွေဖြစ်ကာ မြို့ပြရပ်ကွက်တွေလို စနစ်တကျ လမ်းဖွဲ့စည်းမှုမရှိအတွက် မီးရေးထင်းရေးဆို မီးသတ်ကား၊ ရေကား အဝင်၊ အထွက် အရမ်းခက်နိုင်တယ်လို့ ထောက်ပြထားပါတယ်။
ခရီးသွားလုပ်ငန်းငန်းရှင် တယောက်ကတော့ အခုလို အစီအစဉ်နဲ့ ပတ်သတ်လို့ ဆောင်ရွက်မယ့် အဖွဲ့အစည်းတွေအနေနဲ့ project plan အသေးစိတ် ရေးဆွဲထားဖို့ လိုအပ်ပြီး ဆောင်ရွက်မယ့် အခန်းကဏ္ဍအသီးသီးမှ လူ၊ ဖွဲ့စည်းပုံ၊ အထောက်အကူပြုပစ္စည်း၊ ယာဥ်၊ ယန္တရား၊ အချိန်ဇယားနဲ့ အဖွဲ့စုံ ပါဝင်တဲ့ ဇာတ်တိုက်လေ့ကျင့်မှု၊ နေ့စဥ် ရာသီဥတု လေ့လာစောင့်ကြည့်ရေးအဖွဲ့၊ ၄င်းတို့ရဲ့ စိစစ်တွေ့ရှိချက်မှတ်တမ်း၊ အရေးပေါ် ကယ်ဆယ်ရေးနဲ့ လုံခြုံရေးအစီအမံတွေ များစွာ လိုအပ်နိုင်တယ်လို့ အကြံပြုထားပါတယ်။
Photo – Bagan Lover
