ပခုက္ကူခရိုင်မှာ ၁၀ ရက်အတွင်း ၂ လောင်းပြိုင် လူသတ်မှု ၃ ကြိမ် အပါအဝင် လူသတ်မှု ၆ ကြိမ်ထက် မနည်းဖြစ်ပွား

ဇွန် ၊ ၇၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေ ၂၇ ရက်ကစလို့ ဒီလ ၇ ရက်အထိ ၁၀ ရက်တာကာလအတွင်း လူသတ်မှု အကြိမ်ရေ ၆ မှု ထက် မနည်းဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူနယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာမှာ ဇွန် ၆ ရက် မနေက နေ့လယ် ၁ နာရီဝန်းကျင်မှာ ၂ လောင်းပြိုင် လူသတ်မှု ဖြစ်တယ် ၊ သေဆုံးသူတွေက ဦးမြင့်အောင်နဲ့ သူ့မိန်းမ ဒေါ်ခင်ရီ တို့ဖြစ်ကြတယ် ” လို့ ဒေသခံ လူမှုကူညီရေး ပရဟိတသမား တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၂၇ ရက်ကလည်း ဆိပ်ဖြူမြို့နယ် ၊ အလယ်စုကျေးရွာနေ ဦးညိုမြင့် နဲ့ သူ့မိန်းမ ဒေါ်သီတာမိုး ၂ ဦး အသတ်ခံရတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလို ၂ လောင်းပြိုင် လူသတ်မှုတွေ ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ၊ ပြီးခဲ့တဲ့ မေ ၂၇ ရက်ကလည်း ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဇယမကျေးရွာမှာ ၂၄ နာရီအတွင်း လူသတ်မှု ၂ ကြိမ် ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

” မေ ၂၇ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်မှာ သာဿနာ့ဇောတိက ဘုန်းကြီးကျောင်းက ဆရာတော် ပစ်သတ်ခံရတယ် ၊ အဲ့ဒီဖြစ်စဥ်နဲ့ နာရီဝက်လောက်ခြားပြီး ၆ နာရီဝန်းကျင်မှာ နောက် ၁ ကြိမ် လူသတ်မှုထပ်ဖြစ်တယ် ၊ သေဆုံးသူတွေက ကိုဇော်ဝေနဲ့ သူ့မိန်းမ မနွယ်တို့ဖြစ်ကြတယ် ၊ ၂ လောင်းပြိုင် လူသတ်မှုပါ ” လို့ သွားရောက်ကူညီပေးခဲ့ရတဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အခုလ ၁ ရက်နေ့ကလည်း ၊ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊(၇)လမ်းနေ ဦးတင်မျိုးဝင်း ဆိုသူဟာ သုံးဘီးမောင်းရန် နေအိမ်က ထွက်ခွာလာတဲ့အခါ တပ်ဦးဘုန်းကြီးကျောင်း မြောက်ဘက်လမ်းသွယ်အရောက် မှာ အသတ်ခံရပြန်ပါတယ်။

အခုလ ဇွန်၄ ရက်နေ့ကလည်း ပခု​က္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ချိုင်ဇောက်ကျေးရွာနေ ကိုမောင်ချွန် ခေါ် ကိုမြင့်ကြိုင် ဆိုသူ အသတ်ခံရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အခုလ ၅ ရက်ညကလည်း ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ နှမ်းဆီကန်ကျေးရွာက ကိုဇော်မိုး ဆိုသူ အသတ်ခံရပြန်ပါတယ်။

အဲ့ဒါကြောင့် ပခုက္ကူခရိုင်ထဲမှာ ၁၀ ရက်အတွင်း လူသတ် ၆ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၁၀ ယောက်ရှိခဲ့တာကြောင့် ပခုက္ကူခရိုင်ထဲမှာ တရ​ား ဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အရှိန်မြင့်ပြီး ဆောင်ရွက်ပေးစေချင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်အားလုံးကို ပခုက္ကူခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မှုခင်း #ပခုက္ကူခရိုင်

Related posts

Leave a Comment

VOM News

FREE
VIEW