ထိုင်းမှာ ဂတ်စ်အိုးဖြည့်တဲ့စက်ရုံ ပေါက်ကွဲမီးလောင်မှု မြန်မာအလုပ်သမား ၅ဦးဒဏ်ရာရ

ဘန်ကောက်၊ သြဂုတ်-၃၀-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဘန်ကောက်အနီး Bang Sao Thong ခရိုင်မှာရှိတဲ့ ဂတ်စ်အိုဖြည့်တဲ့စက်ရုံမှာ ဒီနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုကြောင့် မြန်မာလုပ်သား ငါးဦးဒဏ်ရာရသွားပါတယ်။

ပေါက်ကွဲမှုကြောင့် အဲဒီစက်ရုံမှာ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး အနားမှာရပ်ထားတဲ့ကားနဲ့ မော်တော်ဆိုင်ကယ်တွေပါ ပျက်စီးခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

မနက် ၁၂ နာရီ ၂၀ မိနစ်မှာ ဖြစ်ပွားခဲ့ပြီး မီးကိုတနာရီကျော်အောင် မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။ ဖြစ်စဉ်ကြောင့် မြန်မာအလုပ်သမားငါးဦးဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက သုံးဦးဟာ မီးလောင်ဒဏ်ရာတွေ ပြင်းထန်ပါတယ်။

စက်ရုံမှာ အလုပ်သမား ၃၀ ရှိပြီး မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ တာ၀န်ချိန်ပြီးဆုံးသွားလို့ ညအိပ်ပျှော်နေချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အသက် ၄၂ နှစ်အရွယ် အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံကို အသက် ၅၁ နှစ်အရွယ် Vadarat Kiratipakdipong ဆိုသူက ပိုင်ဆိုင်ပြီး လုပ်ငန်းလည်ပတ်နေတာ ၁၀ နှစ်ရှိနေပြီး လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: Bangkok Post
Photo: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

VOM News

FREE
VIEW