===============
ဆူးငှက်
‘ တစ်နှစ်ခါတွင် ကြုံလာပေ၊ ယခုထက်ထိ သတိရနေ..၊ ကြယ်စုံစမ်းငွေ။ မီးရောင်စုံထိန်ထိန်ဝေ….၊ မြူးကွန့်လို့ ညွန့်သမျှတွေ..၊ မြို့မသံသာညင်းပြေ။
ဧည့်ခံမှာတာဝန်ကျေ၊ အသည်းမှာ စိမ့်ငြိမ့်ငြိမ့်ပြေ…၊လုံခင်နုဆွေ၊ တေးတျာသံ ညင်သာပေ၊ လှိုင်းအိထက်စီးသို့ပေ..၊ မြို့မ စေတနာဖြိုးဝ…..။’
ကျွန်တော့်မိတ်ဆွေသည် ဖန်ဆိမ့်လက်ဖက်ရည်ကိုခပ်ဖြည်းဖြည်းတစ်ငုံချင်းသောက်ကာ သီချင်းကိုအရသာခံ နားထောင်နေ၏။ဆေးပေါ့လိပ်ကြီးကိုလည်း ရှိုက်ကာ ရှိုက်ကာ ဖွာရင်း ပြာတောင့်တွေခါပြီးချွေချနေသည်။ ဆေးလိပ်ပြာမှုန့်တွေက စားပွဲပေါ်၊ သူ့လုံချည်ပေါ်သာမက လက်ဖက်ရည် ခွက်ထဲသို့ပါ ကျနေသည်။ သူသည် လက်ဖက်ရည်သာက်သောအခါ ထိုပြာမှုန့်များကို မဖယ်ဘဲသောက်လိမ့်မည်။ ဤသို့ဖြင့်နှင့် အဖန်ခြောက်ဆီ ဝေ့တက်ကာ အေးစက်နေသော လက်ဖက်ရည်တစ်ခွက်ကို ဟောသည် သီချင်းတိပ်ခွေတစ်ခွေဆုံးသည်အထိနားထောင်ရင်း အရသာခံပေတော့သည်။
သေချာသည်မှာ သည်ကနေ့ မိတ်ဆွေသည် ဆောင်းဝင်းလတ်ဝတ္ထုတိုတွေအကြောင်း ပြောမှာမဟုတ်တော့။ အသစ်ထွက် မြို့မဧည့်ခံတေးသီချင်းအကြောင်းကိုပဲ တဖွဲ့တနွဲ့ပြောပေလိမ့်မည်။ ကျွန်တော်လည်း သူနှင့်တန်းမီလမ်းမီ ပြောနိုင်ဖို့ ခေါင်းထဲစီကာစဉ်ကာ ပြင်ဆင်ထားရ၏။ ဤသို့ မှတ်ထင်ထားခဲ့ရပါ၏။ သို့သော် ဤသို့မဟုတ်ခဲ့။ ထိုနေ့က ကျွန်တော်တို့ပြောဖြစ်ခဲ့သည်က မြေပဲဆားလှော်အကြောင်းပဲ ဖြစ်ပါ၏။မြေပဲဆားလှော်အကြောင်းပြောဖြစ်ခြင်းက ကျွန်တော်တို့ သီချင်းနားထောင် လက်ဖက်ရည်သောက်နေသော စားပွဲ၏ တစ်ဘက်အစွန်းမှာ သတင်းစာဟောင်း တစ်စောင်ကို လာဖတ်သော အရွယ်ခပ်ကြီးကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် ဆက်နွှယ်၍ဖြစ်ပါသည်။ ကျွန်တော်က ထိုပုဂ္ဂိုလ်ကြီး လာထိုင်ကတည်းက မိတ်ဆွေကို ခပ်တိုးတိုးဖြင့် ကျွန်တော် အဲ့ဒီဆရာကြီးကို ‘ဘယ်မှာသိဖူးတာလည်း မမှတ်မိဘူး’ဟု ပြောမိခြင်းအပေါ်မိတ်ဆွေက ခပ်ယဲ့ယဲ့လေးပြုံးရင်း ပဟေဋ္ဌိတစ်ပုဒ် သဖွယ်ဝှက်လိုက်တော့။မြေပဲဆားလှော်အကြောင်း စကားဖောင်ဖွဲ့မိကြပါသည်။
အဖြစ်က သည်လို….
××××× ×××××
ဗထူးကွင်းဆိုတာ မန္တလေး၏ (တစ်ချိန်က) တစ်ခုတည်းသော ဘောလုံးကွင်းကြီးပေါ့။ လမ်း၃ဝx၇၁ လမ်းထောင့်မှာရှိသည်။ မန္တလေး၏ ပထမတန်း ဘောလုံးအသင်းများယှဉ်ပြိုင်ဆင်နွှဲရာကွင်းကြီးဖြစ်ပါသည်။ ကစားသည့် ကွင်း အနေအထားမှာမြက်ခင်းကအစ ကောင်းမွန်ပါ၏။ သို့သော် ပွဲကြည့်စင်များကဖြင့် အဆင့်မမီ ဖြစ်ကတတ်ဆန်းနိုင်လှသည်။ အနောက်ဘက်ခြမ်းတွင် အုတ်ခုံနှင့်အမိုးနှင့်အထူးတန်းပွဲကြည့်စင်ရှိသည်။ ဒါကလည်း အထူးတန်းပွဲကြည့်စင်များက ခေတ်မီပုံစံတူမဟုတ် အဆင်ပြေသလိုတည်ဆောက်ထားလို့ မညီမညာ။ ကျန်ပွဲကြည့်စင်များက သစ်သားပွဲကြည့်စင်များပဲဖြစ်ပါသည်။ ဒီပုံစံအတိုင်း နှစ်ပေါင်းကြာရှည်။ ၁၉၇ဝ ပတ်ဝန်းကျင်လောက်ကမှ သစ်သားစင် အဟောင်းများကို ဖျက်သိမ်းကာ အသစ်ပြန်လည်တည်ဆောက်ခဲ့၏။ ဒါကလည်း သစ်သားစင်တွေပါပဲ။ လွန်ခဲ့သော နှစ်၂၀ ဝန်းကျင်က ဗထူးကွင်း၏ ယခင်အနောက်ခြမ်း အထူးတန်း ပွဲကြည့်စင်များက ယခင်အတိုင်း မပြောင်းမလဲရှိနေသော်လည်း တောင်ဘက်တန်းက လူနေဆိုင်ခန်းများဖြင့် လမ်း ၃ဝ မျက်နှာစာတွင် တည်ဆောက်လိုက်၍ အုတ်ခုံ ပွဲကြည့်စင်ဖြစ်သွားပါပြီ။ အနောက်ဘက်မြောက်ခြမ်းနှင့် မြောက်ဘက်ပွဲကြည့်စင်များကလည်း လူနေဆိုင်ခန်းနှင့် အုတ်ခုံပွဲကြည့်စင် အဖြစ်ပြောင်းလဲတည်ဆောက်ထားပါသည်။
စည်သာလမ်းက သိန်းအောင်ကြီးမှာ မြေပဲဆားလှော်အကြောင်းပြောမိတော့ ဗထူးကွင်းကို သတိတရဖြစ်သွား၍ လေကြောရှည်မိတာ ခွင့်လွှတ်စေချင်ပါသည်။ မြေပဲဆားလှော်အကြောင်းပြောတော့ ဗထူးကွင်းက မပါမဖြစ်တော့။ အနားက စားပွဲမှာ လာထိုင်နေသော ပုဂ္ဂိုလ်ကြီးကို ကျွန်တော်က ရင်းနှီးစွာမြင်ဖူးနေသော်လည်း အစဖော်မရဖြစ်နေချိန်မိတ်ဆွေက ‘ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်လေဗျာ’ ဟု ပြောလိုက်တော့ မှတ်ဉာဏ်ကွင်းဆက်တွေက တဖျပ်ဖျပ်ပေါ်လာတော့၏။ ပထမဆုံးမြင်ကွင်းက ဗထူးကွင်းဖြစ်နေပါတော့သည်။
ကျွန်တော်တို့က ဗထူးကွင်းတွင် ဘောလုံးပွဲကြည့်သည့်အခါတိုင်း မြောက်ဘက်အတန်း၊ ကျွန်တော်တို့အခေါ် “မတ်တန်း”ကပဲ အမြဲကြည့်ပါသည်။ သည်တုန်းက မြောက်ဘက်တန်းဝင်ကြေးက လူတစ်ယောက် တစ်မတ်ပဲပေးရတဲ့ဥစ္စာ။ ဒါတောင် အသက် ၁ဝနှစ်နီးပါးအရွယ် လူကောင်ညှက်သော ကျွန်တော်သည် ဂိတ်တွင် ဒလက်အောက်က ငုံ့ဝင်သည်။ ကျော်ဝင်သည်။ ခပ်ပိန်ပိန်အစ်ကိုတစ်ယောက်နှင့်ဆိုလျှင် တစ်မတ်ပဲပေးပြီး နှစ်ယောက်ပူးဝင်သည်။ ထို့နောက် မတ်တန်းအလယ်ကောင်မြောက်ဘက် ဂိုးနာက်တည့်တည့် သစ်သားစင်ပေါ်တက်ကာ အပေါ်ဆုံးတန်းအောက် သုံးဆင့်မြောက်မှာပဲ တစုတဝေးထိုင်ကြ၏။ ကျွန်တော့်ဦးလေးများ
အစ်ကိုများအပါအဝင် လူစုက ထိုနေရာမှာပဲအမြဲထိုင်သည်။ ထိုအချိန်က အသက် ၅ဝကျော်အရွယ် ဦးကြီးက ဂိုးတိုင်နောက်တည့်တည့် သံဆန်ခါ အနားကပ်ကာ အုတ်ခဲလေးခုထိုင်ပြီး အမြဲကြည့်သည်။ ဘောလုံးကွင်းထဲရာက်ပြီး မကြာမီ အထူးတန်းဘက် ချိတ်ဆွဲထားသော အသံချဲ့စက်မှ သီချင်းများဖွင့်၏။ သဲသဲကွဲကွဲ သိပ်မကြားရ။ သီချင်းတွေဖွင့်နေစဉ်မကြားရတာ ပြဿနာမရှိလှ။ ဘောလုံးပွဲစဉ်များနှင့်ပတ်သက်၍ ကြေညာသံများကို အသံချဲ့စက်မှ မကြားရတစ်ချက် ကြားရတစ်ချက်ဖြစ်သောအခါ ကျွန်တော်တို့ မတ်တန်းပရိသတ်က ဆူညံအော်ဟစ်ကြတော့သည်။ ထိုအခါ ကိုချစ်ကြီးက အသံချဲ့စက်အော်လန်ကို ဝါးလုံးနှင့်ထိုးကာ မတ်တန်း ပရိသတ်ဘက် လှည့်ချိန်ပေးသည်။ ခပ်သဲ့သဲ့အသံလောက် ကြားရရင်ပဲ ကျေနပ်ပါပြီ။
ကိုချစ်ကြီးဆိုလို့ ထိုအချိန်က ဗထူးကွင်းမှာ ကိုချစ်ကြီးက မရှိမဖြစ်၊နှစ်ဖက်အသင်း အကြိတ်အနယ် ကစားကြလို့ ထိခိုက်ဒဏ်ရာရလျှင် ၀၀ပုပုမည်းမည်းလုံးလုံး ကိုချစ်ကြီး လိမ့်လိမ့် လိမ့်လိမ့်နှင့် ပြေးလာပြီး ဒဏ်ရာရဘောလုံးသမားကို မည်သို့မည်ပုံ လုပ်လိုက်လေသည်မသိ အကောင်းပကတိဖြစ်ကာ ကွင်းထဲသို့ ပြန်ပြေးဝင်သွားကြတော့ ပရိသတ်က သြဘာပေးကြသည်။ ပရိသတ်သြဘာလက်ခုပ်ကဘောလုံးသမားအတွက် တစ်ဝက်၊ ကိုချစ်ကြီးအတွက် တစ်ဝက်ဖြစ်၏။ တစ်ခါတစ်ရံ ပရိသတ်၏ သြဘာလက်ခုပ်က ကိုချစ်ကြီးအတွက် ရာနှုန်းပြည့်လည်းဖြစ်တတ်ပါသည်။ ကိုချစ်ကြီးသည် ဆရာဝန်မဟုတ်၊ ယုတ်စွအဆုံး ကြက်ခြေနီသူနာပြုလည်း မဟုတ်။ သို့သော် ဘောလုံးပွဲတိုင်းတွင် ကိုချစ်ကြီးက စေတနာ့ဝန်ထမ်းဖြင့် သူနားလည်တတ်ကျွမ်းသော အကြောပညာကို ကုသိုလ်ပြုနေသူပဲဖြစ်ပါသည်။
အထူးတန်းဘက် အသံချဲ့စက်မှ သီချင်းတစ်ပုဒ်ဖွင့်ပြီးသောအခါ နှစ်ဖက်အသင်း ဘောလုံးသမားများ သွေးးပူလေ့ကျင့်ခန်းလုပ်ကြဖို့ ကွင်းထဲသို့ ယူနီဖောင်း ကိုယ်စီနှင့် တန်းစီကာ ဝင်လာကြသည်။ ကွင်းထဲတွင်လည်း လေးဖက်လေးတန် ဘောလုံးပွဲကြည့်ပရိသတ်ပြည့်နေပြီဖြစ်၏။ ထိုအချိန်တွင် အထူးတန်း(ပရိသတ်အခေါ် မင်းဘားတန်း) အပေါ်ဆုံးထပ်မှ ဆီးညိုရောင်ရှပ်အင်္ကျီကို ကြယ်သီးအဖြူများနှင့် မီးပူကျ သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဘောင်းဘီရှည် အဖြူစွတ်စွတ်နှင့် ပေါလစ်ရောင်တောက်ရှူးဖိနပ်များကို စမတ်ကျကျ ဝတ်ဆင်ထားသော အရပ်အမောင်းကောင်းကောင်း လူငယ်ခုနစ်ဦးက သားရေသေတ္တာပုံးများလွယ်ပြီး အောင်မြင်သောအသံဖြင့် “သမ္မာအာဇီဝ လာပါပြီခင်ဗျ။အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်” ဟု ပြိုင်တူအော်လိုက်ကြသည်။ ထို့နောက် ခုနစ်ဦးအနက် အလယ်ကောင်မှ ပုဂ္ဂိုလ်တစ်ဦးက ချန်ရစ်ပြီး တစ်ဖက်တစ်ချက်မှ သုံးဦးစီက တောင်ဖက်နှင့်မြောက်ဖက်ဆီ ညီညာစွာထွက်ခွာသွားကြပြီး တဖြည်းဖြည်း တစ်ကွင်းလုံး ပတ်လာတော့၏။ သူတို့က ပရိသတ်အကြား မြေပဲဆားလှော်ထုပ်များကို ရောင်းကြခြင်းဖြစ်ပါသည်။ စက္ကူကတော့လေးနှင့် ကျစ်နေအောင် ထုပ်ထားသော မြေပဲဆားလှော်က တစ်ထုပ် ၁၅ပြား ဖြစ်ပါသည်။(နောက်တော့ ၃၅ပြား၊ တစ်ကျပ်ဖိုး သုံးထုပ်ဖြစ်သွား၏။ ထိုအခါ မတ်တန်းဝင်ကြေးကလည်း ၁ကျပ်ဖြစ်သွားပါပြီ။) အောင်ဇော်ဝင်းမြေပဲဆားလှော်က တခြားမြေပဲဆားလှော်များနှင့်မတူ ထူးခြားသော အနံ့အရသာရှိသည်။ ဗထူးကွင်းရောက်လို့မှ အောင်ဇော်ဝင်းမြေပဲဆားလှော်တစ်ထုပ် မစားလိုက်ရလျှင် ဘောလုံးပွဲကြည့်ရတာပင် အရသာမရှိသလို။ အထူးတန်းတွင် ကျန်ရစ်ခဲ့သော ပုဂ္ဂိုလ်က အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သလို ပိုင်ရှင်လည်းဖြစ်သည်ဟု သိရသည်။ကိုယ်ထည် ကျစ်ကျစ်တောင့်တောင့် မေးရိုးကားကား၊ ဆံပင်တိုတိုနှင့် လေ့ကျင့်သားကျနေသော နောက်တန်းလူဘောလုံးသမား တစ်ယောက်နှင့်တူလှသည်။ သူ့နာမည် ဘယ်သူဘယ်ဝါဆိုတာ မသိ။ သို့သော် ဗထူးကွင်းပရိသတ်ကတော့ ‘ အောင်ဇော်ဝင်း’လို့ပဲခေါ် ကြသည်။ လူစည်သောပွဲ ဥပမာ – ပြည်သူ့ရဲနှင့် မြို့မ၊ နန်းတွင်းလူငယ်နှင့်တက္ကသိုလ် စသောပွဲမျိုးတွင် အထူးတန်း ဝင်ပေါက်နားပိရမစ်ပုံပမာ အစီအရီ ထပ်ထားသော မြေပဲဆားလှော်အပြည့်နှင့် ပုံးပေါင်း နှစ်ဆယ်အစိတ်တော့ အသာလေးကုန်ပါသည်။
‘အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်’သည် ဗထူးကွင်းမှာသာမဟုတ်။ ထိုအချိန်က မန္တလေး မန်းရာပြည့်ကွင်းကြီးတွင် ရှားရှားပါးပါး ကျင်းပလေ့ရှိသော ပြည်ထောင်စုပွဲကြီး ၊ဘုန်းကြီးပျံပွဲကြီးတိုင်း အဝင်မုခ်ဦးကြီးနှင့်တည့်တည့် ပွဲခင်း အဝင်ဝတွင် မြေပဲဆားလှော်သားရေပုံး လေးငါးဆယ်ခန့်ကို ပိရမစ်ပုံအဆင့်ဆင့် သပ်ရပ်စွာ ထပ်ထားပြီး ဘေးတစ်ဖက်တစ်ချက်တွင် သူ့မူပိုင်ဖြစ်သော ဘောင်းဘီဖြူ အင်္ကျီညို၊ ရှူးဖိနပ်ဆင်တူများနှင့် လူငယ်များက သတိအနေအထားဖြင့် အစီအရီရပ်နေကြပြီး ” သမ္မာအာဇီဝ လာပါပြီခင်ဗျ။အောင်ဇော်ဝင်းဗီတာမင်မြေပဲဆားလှော်”ဟု ညီညာစွာ သံပြိုင်အော်လေ့ ရှိသည်။ ပွဲခင်းထဲ လေးဘက်လေးတန် ပွဲကြည့်စင်များတွင်လည်း ရောင်းချသူ လေးငါးဆယ်ဦးက အလှည့်ကျ ဝင်ထွက်သွားလာ ရောင်းချကြပါသည်။ထိုစဉ်အခါ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်သည် မန္တလေး၏ အမှတ်တရ၊ မန္တလေး၏ အမှတ်အသားတစ်ခုအဖြစ် မန္တလေးသားတွေ စွဲမှတ်နေပါတော့သည်။
အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်သည် ဗထူးကွင်းတွင် မည်သည့်နှစ် မည်သည့်အချိန်အခါက စတင်ခဲ့သည်ကိုမူ ကျွန်တော်မမှတ်မိ၊ မသိရှိသော်လည်း နှစ်ရှည်လများရောင်းချခဲ့သော ဗထူးကွင်းမှာ အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော် မမြင်ရတော့သော ကာလကိုတော့ ကျွန်တော်မှတ်မိသည်။ ဗထူးကွင်းအတွင်း တစ်ကွင်းလုံးအတွက် ဈေးရောင်းချမှုကို လေလံစံနစ်ဖြင့် ဆွဲယူစေခြင်းပုံစံ စတင်လိုက်သောအခါ အဖွဲ့အစည်းတစ်ခုက ထိုလေလံကို ရရှိသွားပြီးနောက် ဗထူးကွင်းမှ အောင်ဇော်ဝင်းပျာက်သွားပါတော့သည်။ ထိုအဖွဲ့အစည်း အစီအစဉ်ဖြင့် ကွင်းအတွင်း မြေပဲဆားလှော်များရောင်းချခဲ့သော်လည်း ပစ္စည်းအရည်အသွေး၊ ဝန်ဆောင်မှုနှင့် စေတနာက ချို့တဲ့လေသောကြောင့် ဗထူးကွင်းပရိသတ်က ထိုမြေပဲဆားလှော်ကို ငြင်းပယ်ကာ အောင်ဇော်ဝင်းကို ပြန်လည် တမ်းတမိကြသည်။ သို့သော် အောင်ဇော်ဝင်းလည်း အခြားစီးပွားရေးလုပ်ငန်းကို ပြောင်းလဲသွားသလိုလို ကြားလိုက်ရသည်။ ထို့နောက် မန္တလေးမှာ အောင်ဇော်ဝင်းဗီတာမင်မြေပဲဆားလှော်ကို မတွေ့ရတော့။ အညို၊ အဖြူဝတ်စုံဖြင့် သားရေပုံးလွယ်ကာ မြေပဲဆားလှော်ရောင်းချခဲ့ကြသူ အချို့လည်း ဗထူးကွင်းမှာ တံခွန်၊ သက်လုံစသည့် အားကစားစာစောင် ရောင်းချသူများအဖြစ် အသွင်ပြောင်းမြင်လိုက်ရပါသည်။
ကျွန်တော်သည် မြောက်ပြင်စည်သာလမ်းက သိန်းအောင်ကြီး လက်ဖက်ရည်ဆိုင်မှာ အောင်ဇော်ဝင်း
ဗီတာမင်မြေပဲဆားလှော်ပိုင်ရှင်ကို ပြန်တွေ့ရတော့ ယခင်က ကျစ်လျစ်တာင့်တင်းခိုင်မာသည့် အားကစားသမားတစ်ဦးအသွင် မြင်ခဲ့ဖူးသည့် ထိုပုဂ္ဂိုလ်ကြီးလည်း စွပ်ကျယ်လက်စ ကလေးနှင့် ဆံပင်ဖြူဖြူ အဘိုးကြီးတစ်ဦး အသွင်ဖြစ်နေပါပြီ။
ကျွန်တော့်မိတ်ဆွေက ဆေးလိပ်ဖွာရင်း ပြောပြပါသည်။
” သူ့နာမည်က ဦးသိန်းမောင်၊ အခု လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းအောင်ကြီးနဲ့က ညီအစ်ကိုဗျ” တဲ့။ ကျွန်တော်က မိတ်ဆွေစကားအဆုံး သိချင်တာတစ်ခုကိုအလောတကြီး မေးလိုက်သည်။
” ဒါဖြင့် အောင်ဇော်ဝင်းဆိုတာက”
” ဟောဗျာ အဲဒါ ဦးသိန်းမောင်ရဲ့ သားနာမည်ဗျ”
“သြော်”
ကျွန်တော့်မှာ အခုမှ ဇာတ်ရည်လည်တော့သည်။ မိတ်ဆွေက လက်ကြားထဲမှ ဆေးပေါ့လိပ်လေးကိုစားပွဲအစွန်းတွင် အသာတင်လိုက်ပြီး ဆရနွေးတစ်ခွက်ငှဲ့သည်။ ကျွန်တော့်ရှေ့ အကြမ်းပန်းကန်ကိုလည်းဆွဲယူပြီး ရေနွေးထည့်သည်။ ထို့နောက် ရေနွေးခရားကို အသာပြန်ချပြီး ဆက်ပြောပြန်သည်။
” သမ္မာအာဇီဝဆိုတာရော သိလားဗျ”
ကျွန်တော်က မိတ်ဆွေကို မော့ကြည့်လိုက်ပြီး
“ဟောဗျာ ရိုးရိုးသားသား သန့်သန့်ရှင်းရှင်း အသက်မွေးဝမ်းကျောင်း ပြုတာပေါ့ဗျာ”
“ မှန်ပါတယ်ဗျာ..၊ ဒါပေမယ့် ဦးသိန်းမောင်ရဲ့ သမ္မာအာဇီဝက အဲဒီ အဓိပ္ပာယ်ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးတာအပြင် အခြားနည်းလမ်းတစ်ခုလည်း ရှိသဗျ”
ကျွန်တော်က ရေနွေးခွက်ကိုမ၍ သောက်မည်ပြုပြီးမှ မိတ်ဆွေစကားကို စိတ်ဝင်စားသွားသည်။
ထို့ကြောင့် ရေနွေးခွက်ကို ချပြီး
“လင်းစမ်းပါဦးဗျာ”
“ ဦးသိန်းမောင်ရဲ့သား အောင်ဇော်ဝင်းဆိုတော့ ‘သိန်းမောင်အောင်ဇော်ဝင်း’ ကို ကက်ကင်းရိုက်တာဗျ”
“ဘယ်လို ဘယ်လို”
“နေ့နံအတိုင်းသာမက အက္ခရာတစ်လုံးချင်းအလိုက်တစ်သဝေမတိမ်း ကက်ကင်းရိုက်တာလေဗျာ”
” အင်း ဟုတ်ပြီ။ သိန်းမောင်ဆို သ-မ”
“ဟုတ်တယ်လေ အောင်ဇော်ဝင်းက အ-ဇ-၀”
” ဟုတ်ပြီဗျို့ သိန်းမောင် အာင်ဇော်ဝင်းဆိုတော့ သ-မ-အ-ဇ-၀ အဲဒါ သမ္မာအာဇီဝပဲလေဗျာ”
ကျွန်တော်သည် ရှေ့မှဆရနွေးခွက်ကို မယူပြီး တရှုံ့ရှုံ့သာက်နေမိသည်။ ရိုးသားကြိုးစားခဲ့သော အောင်ဇော်ဝင်း ဗီတာမင်မြေပဲဆားလှော်။ ရိုးသားကြိုးစားခဲ့သည့်အတိုင်းလည်း အောင်မြင်ဖြစ်ထွန်းခဲ့ပေ၏။ရိုးသားကြိုးစားမှုကြောင့်လား၊ ကက်ကင်းဓာတ်ကြောင့်လား။ သို့သော် ဆိုင်းမဆင့်ဗုံမဆင့် မထင်မှတ်ဘဲ ဗထူးကွင်းမှခွာလိုက်ရတော့ သမ္မာအာဇီဝလည်း မတတ်နိုင်တော့၊ ကက်ကင်းဓာတ်လည်း မတတ်နိုင်တော့။
အခုတော့အာင်ဇော်ဝင်း ဦးသိန်းမောင်လည်း မရှိတော့။ စည်သာလမ်းက သိန်းအောင်ကြီးကဖေးလည်း မရှိတော့။ လက်ဖက်ရည်သောက်ဖော် ကျွန်တော့ မိတ်ဆွေလည်း မရှိတော့။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး