ဆက်ကြေးငွေ မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တဲ့ ရွှေလုပ်ငန်းရှင် ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ဒီဇင်ဘာ ၂၄-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပက္ကလာကျေးရွာအုပ်စု ၊ နားနစ်ကျေးရွာနဲ့ မန်စိမ်းကျေးရွာအကြား ရွှေလုပ်ကွက်ထဲကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက ဆက်ကြေးလာရောက် ကောက်ခံတဲ့အခါ ဆက်ကြေးငွေ မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တဲ့ ရွှေလုပ်ငန်းရှင် ၁ ဦးကို ဆက်ကြေးလာကောက်တဲ့သူ ၂ ဦးက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

” အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ယောက် သေနတ်နဲ့ ပစ်ခံရတယ်၊ ဒဏ်ရာက ဝဲဘက် ရင်အုံနေရာကနေဖောက်ဝင်ပြီး နောက်ကျောဘက်ကို ဖောက်ထွက်သွားတဲ့ ဒဏ်ရာ ၁ ချက်ရတယ်၊ အခု ဟုမ္မလင်း ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ် ” လို့ ပက္ကလာကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

နားနစ်ကျေးရွာနေ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကိုသိန်းဇော် အသက်၂၇နှစ်ဟာ မန်စိမ်းရွှေမှော်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အချိန် အရပ်ဝတ် ဝတ်ဆင်ထားတဲ့ လူ ၂ ယောက် ရောက်လာပြီး ဆက်ကြေးကောက်ခံတဲ့အခါ ဆက်ကြေးငွေ မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တာကြောင့် ဆက်ကြေးလာကောက်သူ ၂ ယောက်ထဲက ၁ ယောက်က လွယ်အိတ်ထဲကနေ ပစ္စတိုသေနတ်ကို ထုတ်ယူပြီး ကိုသိန်းဇော်ရဲ့ ဘယ်ဘက် ရင်အုံနေရာကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့လိုက်ရသူတစ်ယောက်ရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရွှေလုပ်ကွက်နေရာတွေဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆယ်ဇင်းကျေးရွာနဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မန်စိမ်းကျေးရွာအကြားမှာ တည်ရှိနေတာကြောင့် ရွှေလုပ်ကွက်တွေဆီကနေ ဆက်ကြေးကောက်ခံတဲ့အခါ လက်နက်ကိုင်အဖွဲ့တွေ မကြာခဏ အငြင်းပွားမှုတွေဖြစ်ပြီး ပစ်ခတ်ထိတွေ့တာတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ ရွှေလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ဆက်ကြေးက KIA အဖွဲ့ တပ်မဟာ (၉) ၊ တပ်ရင်း (၂၆) တိုက်နယ်ကိုလည်း ပေးရတာလည်းရှိတယ် ၊ SNA အဖွဲ့ဘက်ကိုလည်းဆောင်ရတယ်၊ လုပ်ငန်းအဆင်ပြေချင်တော့ အဆင်ပြေအောင်နေရတယ်”လို့ ရွှေတွင်းကြီးကျေးရွာက ရွှေလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ် ။

ဒါ့အပြင် ကိုသိန်းဇော် ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်ကြေးကောက်ခံသူတွေဟာ KIAအဖွဲ့က ဖြစ်တယ်လို့ ဆက်ကြေးပေးဆောင်ရသူ ရွှေလုပ်ငန်းရှင်တွေဘက်က စွပ်စွဲထားပါတယ်။
အဲ့ဒီ စွပ်စွဲချက်ကို အတည်ပြုနိုင်ဖို့ VOM က KIA သတင်းနဲ့ ပြန်ကြားရေးဆီ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

#voiceofmyanmar #VOM #ဟုမ္မလင်း #ဆက်ကြေးငွေမပေးနိုင် #ရွှေလုပ်ငန်းရှင် #သေနတ်ပစ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW