ကန့်ဘလူမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ တပတ်အတွင်း နေအိမ် ၅ ရာနီးပါး မီးရှို့ခံရ

ဇွန် ၊ ၁၃ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် မြောက်ပိုင်းမှာ ဒီလ ၅ ရက်ကစလို့ ၁ ပတ်အတွင်း ကျေးရွာပေါင်း ၇ ရွာ က လူနေအိမ်ပေါင်း ၅ ရာနီးပါး မီးရှို့ခံရပြီး မီးဘေးဒုက္ခသည် ၃ ထောင်ဝန်းကျင်ရှိနေတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ဒီလ ၅ ရက်နေ့ မနက်ပိုင်းကစလို့ ၁၂ ရက်နေ့အထိ မီးရှို့ခံရတာက ရွာ ၇ ရွာနဲ့ မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၄၉၀ ကျော်ရှိတယ် ၊ မီးဘေးသင့် ပြည်သူတွေကတော့ နီးစပ်ရာ တောတိုက်တွေနဲ့ လက်လှမ်းမီတဲ့နေရာတွေမှာ ယာယီ ခိုလှုံနေကြတယ် ” လို့ နယ်ခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ကန့်ဘလူမြို့နယ် မြောက်ပိုင်း ကိုးတောင်ဘို့ ဒေသမှာရှိတဲ့ ကိုင်းမကျေးရွာက လူနေအိမ် ၁၀ လုံးကို ဒီလ ၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်က မီးစတင်ရှို့ခံရပြီး နောက်ပိုင်း ဆက်တိုက်ဆိုသလို နှောကုန်းကျေးရွာမှာလည်း နေအိမ် ၅၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ လျော်ဖြူကုန်းကျေးရွာမှာလည်း နေအိမ် ၁၁၈ လုံးနဲ့ စပါးကျည် ၃၅ လုံး ထပ်မံပြီး မီးလောင်ဆုံးရှုံးရတယ်လို့ သိရပါတယ်။

အဲ့ဒီလို လူနေအိမ်တွေနဲ့ အိမ်တွင်း ပစ္စည်းတွေအပြင် ကောက်ပဲသီးနှံတွေ မီးလောင်ပျက်စီးရတဲ့ ကျေးရွာတွေကတော့ ကျွန်းကုန်းကျေးရွာမှာ နေအိမ် ၃ လုံး ၊ ဇော်ချောင်းကျေးရွာမှာ နေအိမ် ၈၉ လုံး ၊ အလယ်ခုံကျေးရွာမှာ လူနေအိမ် ၁၆၄ လုံးနဲ့ ဘုန်းကြီးကျောင်းဆောင် ၁ ဆောင် ၊ အောက်တဲကျေးရွာမှာ နေအိမ် ၃၅ လုံးနဲ့ စပါးကျည် ၂ လုံးတို့ဟာ ဒီလ ၅ ရက်ကနေ ၁၂ ရက်နေ့အထိ အတွင်း မီးလောင်ခဲ့တာလို့ ဒေသခံတွေ အပြောအရ သိရပါတယ်။

မီးလောင်ဖြစ်စဥ်တွေ ဖြစ်ပွားနေချိန်အတွင်း အခုလ ၈ ရက်နေ့ မနက်အစောပိုင်းက လွင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ အရွယ် အဘိုးတစ်ယောက်လည်း လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ် ။

.” ရွာဘက်ကို စစ်ကြောင်းတွေ လာနေတယ်လို့ သတင်းကြားရတော့ ပြေးခိုင်းတဲ့ အတွက် ရွာကလူတွေ အားလုံးပြေးကြတယ် ၊ အဲ့ဒီနောက် ရွာက အိမ်တွေ အခုလို မီးလောင်တယ် ၊ ပြေးနေရတဲ့အတွက် မီးဘယ်သူရှို့တယ်ဆိုတာကိုတော့ မသိဘူး . ” လို့ ကန့်ဘလူမြို့နယ် မြောက်ပိုင်းက တိုက်ပွဲရှောင် ပြည်သူတစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရတဲ့ အိမ်ခြေပေါင်း တသောင်းနီးပါးရှိနေပြီလို့ ဒေသတွင်း လေ့လာစာရင်းပြုသူတွေ စာရင်းအရသိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း#မီးရှို့ခံရမှု #မီးဘေး

Related posts

Leave a Comment

VOM News

FREE
VIEW