မန္တလေး၊ စက်တင်ဘာ ၂၄၊ ၂၀၁၉
ဖြူဖြူ (VOM)
မန္တလေးနန်းမြို့ရိုးနဲ့ကျုံးရေပြင်မှာ တရုတ်နန်းမြို့ရိုးပုံ ရောင်ပြန်ထင်ဟပ်နေတဲ့ ရုပ်ပုံကို မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ China Today မဂ္ဂဇင်း ကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြထားတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ဝေတဲ့ China Today မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံဟာ Facebook လူမှုကွန်ရက် စာမျက်နှာကနေတစ်ဆင့် လူသိများလာပြီး ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
“သူတို့နိုင်ငံမှာလည်း ဒီလိုနန်းတော်မျိုးရှိပါတယ် ဆိုတဲ့ဟာကို ပြချင်လို့ထုတ်တာပါလို့ပြောတယ်။ ဒါပေမယ့် ပြည်သူတွေရဲ့တုန့်ပြန်ချက်ကကျ တမျိုးမြင်တယ်။ အဲဒီတော့ ပြည်ထောင်စုကိုတင်လိုက်ပါပြီ။ ကျနော်ရဲ့လုပ်ပိုင်ခွင့်ကတော့ သာသနာရေးဝန်ကြီးဌာနကို တင်ပြထားတယ်” လို့ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီနေ့ကျင်းပတဲ့ လွှတ်တော်စည်းဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
China Today မဂ္ဂဇင်းဟာ တရုတ်နိုင်ငံရဲ့ အကြောင်း၊ တရုတ်နိုင်ငံက ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ခရီးသွားလာရေးကဏ္ဍတွေ၊ တရုတ်နိုင်ငံကနေ အရှေ့တောင်အာရှနိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း စတာတွေကို မြန်မာဘာသာနဲ့ ဖော်ပြတဲ့ လစဉ်မဂ္ဂဇင်းတခုဖြစ်ပါတယ်။
ဒီမဂ္ဂဇင်းကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာပြည်ဖွား တရုတ်လူမျိုးတွေ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ၊ တရုတ်ခရီးသွားလုပ်ငန်းရှင်တွေအကြား အဓိကထား ဖြန့်ဝေတာဖြစ်ပါတယ်။
မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်ကတော့ “သူတို့ကတော့ ယဉ်ကျေးမှုကို သရုပ်ဖော်တယ်ပေါ့နော်။ သို့သော်ငြားလည်း ဒီမှာက နန်းနဲ့ မြို့ရိုးဆိုတာ မြန်မာရဲ့ အချုပ်အခြာ အာဏာလို့ သတ်မှတ်ထားတော့ မြန်မာရဲ့အချုပ်အခြာအာဏာကို တစ်စုံတစ်ရာ ထိပါးတယ်လို့ မန္တလေးမြို့နဲ့ မြန်မာ ပြည်သူလူထုက သဘောပေါက်ထားတော့၊ တိုင်းပြည်မှာက အချိန်ကလည်းအကဲဆတ်တဲ့အချိန်ဆိုတော့ သတိထားသင့်တာပေါ့” လို့ ဆိုပါတယ်။
#voiceofmyanmar #မန္တလေး #China Today