ဆူးငှက်
သည်ရက်ပိုင်း အိမ်မှာ မင်္ဂလာဆောင်ဖိတ်စာများနှင့်အတူ စေ့စပ်ကြောင်းလမ်းပွဲဖိတ်စာ အချို့လည်း တွေ့လာရ၏။ သတို့သား၊ သတို့သမီးမောင်နှံနှစ်ဖြာ စုလျားရစ်ပတ် ထိမ်းမြားသည့်ကိစ္စမှာ စေ့စပ်ကြောင်းလမ်းပွဲက တစ်ကြိမ်၊ လက်ထပ်မင်္ဂလာ ဆွမ်းကျွေးကတစ်ကြိမ်၊ မင်္ဂလာဧည့်ခံပွဲကတစ်ကြိမ်၊ မင်္ဂလာညစာစားပွဲက တစ်ကြိမ် စသည်ဖြင့် ကျင်းပလာကြသည်။
မန္တလေးမှာက ရပ်ကွက်ထဲလမ်းထဲ မဏ္ဍပ်များနှင့် မင်္ဂလာဆောင်သည့်ခေတ်မှစ၍ လမ်းပိတ်မိန့်၊ ပွဲမိန့်စသည့် အခက်အခဲများနှင့် ခန်းမများနှင့် မင်္ဂလာဆောင်ကြသည့် ပုံစံများဆီပြောင်းလဲလာသည်။ ယူနီဗာဆယ်ခန်းမ၊ ခန်းမ(၁)၊ ခန်းမ(၂)၊ လောကနတ်ခန်းမ၊ အောင်မင်္ဂလာခန်းမ၊ အေဒင်ခန်းမမှသည် မန္တလေးဆွမ်းဟိုတယ်၊ ဆီဒိုးနားဟိုတယ်၊ အမရပူရခန်းမ၊ အိုရီယမ်တယ်လ် ဟောက်စ် စသည်ဖြင့်..။ မင်္ဂလာသတို့သမီး မိတ်ကပ်ကလည်း အနည်းဆုံး သိန်းဂဏန်း…၊ ဝတ်စုံကလည်း အမျိုးမျိုး..။ ငှားရမ်းလည်းဝတ်နိုင်သည်။ စေ့စပ်ပွဲဝတ်စုံ၊ လက်ထပ်ဆွမ်းကျွေး ဝတ်စုံ၊ မင်္ဂလာဧည့်ခံဝတ်စုံ၊ ဒင်နာဝတ်စုံ။ ပြီးတော့ လက်ဝတ်ရတနာ..။ ပြီးတော့ ကားငှားရမ်းခ.။
ထားတော့ ခေတ်အလိုက်လိုအပ်သည့် အဝတ်အစားအဆင်အယင်၊ အဆောင်အယောင်နှင့် ခန်းမနေရာများ ပြောင်းလဲသွားသည်ဆိုတော့…။ စေ့စပ်ကြောင်းလမ်းသည်ကို အရင်က အလွန်သိုသိပ် ယဉ်ကျေးသော မြန်မာမိသားစုပုံစံမျိုး၊ ကိုယ့်မျိုးကိုယ့်ဆွေနှင့်တင် မပြီးတော့။ လူသူလေးပါး ခန်းမကြီးထဲ ဖိတ်ကြားပြီး နှစ်ဖက်မိဘ၊ ဂုဏ်သရေရှိလူကြီးစုံရာနှင့် အခမ်းအနား အစီအစဉ်ကြီးများနှင့်အတူ သတို့သားဖက်က တင်သည့်ပစ္စည်းစာရင်း၊ တန်ဖိုး၊ မိဘများလက်ဖွဲ့သည့် ပစ္စည်းစာရင်းတန်ဖိုးများကို စာချုပ်စာတမ်းနှင့် ရှေ့နေရှေ့ရပ်နှင့် အသိသက်သေနှင့် လက်မှတ်ရေးထိုးကာ သတို့သား သတို့သမီးထံ အပ်နှံသည့်ကိစ္စများအထိ ကြီးကျယ်ခမ်းနားလာ၏။ ဒါက မြန်မာမှု (ဝါ) မန္တလေးမှုကရှိသည်ကို ရှိသလောက် ထုတ်ဖော် ဝတ်စားပြသည်မဟုတ်။ သိုသိပ်သည်။ အနေကျုံ့သည်။ ကျစ်လျစ်သည်။
အခုတော့ ထိုသို့မဟုတ်၊ မန္တလေးအနေနှင့် စံပြုစံထားအပ်သော မန္တလေး စံပြပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင် ထိုမြန်မာမှု (ဝါ)မန္တလေးမှု မဟုတ်သောကိစ္စများကို ဂုဏ်ဒြပ်တစ်ခုသဖွယ် မက်မောနှစ်သက်စွာ ဆင်ယင်နေကြသည်။ မင်္ဂလာဧည့်ခံပွဲမှာလည်း သတို့သားဖက်က ကားတန်းရှည်ကြီးက သတို့သမီးထံ သွားရောက်ပြီး သတို့သမီးဖက်က စောင့်ဆိုင်းနေသော ကားတန်းရှည်ကြီးနှင့်အတူ ဟွန်းသံ တညံညံဖြင့် မင်္ဂလာခန်းမဆီ စီတန်းလှည့်လည်ကြကုန်၏။ ဒီယဉ်ကျေးမှုကတော့ မန္တလေးမှာ ထွန်းကားနေတာကြာပါပြီ။ ရှိသူတွေကပြဿနာမဟုတ်။ မရှိသူတွေကလည်း မင်္ဂလာဆောင်လျှင် ထိုအစဉ်အလာကို လွန်ဆန်၍မရ။ အခကြေးငွေနှင့် ငှားတန်သည့်ကားကိုငှား၊ မနိုင်ရန်ကာ မိတ်ဆွေ ကားပိုင်ရှင်များအား အကူအညီတောင်းတန်တောင်းနှင့် စီစဉ်ကြရသည်။
တစ်ခုတော့ အစဉ်အလာဟောင်း၊ အစဉ်အလာကောင်း ရှိနေပါသေးသည်။ မင်္ဂလာခန်းမမှာ ရောက်သည်နှင့် ကျွေးမွေးဧည့်ခံသော အစားအသောက်ကို အလျှံပယ် စားသောက်နိုင်သည်။ ကြိုက်သည့်အချိန် လက်ဖွဲ့ပြီး ပြန်နိုင်သည်။ သတို့သားသတို့သမီးရာက်လာ အခမ်းအနားအစီအစဉ်ကြီးနှင့် အခါတော်ပေး၊ လက်စွပ်လဲ၊ ပန်းစည်းပေးပြီးမှ စားသောက်ကြ၊ ပြီးတာနှင့် ခန်းမအဝင်မှာ သတို့သားသတို့သမီးကိုတ်ဆက်ပြန်ဆိုသောပုံစံကျ အလုပ်သဘော မရောက်သေး။ သို့သော် ကိုယ့်အစဉ်အလာကောင်းကို စွန့်ပြီး ထိုအစဉ်အလာကို ပုံတူကူးလုအံ့ ဆဲဆဲတော့ ဖြစ်နေပေပြီ။
မင်္ဂလာဧည့်ခံပွဲပြီးတော့ ဒင်နာတဲ့..။ သတို့သားသတို့သမီးကလည်း ဝတ်စုံပြောင်း။ သောက်ကြ၊ စားကြ။ ဒါကလည်း မန္တလေးမှု (ဝါ)မြန်မာမှုမဟုတ်။ အခုတော့ မန္တလေးမှာ မင်္ဂလာဧည့်ခံပွဲအပြီး ဒင်နာဆိုတာ အတော် ခေတ်စားလာ၏။ ကုန်လိုက်သည့်ငွေက သောက်သောက်လဲ..။ မန္တလေး(ဝါ)မြန်မာမှုက မင်္ဂလာဆောင်ညမှာ ရပ်ကွက်တွင်း အငြိမ့်ခံသည်။ သို့မဟုတ် မြို့မနှင့် အငြိမ့်ခန်းဖြင့် ရပ်ကွက်ကို ဧည့်ခံသည်။ ဤသို့ဖြင့် ကုန်ရကျိုးနပ်ခဲ့သည်။
မင်္ဂလာဆောင်များနှင့် ပတ်သက်၍ မန္တလေးမှာ အကောင်းဆုံးအမွေကို မန္တလေးသားကိုယ်တိုင် မန္တလေးသား သူဌေးမိသားစုအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ပေးအပ်ခဲ့ဖူးပါသည်။ ပေးသူကလည်း မန္တလေးသား အနုပညာကို တကယ် တန်ဖိုးရှိမှန်းသိ၍ ထုပ်ထုပ်ပိုက်ပိုက်လေ့လာလိုက်စားခဲ့သူ၊ လက်ခံသူကလည်း ဘိုးဘွားမိဘများကအစ မန္တလေးမှာ သူဌေးဘွဲ့ခံခဲ့ကြပြီး မန္တလေးမှု (ဝါ)
မြန်မာမှုကို တကယ်တန်ဖိုးရှိ တကယ်မွန်မြတ်သည်ဟု လေးနက်စွာ ခံယူပြီး လက်ခံထွန်းကားပြန့်ပွားစေသူ
သူဌေးပညာတတ်မိသားစု…။
အင်းဝခေတ်ကတည်းက လက်ဖက် အရောင်းအဝယ် ကုန်သည်ကြီး ဦးရွှန်း၊ ဒေါ်မိန်းကလေးတို့က သားသမီး (၈)ဦးမွေးဖွားသည်။ ဦးသာ၊ ရေတွင်းဒကာကြီးဦးစိုး၊ ဟင်္သပြဒါးကျော်၊ ဒေါ်ဆင်၊ ဒေါ်ခင်၊ ဒေါ်သင်၊ ဦးလှိုင်၊ ဦးသိန်း…တဲ့။ ရေတွင်းဒကာကြီးဦးစိုးက ဒေါ်ပုနဲ့ အိမ်ထောင်ကျသည်။ မွေးဖွားသော သားသမီးတွေထဲက ဦးသန့်ဆိုတာ စွယ်စုံအနုပညာရှင်ကြီး ဓားတန်းဦးသန့်ဟူ၏။ ဘိုးစဉ်ဘောင်ဆက် ချမ်းသာခဲ့တော့ လေယာဉ်ပျံတောင် ကိုယ်ပိုင် ဝယ်စီးနိုင်တဲ့သူတွေ…။
ဓားတန်းဦးသန့်က ဒေါ်အေးမြင့်နဲ့ အိမ်ထောင်ကျပြီး မွေးဖွားလာသော သားသမီးတွေထဲက သမီးကြီး (အန်တီညွန့်)မင်္ဂလာဆောင်တော့ သတို့သား မောင်ခင်မောင်နှင့် သတို့သမီးညွန့်ညွန့်တို့အတွက် မန္တလေးသား အနုပညာရှင်ကြီး မြို့မငြိမ်းက မင်္ဂလာလက်ဖွဲ့လိုက်တာက ” မင်္ဂလာမောင်မယ်”ဆိုသောသီချင်း ဖြစ်သည်။ ကဲ…ဘယ်လောက် မြန်မာဆန်လိုက်ပါသလဲ…။ ဘယ်လောက် အဖိုးတန်လိုက်ပါသလဲ…။
;မင်္ဂလာမောင်မယ်;
“သံသာကမ်းတိုင်၊ တူပြိုင်ကူးမယ်လေ
ဆုထူးကို၊ မောင်မယ်စုံချွေ….
ဟို….ရှေးရေစက် ခိုင်မြဲလွဲမသွေ…
ဖူးစာဖက်နှင့် ချစ်သက်ဝေ….ချစ်တဲ့ သက်ဝေ
မောင့်အသည်းဆိုင် မယ်ပါပဲလေ…
မယ့်အသည်းဆိုင် မောင်ပါပဲလေ…
စွဲမြဲတည်နေ…ကမ္ဘာတိုင်အောင်လေ …
သူနိုင်ငါနိုင် သစ္စာမဏ္ဍိုင် ချစ်ခြင်းပြိုင်မယ်လေ
မိဘဝတ္တရား၊ ချီးမြှင့်အပ်သောအရွယ်ပေ…
လျောက်ပတ်တင့်တယ်၊ ရွေးချယ် မျိုးနွယ်တူဆွေ
သုဘဒြအခါ မင်္ဂလာရက်၌လေ..
စုလျားရစ်ခွေ ဇာတိရသ်၊ ပတ္တမြားနိတုံရွှေ
မင်္ဂလာစုပေါင်းကျက်သရေ၊ ရှိကြောင်းဆုချွေ
လိုရာအဖြာဖြာ၊ အာင်ပါစေမောင်မယ်တွေ
မြို့မ အေးငြိမ့်မြူးနွဲ့ ဝမ်းမြောက်တဲ့ အောင်သံပေ
အေးမြမြသာပေါ့၊ သာပေါ့ဆွေ..
မောင်ရှေ့ကို တည့်တည့်လျှောက်မယ်လေ
မယ်လည်းတည့်တည့်လိုက်ကာလျှောက်တယ်
မောင်ရေ…
ဟောဟိုအရာအဖြူပါပေ မြင်သလားမေ
ဘော်သာခွာကြူ၊ ပုလဲဖြူ၊ မြင်သားပေါ့သက်ဝေ
ဘုရားသွားကျောင်းတက်၊ စိတ်တူကိုယ်တူ၊
ကြည်ဖြူ မောင်မယ်ဆွေ…
မယ်ကားလယ်မြေ၊ မောင်ကားမိုးကောင်းရေ
လောကီအမြုတေ…
သီးပွင့်ဖြိုးဝေ၊ ရာသက်တိုင်လုံး၊ ရွှင်ပျော်နေ…”
သူနိုင်ငါနိုင်ပြိုင်မှာက မောက်မာမှုမဟုတ်၊ ဂုဏ်တုဂုဏ်ပြိုင်မဟုတ်၊ သူဖြူငါမည်းမဟုတ်၊ အတ္တမဟုတ်၊
ပလွှားမော်ကြွားမှု မဟုတ်… ;သစ္စာမဏ္ဍိုင်ချစ်ခြင်း;ကို ပြိုင်မတဲ့..။
;လျောက်ပတ်၊ တင့်တယ်၊ ရွေးချယ်၊ မျိုးနွယ်တူဆွေ..;တဲ့။ ဒါကဂုဏ်ဖြစ်သည်။ ဒါကတင့်တယ်မှုဖြစ်သည်။ ဒါကအမွန်အမြတ်ဖြစ်သည်။
;သုဘဒြအခါ မင်္ဂလာရက်၌လေ၊ စုလျားရစ်ခွေဇောတိရသ်၊ ပတ္တမြားနိတုံရွှေ… မင်္ဂလာစုပေါင်းကျက်သရေ …; တဲ့။ ဒါကမှ တကယ့် မင်္ဂလာ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး