ထန်းရွက်ပုတီးဆွဲတဲ့ အရွယ်

ဆူးငှက်
 
မန္တလေးမှာ အေလမ်း၊ ဘီလမ်း၊ စီလမ်းဆိုလို့ ယနေ့ခေတ်လူငယ်တွေ ဘယ်သူမှ သိမှာ မဟုတ်ကြတော့။ တကယ်တော့ ၁၈၈၆ခုနှစ် မန္တလေးရတနာပုံနေပြည်တော်ကို အင်္ဂလိပ်တို့ စတင်တက်ရောက် သိမ်းပိုက်ကတည်းက ထိုလမ်းနာမည်တွေ တွင်ခဲ့သည်ဟု သိရသည်။ ဂေါဝိန်ဆိပ်က အင်္ဂလိပ်တပ်တွေ ကမ်းတက်လာကြသောအခါ တပ်အလိုက် တက်ရောက်လာကြသည့် လမ်းကြောင်းတွေကို သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်ဟု သိရသည်။
 
ကျွန်တော်တို့ သက်တမ်းအရွယ်တွေအထိ အေလမ်း၊ ဘီလမ်း ၊စီလမ်းတို့ခေါ်တာ နုတ်ကျိုးနေပြီ။ အေလမ်းဆိုတာက အရှေ့ထိပ် မန္တလေး-ပြင်ဦးလွင် လမ်းမကြီးမှအနောက် ဂေါဝိန်ဆိပ်အထိ ရှည်လျားသော ၃၅လမ်းကို ခေါ်ခြင်းဖြစ်သည်။ ထိုလမ်းမကြီးကိုပဲ လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်နီးပါးက ရန်ကြီးအောင်လမ်းလို့
သုံးစွဲခေါ်ဝေါ်ခဲ့ကြသော်လည်း ထိုနာမည်က ရေရှည်မတည်မြဲခဲ့။ အေလမ်းဆိုသော အမည်ကို ခေတ်သစ်မန္တလေးသားတွေ တွင်တွင်ကျယ်ကျယ် မသုံးပေမယ့် ထိုနာမည်က ခိုင်ခိုင်မာမာတော့ ရှိနေဆဲဖြစ်သည်။ နှစ်ပေါင်းတစ်ရာကျော်ပင် သက်တမ်းရှည်ခဲ့ပြီဟု ဆိုရမည်။
 
အေလမ်း၏ ကနဦးအစအဖျားဖြစ်သော နေရာမှာ အောင်ပင်လယ်ကွေ့ဟုခါ်သည်။ ယခု မန္တလေး-ပြင်ဦးလွင် အသွား လမ်းမကြီးက အောင်ပင်လယ်ကန်ဘောင်ရိုးဖြစ်သည်။ အေလမ်းနှင့် အောင်ပင်လယ်လမ်းဆုံသည် ယခင်က ပြင်ဦးလွင်သို့ ထွက်ရာတစ်ပေါက်တည်းသော လမ်းဖြစ်ခဲ့ရာမှ အခုတော့ ပြင်ဦးလွင်အထွက်လမ်းများသည် နန်းရှေ့၁၉လမ်း၊ ၂၆ဘီလမ်း၊ လမ်း၃၀၊၃၅အေလမ်း၊ သိပ္ပံလမ်း၊ မနော်ဟရီလမ်းမှတဆင့် ၄၈လမ်းတို့ ဖြစ်နေပြီ။ ဒါပေမယ့်မြို့တွင်းက အများဆုံးထွက်သည့် လမ်းကတော့ အေလမ်းပဲဖြစ်ပါသည်။
 
အေလမ်းသည် အောင်ပင်လယ်လမ်းဆုံမှ အနောက်သို့ ဆင်းလာပြီးနောက် ယခင်ကရှိပြီး ကန်ကောက်ရွာသည်ပင် မြို့ပြအနေအထားဖြစ်သွားပြီ။ လမ်းမျက်နှာစာမှာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ စတိုးဆိုင်စသည်ဖြင့် ဈေးလမ်းမဖြစ်သွား၏။ ကန်ကောက်ရွာသည် အောပင်လယ် ကန်တော်ကောက်၍ စီးဆင်းရာဖြစ်သောကြောင့် ကန်ကောက်ဟုခေါ်တွင်ခဲ့လေသတဲ့…။
 
မင်းတုန်းမင်းတရားကြီးက ကန်ကောက်ကို ကန်ကောင်းဟု ခေါ်တွင်ရစေမည်ဟု အမိန့်တော်ရှိခဲ့ဖူး၏။ ကန်ကောင်းဥယျာဉ်တော်ဘွဲ့ သီချင်းကြီးတစ်ပုဒ်ကိုပင် မဟာမင်းလှမင်းထင်သင်္ခယာရေးသားဆက်သွင်းဖူးလေသည်။ ကန်ကောက်ရွာနှင့် မလှမ်းမကမ်း အောင်ပင်လယ်ကန်ပေါင်ရိုးမှာပင် အေလမ်းသည် စတင်စီးဆင်းခဲ့လေသည်။ အေလမ်းနှင့် အောင်ပင်လယ်ကန်ပေါင်ရိုးသည် ၉ဝ ဒီဂရီတည့်တည့် ဆုံသည်။ ထိုကျင်တွယ်နေရာကို အောင်ပင်လယ်ကွေ့ဟုခေါ်သည်။ အန္တရာယ်ကွေ့တစ်ခုအဖြစ် ကျော်ကြားခဲ့၏။ ထိုနေရာမှ အရှေ့ဆီမျှော်လျှင်လည်းကောင်း၊ အနာဂတ်ဆီမျှော်လျှင်လည်းကောင်း၊ တောတောင်အကွက်အကွင်းနှင့်၊ မြို့ပြအကွက်အကွင်းကို စည်းခြားမြင်ရလေသည်။
တစ်ချိန်က ထိုနေရာတွင် ကုန်စိမ်းတွေနောက်က ကယ်ရီယာမှာ အပြည့်တင်ထားသည့် MMTAဂျစ်ကားလေးတွေ တအိအိ ဖြတ်သွားကြမည်။ အခုတော့နာက်ဆုံးပေါ် မက်တူးတွေ။ လင်ခရုဆာတွေ၊ ဆယ်ဘီးယူဒီကြီးတွေ
ဝါခနဲကွေ့တက်သွားကြမည်။
 
မည်သို့ပင်ဖြစ်စေ အမြင်မရိုးသေးတာကတော့ အမိုးဖွင့်မြင်းလှည်းလေးနှင့် ရွာအလှူပွဲသွားကြတာမျိုးဖြစ်သည်။ ကောက်ရိုးလှည်းတွေ တအီအီဖြတ်သွားတာ ရှိသေးသော်လည်း ထော်လာဂျီတဝုန်းဝုန်းအသံတွေလည်းပြေးလွှားနေကြပါပြီ။ အေလမ်း၏မြစ်ဖျားသည် အစဉ်အလာနှင့် အပြောင်းအလဲကြား မနည်းစီးဆင်းနေရ၏။ ကန်ပေါင်ရိုးကအဆင်း လယ်ကွင်းများကတော့ အေလမ်းတစ်ဖက်တစ်ချက်မှာရှိနေတာ အရင်ကအတိုင်းပဲဖြစ်ပါသည်။ အေလမ်းမကြီးကတော့ ခြောက်လမ်းသွားကြီးဖြစ်သွားတာပေါ့။ အရင်လို ကားနှစ်စီးရှောင်သာရုံမဟုတ်တော့။ ကားနှစ်စီးရှောင်သာရုံခေတ်ကလည်း အရင်လိုလှည်းလမ်းသာသာဖြစ်ခဲ့တာ လွမ်းဆွတ်ချင် လွမ်းဆွတ်နေမှာပေါ့။ အဲ့သည် လှည်းလမ်းပေါ်မှာ ရွှေစာရံဘုရားပွဲတော်သို့ သွားသည့် လှည်းတန်းရှည်ကြီးလည်း ဖြတ်သွားဖူးမှာပေါ့။ ဆရာကြီးရွှေဥဒေါင်းကတော့ ရွှေစာရံဘုရားသို့ လှည်းနှင့် တစ်စုတစ်ဝေးသွားရခြင်းကို တစ်သက်တာတွင် အပျော်ဆုံးသော ပွဲဟု ရေးသားခဲ့လေသည်။
 
“… ကျွန်ုပ်တို့၏ အရပ်မှ လှည်းများသည် အောင်ပင်လယ် ကန်ပေါင်ရိုးသို့ရောက်ကြသောအခါ လှည်းတန်းရှည်ကြီးနှင့် ဆုံမိကြ၍ အထဲ၌နေရာယူကာ အပါအဝင်ပြုလျက် မောင်းနှင်ကြလေ၏။
ထိုအချိန်၌မူလမင်းသည် အတော်မြင့်လာပြီဖြစ်၍ လှည်းတန်းရှည်ကြီး၏ ရှည်လျားခြင်းကို မြင်နိုင်လေပြီ။ သို့ရာတွင် ဤမျှလောက် ရှည်လျားသည်ကိုမူ မမြင်နိုင်ချေ။ မန္တလေးတစ်မြို့လုံးမှ ဘုရားပွဲသွားများသည် ဤအချိန်တွင် ဤနေရာသို့ရောက်အောင်(လနာရီဖြင့်) လှည်းမောင်းလာခြင်းဖြစ်သောကြောင့် တပေါင်းတည်းဆုံမိကြရာတွင် နှစ်ပြသုံးပြ ရှည်လျားပါလိမ့်မည်။ ထိုစဉ်ကမူ ဗီရိုလှည်း တစ်စီးတလေမှတစ်ပါးမင်းရထား၊ မြင်းလှည်း၊ မိုတိုကား၊ဒေါက်ကတ်၊ ဘက်ဂီစသောယာဉ်မျိုး မပါ။ပေါင်းမိုးနှင့်လှည်းတွေကြီးဖြစ်ကြ၍ အနှေးအမြန်မရှိ။ တစ်စီးနှင့်တစ်စီးက ကျော်တက်ခြင်းလည်းမရှိ။ (လမ်းကျဉ်းသောကြောင့်ကျာ်တက်ရန်လည်း မဖြစ်နိုင်)။ တစ်စီးနောက်မှတစ်စီး တဖြည်းဖြည်း တအိအိ ဇိမ်ရှိရှိမောင်းနှင်ရလေသည်။” ဟူ၍ဖြစ်၏။
ဤလမ်းတစ်လျှောက်တွင် ဆရာကြီးရွှေဥဒေါင်းသည် သီချင်းတကျော်ကျော်နှင့်ပျော်မြူးခဲ့လေသည်။ ရုပ်သေးမင်းသမီးကြီး ဆရာပု၏တေးချင်း၊ ကိုဘကျော့၏ မြိုင်ထ၊ စပယ်သက်ကြီး၏ ပတ္တမြားမှန်ဂူ
(ဆဒ္ဒန်ဆင်မင်းတောလား)ကြီးတို့ ဖြစ်သည်။
 
“……ဟန်တစ်မျိုးဒြပ်ဆင်ကာ အခုအခြေက ကောင်းတာမို့၊ ကန်ရိုးနတ်စင်မှာ ဆုတွေတောင်းပါလို့၊ ယခုအခြေကောင်းတာမို့ ဗျပါစကြွယ်၊ ဗျပါစကြွယ်၊ ဆုတွေတောင်းပါလို့၊ လာ … ငါ … ငါ …. ငါ …
လာရတယ်။” လှည်းပေါင်းမိုးတစ်စီးထက်မှ ရွှေစာရံမြိုင်ထ ရှေးသီချင်းသံသည် လွင့်ပျံခဲ့ဖူးတာ ဒီနေရာမှာဖြစ်ပါသည်။ လရောင်သည် အောင်ပင်လယ်ကန်ပေါင်ရိုးပေါ် …။ ရိုးပြတ်ငုတ်တိုတွေပေါ် …၊ လယ်ကန်သင်းဘေးက ရေအိုင်စပ်စပ်ပေါ် …။ လှည်းပေါင်းမိုးပေါ်…၊ အမြီးတရမ်းရမ်း နှစ်ကောင်ပေါ်အထိ အချိုးညီကျရောက်နေ၏။ ခပ်လှမ်းလှမ်း … မန္တလေးတောင်ပေါ်မှာ မီးတစ်ပွင့်စ နှစ်ပွင့်စ ခပ်လှုပ်လှုပ် …။
မီးတစ်ပွင့်စ, နှပွင့်စ သာမက မီးစောင်းတန်း တစ်သွယ်သည် မန္တလေးတောင်ပေါ်မှာဖြန့်ဆင်းနေသည်။
အရှိန်ပြင်းပြင်းမာင်းနှင်လာသော ကုန်ကား ကြီးတွေ၏ ရှေ့မီးကြီးများက အောင်ပင်လယ်ကန်ပေါင်ရိုးမှသည်
” လမ်းသို့ကွ့ဆင်းလာတိုင်း (၆)လမ်းသွားလမ်းမကျယ်၏ ယာဘက်ဘေးမှာ ကပ်ရပ်ထားသည့်မှန်အလုံပိတ် ကားလေးတွေအပေါ် ဖြန့်ကျက် ဆလိုက်ထိုးလိုက်သလို ဖြစ်၏။
 
ကျွန်တော်ကတော့ ဆရာကြီးရွှေဥဒေါင်းခေတ်က ရွှေစာရံသွားတာလမ်းတစ်ဖြစ်လဲ အေလမ်းမကြီးကို ငေးမျှော်ကြည့်ရင်း ကျွန်တော်သိမှီခဲ့သော ရွာစားစိန်တင်ဟန်နှင့် အငြိမ့်မင်းသမီးညိုညိုဆန်း၏ ထန်းရွက်ပုတီးဆွဲခဲ့သည့် ရွှေစာရံဘုရားပွဲတော်ဆီသို့ စက်ဘီးကိုယ်စီနှင့် တပျော်တပါးသွားခဲ့ကြရသည့် ငယ်ဘဝ အေလမ်းမကို လွမ်းဆွတ်နေသေးတော့..။
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW