မုံရွာမြို့ပေါ်မှာ ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ အဆောက်အဦပေါင်း ၅၀ ကျော်အထိရှိလာ

ဇူလိုင် ၊ ၁၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်ခြံမြေ အဆောက်အဦတွေကို နိုင်ငံတော်ပိုင် သိမ်းဆည်းဖို့ ချိပ်ပိတ်တာတွေဟာ အရေအတွက်အနေနဲ့ ၅၀ ကျော်ရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သိမ်းဆည်းခံရတဲ့ အဆောက်အဦပိုင်ရှင်တွေကတော့ နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ကုန်သည်ပွဲစားတွေ ၊ လွှတ်တော်အမတ်ဟောင်းတွေ ၊ ရှေ့နေတွေနဲ့ လက်လုပ်လက်စား လူတွေပါဝင်တယ်လို့ သိရပါတယ်။

မနေ့ ဇူလိုင် ၁၈ ရက်နေ့ကလည်း မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်က နေအိမ်၂လုံးကို ချိပ်ပိတ်သိမ်းဆည်းတာ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ ချမ်းမြဝတီ ရပ်ကွက် ၊ နယ်မြေ ၆ ၊ ရေကူးကန် ၁ လမ်းမှာရှိတဲ့ ကိုအောင်ချမ်းမြှေ့ (ခေါ် )ကိုချမ်းရဲ့ အဆောက်ဦး ၁ လုံးနဲ့ ချမ်းမြဝတီရပ်ကွက် ၊ ၁၈ လမ်းမှာရှိတဲ့ ကိုဇော်လင်း (ခေါ်) ကိုငှက်ကြီး ရဲ့အဆောက်အဦ ၁ လုံး ၊ ချိပ်ပိတ်သိမ်းဆည်းတာပါ ၊ မနေ့က ၁ ရက်တည်းမှာ ချမ်းမြဝတီရပ်ကွက်မှာ အဆောက်အဦ ၂ လုံး သိမ်းခံရတာ ” လို့ ချမ်းမြဝတီရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ ခုမှာ အဲ့ဒီလို ချိပ်ပိတ် သိမ်းဆည်းခံရတဲ့ အဆောက်အဦပေါင်း ၂ ရာကျော်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW