ပခုက္ကူမြို့မှာ စစ်ဆေးရေးတွေ တင်းကြပ်လာပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေ များပြားလာ

ဇူလိုင် ၊ ၂၅-၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ပေါ်က လမ်းဆုံ၊ လမ်းခွတွေမှာ အခုရက်ပိုင်း စစ်ဆေးရေးတွေ တင်းကြပ်လာပြီးနောက် ဖမ်းဆီးခံရတဲ့သူလည်း များပြားလာတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” အခုလ ၁၅ ရက်နောက်ပိုင်း အဖမ်းခံရတာ ၁ ဒါဇင်ကျော်တယ် ၊ မနေ့က ၁ ရက်တည်းကို ၃ ယောက်အဖမ်းခံရတယ် “လို့ ပခုက္ကူမြို့ဒေသခံ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

မနေ့က အဖမ်းခံရတဲ့ ၃ ဦးနဲ့ ပတ်သက်ပြီး ” မနေ့က မနက် ၈ နာရီဝန်းကျင်မှာ ပခုက္ကူ -မြစ်ခြေကားလမ်း ၊ စစ်ဆေးရေးဂိတ်မှာ ကိုဇာနည်ထွန်း ခေါ် တောကြောင် ကို ဖမ်းတယ်။ အဲ့ဒီနောက် မနက် ၁၀ နာရီဝန်းကျင်မှာ ပခုက္ကူ-ရေစကြိုကားလမ်း မြို့ဖေ ဆီဆိုင်နားက စစ်ဆေးရေးဂိတ်မှာ ဦးသက်ဇော်ဦး ခေါ် ကိုသက် ကို တရားမဝင်အဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုကာ ဖမ်းတယ်။ နောက်ပြီး ညနေ ၃ နာရီဝန်းကျင်မှာ ပခုက္ကူ အမှတ် ၆ ရပ်က ပေါက်ရွှေပြည် ခရီးသည်တင်ယာဥ်လိုင်း ကားဂိတ်ကို ဖုန်းတွေဝင်စစ်တယ် ၊ အဲ့ဒီမှာ ကိုဇော်မျိုးထွဋ် ကိုင်တဲ့ဖုန်းမှာ မဟုတ်မမှန် သတင်းတွေ ရေးသားဖြန့်ဝေတယ်ဆိုပြီး ထပ်ဖမ်းတယ် “လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပခုက္ကူမြို့ပေါ်က အပ်ချုပ်ဆိုင်တခုကို အလည်အပတ်ရောက်နေတဲ့ ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း ၁ ဦးလည်း ဖမ်းဆီးခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီအပြင် လူနေရပ်ကွက်တွေထဲမှာ ညအချိန်ဝင်ရောက် ဖမ်းဆီးတာတွေလည်း ရှိတာကြောင့် အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ၁၅ ဦးထက်မနည်း ရှိနေပြီး ဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့ အဆက်အသွယ်မရကြဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW