ဈေးချိုတော် ညဈေးတန်း

ဆူးငှက်

မန္တလေးဈေးချိုတော်ဆိုတာ မြန်မာမင်းလက်ထက်ကတည်းက တည်ရှိခဲ့ပါတယ်။ တကယ်တမ်း ထင်ရှားလာတာကတော့ ကိုလိုနီခေတ်ရာက်လာမှပါ။ မန္တလေးရဲ့ ဓာတ်ရထားလမ်းတွေကလည်း စျေးချိုတော်ကိုပဲ ဦးတည်ကြ၊ဖြတ်သန်းကြတယ်။ မန္တလေးဈေးကွက်ရဲ့ အဓိကလိုအပ်တဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း မတ္တရာနယ် တစ်ဝိုက်က အဓိက တင်ပို့နေရလေတော့ ဘိုးတော်ဘုရားလက်ထက်ကတည်းက ဖောက်လုပ်ခဲ့တဲ့ ရွှေတချောင်းမြောင်းကနေ စျေးချို အရောက် ဒုတ်ဒုတ်ထိ လှသမ္ဗာန်တွေနှင့် တင်ပို့နိုင်တယ်။ ဒါတင်မက စျေးချိုနှင့် မတ္တရာကိုလည်း မီးရထားလမ်း သီးသန့်ဖောက်ပြီး ခရီးသည်နှင့် ကုန်ပစ္စည်းတွေ သယ်ပို့ပေးခဲ့တယ်။ စျေးချိုဆိုတာလည်း ၂၆(ပေ၁၂၀၀နီးပါး)ပတ်လည် အကျယ် အဝန်းအတွင်းမှာ အုတ်ကာသွပ်မိုး စျေးရုံကြီး ၁၂ရုံကို ပင်မထား ဖွဲ့စည်းထားတာအပြင် ပတ်လည်မှာလည်း သံဖြူတန်း၊ ထိုးမုန့်တန်း၊မွ့ယာတန်း၊ မုန့်စုံတန်း၊ လင်းရောင်ခြည်ဈေးတန်း၊ အောင်ဈေးတန်း၊ ဝက်သားရုံ၊ ဆိတ်သားရုံ၊ ငါးတန်း၊ ပန်းတန်း၊ ထီးတိုင်ဈေး၊ ကိုင်တန်းဈေး၊ မန်းသီရီဈေး စတဲ့ စျေးတန်းစျေးရုံတွေကလည်း တစ်ဆက်စပ်တည်း ဝန်းရံထားသေးတာကိုး။ ဒီတော့ အထက်မြန်မာပြည်သာမက မြန်မာတစ်ပြည်လုံးရဲ့ အရောင်းအဝယ်ဆိုင်ရာ ပင်မဈေးကွက် အချာအချာဒေသကြီး ဖြစ်ခဲ့တာပါ။

အနယ်နယ် အရပ်ရပ်ကလာကြတဲ့ ဧည့်သည်တွေကစျေးချိုအနီးအနားက ပွဲရုံကြီးတွေမှာ၊ ဘုန်းကြီးကျောင်းတွမှာ တည်းခိုကြပြီးဈးဝယ်ကြတယ်။ ဒီလို ဝယ်ခြမ်းကြရတာ အများအားဖြင့် တစ်နေ့နဲ့မပြီးဘူး၊ မစုံလင်ဘူး။ ဒီတော့ ညပိုင်းမှာလည်း ဝယ်ချင်ခြမ်းချင်တာတွေရှိတယ်။ မြို့ပေါ်ပရိသတ်ကလည်း အလှူမင်္ဂလာ ပွဲလမ်းအတွက်၊ ဘုရားသွား ကျောင်းတက်အတွက် အဝတ်အထည် အလှကုန်ပစ္စည်းကအစ အိမ်သုံးကုန်၊ လူသုံးကုန် ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း ဝယ်ချင်တယ်။ အဲဒီနေရာမှာပဲ အပန်းဖြေကာ စားသောက်ဖွယ်ရာတွေ စားသောက်ချင်တယ်။

ဒါကြောင့် လွတ်လပ်ရေးရပြီးနောက် ၁၀နှစ်ကျော်လ ၁၉၅၉ ခုနှစ် ညဈေးတန်းကို ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျပြောရရင် ၁၉၅၉ ခုနှစ်ဖဖော်ဝါရီလ ၁၈ ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါ။ နေရာက စျေးချိုတော်ရုံကြီး ၁၂ရုံ မျက်နှာစာနဲ့ စျေးချိုတိုက်တန်းကြီးတွကြား၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်မှာပါ။ “ဈေးချိုတော် ညဈေးတန်း” လို့ သုံးနှုန်းခေါ်ဆိုကြတယ်။

ညဈေးတန်းရဲ့မြောက်ထိပ်မှာ စျေးချိုနာရီစင်ကြီးက မားမားစွင့်စွင့် မိုးကြည့်နေတယ်။ တစ်နေ့လုံးပျားပန်းခတ်မျှ စည်ကားလှတဲ့ စျေးချိုတောကြီးနှင့် မြင်းရထား၊ ဆိုက်ကား၊ စက်ဘီး၊မော်တော်ကား၊ခြေကျင် ပရိသတ်တွေနှင့် စည်ကားလှတဲ့ လမ်းမကြီးတို့ မြင်ကွင်းက ညနေစောင်းတာနှင့် ချက်ချင်း ပြောင်းလဲသွားတယ်။ စျေးချိုရုံကြီး ၁၂ရုံနှင့် တိုက်တန်းကြီး၊ တိုက်တန်းလေးပေါ်က ဆိုင်ခန်းတွေ၊ ဈေးရုံဈေးတန်းက ဆိုင်ခန်းတွေ ပိတ်သိမ်းလိုက်တာနှင့် လမ်းမကြီးပေါ်က ယာဉ်ရထား အသွားအလာတွေ ရပ်နားသွားပြီး လမ်းမကြီးပေါ်မှာ စျေးဆိုင်စျေးတန်းတွေ ချက်ချင်း ခင်းကျင်းကြတယ်။နေအလင်းရောင်ပျက်တာနှင့် ဆိုင်ပေါက်စေ့ အောက်လင်းဓာတ်မီးတွေ ထွန်းညှိကြတယ်။

၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ညဈေးတန်းကို စဖွင့်တော့ အစားအသောက်ဆိုင်အဖြစ် အိန္ဒိယလူမျိုး (၃၁)ဆိုင်၊ တရုတ်ဆိုင်(၃၁)ဆိုင်၊ဂေါ်ရင်ဂျီဆိုင်(၂)ဆိုင်၊ မြန်မာဆိုင်(၈၅)ဆိုင် အပါအဝင် အဝတ်အထည်၊ လူသုံးကုန်၊ အလှကုန်နှင့် အထွေထွေ ကုန်ပစ္စည်းရောင်းချတဲ့ဆိုင်ပေါင်း (၅၃၄)ဆိုင် ဖွင့်လှစ်ပါသတဲ့။ ဆိုင်ခန်းတစ်ခန်းစီရဲ့ အကျယ်အဝန်းက ၆ပေx ၈ပေရှိတယ်။ ဖွင့်ပွဲမှာ ၂၆ဘီလမ်း (အာဇာနည်လမ်း)ပေါ်က ဟုတ်စုန်စတိုး(ယခု အင်းဝဘဏ်နေရာ)နှင့် တိုက်တန်းကြီးကို သွယ်တန်းထားတဲ့ ဖဲကြိုးကို မန္တလေးမြူနီစပယ် ဥက္ကဋ္ဌ မင်းဘူးဦးမောင်မောင်ကဖြတ်ပြီး ဖွင့်လှစ်ပေးခဲ့တယ်။

ဒီညဈေးတန်းဟာ တစ်လျှောက်လုံး စည်ကားခဲ့တယ်။ပြည်တွင်းသာမက ပြည်ပဧည့်သည်များ အထိ“ဈေးချိုညဈေးတန်း” ရဲ့ ထူးခြားတဲ့မြင်ကွင်းနှင့် ရောင်းဝယ်မှုပုံစံကို ထူးခြားမှုတစ်ခုအနေနှင့် မှတ်တမ်းတင်ကြတယ်။ ပြည်ပဧည့်သည်များရဲ့ပြည်တွင်းအလည် အပတ်ခရီးစဉ်မှာ စျေးချိုညဈေးတန်းဟာ မပါမဖြစ် နေရာတစ်နေရာပါပဲ။

၁၉၆၂ ခုနှစ်နောက်ပိုင်း စီမံကိန်းစီးပွားရေးစနစ်အောက်မှာ ညဈေးတန်းကလည်း အခြားဈေးများနည်းတူ “မှောင်ခိုပစ္စည်း”ဆိုတဲ့ ကန့်သတ်မှုအောက် အလူးအလဲခံရပြန်တယ်။ ဒါပေမယ့် မှောင်ခိုပစ္စည်းမှ မရောင်းမဝယ်ရင်လည်း စားစရာ၊ နေစရာ၊ ဝတ်စရာ၊ သုံးစွဲစရာ မရှိလေတော့ ဒီလိုပဲ “ဒီကွေ့ဒီတက်နဲ့လှော် …၊ ဟိုကွေ့ ဟိုတက်နဲ့လှော်” တဲ့ ပုံစံနဲ့ပဲ ညဈေးတန်းဟာ စည်ကားမြဲပါပဲ။ နေ့ခင်းမှာ ရောင်းချတဲ့ပစ္စည်းတွေကိုပဲ “ပစ္စည်းမှန်၊စျေးမှန်”နှင့် ညဈေးတန်းမှာ ဝယ်ယူနိုင်ကြတယ်။ လမ်းဘေးမှာပဲမတ်တတ်ရပ်သောက်ရတဲ့ သုံးမတ်(၇၅ပြား)တန် သံပုရာရည်ကနေ စားပွဲနှင့် ကုလားထိုင်နှင့် သောက် ရတဲ့ သုံးကျပ်တန် ဖွာလူဒါအထိ ညဈေးတန်းမှာရတယ်။ မလိုင်ကူလ်ဖီးရတယ်။ မုန့်တွန်ဇန်ရတယ်။ အကြော် ကောက်ညှင်းပေါင်းရတယ်။ အလင်းထိဖွင့်တဲ့ လက်ဖက်ရည်ဆိုင် ရှိတယ်။ ဆီချက်ခေါက်ဆွဲ၊ ဆန်ပြားခေါက်ဆွဲ ရတယ်။ ဆန်ပြုတ်၊ ကြာဇံဟင်းရတယ်။ (အဲဒီကာလ ဝက်သားဒုတ်ထိုးတို့၊ အကင်စုံတို့တော့ မရှိသေးဘူး)၊ သစ်သီးစုံရတယ်။ အိန္ဒိယဖြစ်၊ ယိုးဒယားဖြစ်၊ တရုတ်ဖြစ် ပစ္စည်းစုံရတယ်။ နာရီစင်အောက်မှာအအေးသောက်ရင်း “အကိုင်း ရီကော်ဒါ” ကြီးတွေက ဖွင့်တဲ့ လားရှိုးသိန်းအောင်တို့၊ မင်းမင်းလတ်တို့၊ ပုလဲတို့ရဲ့ခတ်ပေါ်သီချင်းတွေ နားထောင်နိုင်တယ်။ အအေး မသောက်ချင်ရင်လည်း ခန်းမ၂အာက်ထပ် ဝရံတာမှာ ထိုင်ရင်း နားထောင်နိုင်တယ်။ (တောင်ပြုန်းပွဲကာလရာက်ရင်ရွှမန်းတင်မောင်ရဲ့
တောင်ပြုန်းမင်းညီနောင်ကို ဖွင့်တယ်။

ကျွန်တော်တို့ လူငယ်တွေအဖို့ ညဈေးတန်းမှာ စွဲမက်စရာ တစ်ခုက ထိုးမုန့်ဆိုင်တွေပါပဲ။၂၈လမ်းဘက် အဝင်နဲ့ ၂၆ ဘီလမ်းပေါ် ညဈေးတန်း အဆုံးတွေမှာ ထိုးမုန့်ဆိုင်တွေရှိတယ်။ ရောင်းချကြတာ စျေးချိုသူ အပျိုဖြန်းလေးတွေ။ လှလှပပ ယဉ်ယဉ်ကျေးကျေးလေးတွေ။ ညဈေးလာသူတွေကို ချိုသာတဲ့အပြုံး၊ ဖွယ်ရာတဲ့ စကားလုံးတွေနှင့် “ထိုးမုန့်လေးများလက်ဆောင်ဝယ်ကြပါဦးရှင့်၊ ထိုးမုန့်အမြည်းလေးလည်း သုံးဆောင်ကြပါရှင့်။ မဝယ်ပေမယ့်လည်းအမြည်းလေးများ သုံးဆောင်ကြပါဦးရှင်” စတဲ့ စကားလုံးတွေ၊ အပြုံးတွေနှင့် ဖိတ်ခေါ်တယ်။ လူငယ်တွေကလည်း ယဉ်ယဉ်ကျေးကျေးနှင့် ထိုးမုန့်အမြည်းစားကြတယ်။ ထိုးမုန့်ဝယ်ကြတယ်။

နောက် လူငယ်တွေ စွဲမက်တာတစ်ခုက စာအုပ်ဈေးတန်းပါပဲ။ ရွှေမြို့တော်၊ဒေါင်းအိုးဝေ၊သုံးရောင်ခြယ် စတဲ့ စာအုပ်ဆိုင်တွေနှင့် အခြားအခြား စာအုပ်ဆိုင်များပါပဲ။ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စာအုပ်အသစ်တွေ၊ ဂန္ထဝင်စာဟောင်း စာကောင်းတွေ အစုံအလင်ပါပဲ။ စာအုပ်ဆိုင်တွေမှာ စာအုပ်ချစ်သူ၊ဝယ်သူတွေ အမြဲလို စည်ကားနေတတ်တယ်။ စျေးချိုညဈေးတန်းဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၈၄)လမ်းတစ်လျှောက် ၈၃လမ်းကနေ ၈၆လမ်းအထိ အရှေ့ အနောက်ပါတယ်။ အင်္ဂလိပ် အက္ခရာ (T)ပုံစံပါ။

ဒီလိုစည်ကားတဲ့ ညဈေးတန်းက ၁၉၈၁ ဆိုင်းတန်းမီးကြီးနှင့် ၁၉၈၄ ဦးကျားကြီးဝင်း မီးဘေးတွေ အပြီး မီးသတ်ကား အဝင်အထွက် ရှင်းဖို့ဆိုကာ ဖျက်သိမ်းလိုက်တယ်။ ဘူတာကြီးအနောက်ဖက် ၇၉လမ်းပါ် ၂၉လမ်းနဲ့ ၃၄လမ်းအကြား ပြောင်းရွှေ့လိုက်တယ်။ အဲ့ဒီကတည်းက စျေးချို ညဈေးတန်းရဲ့ သန္ဓေပျက် သွားတာပါပဲ။

၁၉၉၀ကျော်ကာလမှာ ၇၀လမ်းက ညဈေးတန်းကိုမူလနေရာပြန်ရွှေ့ပေမယ့် ပြောင်းလဲသွားတဲ့ စျေးကွက်အခြေအနေရော၊ စျေးချိုတော်ကြီး ဖျက်သိမ်းလိုက်တာရော၊ လူမှုစနစ် အပြောင်းအလဲရောကြောင့် ပျက်စီးဆုံးရှုံးသွားပါပြီ။

တကယ်တော့ စျေးချိုညဈေးတန်းဆိုတာ အခုမြင်ရတဲ့မြင်ကွင်းက မူလသန္ဓေ၊ မူလအခင်းအကျင်းမဟုတ်ပါဘူး။ အခုမြင်ကွင်းက မြို့လယ်လမ်းမကြီး ဘေးတစ်ဖက်တစ်ချက်က စားသောက်ဆိုင်စျေးတန်းပဲ ဖြစ်နေတယ်။ မန္တလေးရဲ့ ဘုရားပွဲ၊ပွဲဈေးတန်းသာသာပဲ ရှိတော့တာပေါ့။ သြော် စျေးချိုညဈေးတန်းရဲ့ ဖြတ်သန်းခဲ့ရတဲ့ လောကဓံ လှိုင်းလုံးကလည်း ပြင်းထန်ခဲ့ပေသကိုး။ အသက်ပျောက်မတတ် ချည်းပါပဲ။ အခုတော့ ခေတ်အဆက်ဆက် အလံမလှဲ ဦးမညွတ်ရှင်သန်ခဲ့တဲ့ နာမည်ကျော် ရှေးဟောင်း စျေးချို ညဈေးတန်းလည်း ကပ်ဘေး နဲ့ဘေးအန္တရာယ် အသွယ်သွယ်ကြောင့် ပျောက်ကွယ်လုနီးပါပြီ။

ဒီလိုနဲ့ အစဉ်အလာ ကြီးမားသော စျေးချိုတော် ပုံရိပ်တွေသာမက နာမည်မျှပင် ကျန်ရစ်ပါ့မလားလို့လည်း စိုးရိမ်ကြပါတယ်။

#VOM #voiceofmyanmar #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW