ရထားအမြန်နဲ့ နာရီစင် တောင်ဘက်ကို မောင်း

ဆူးငှက်

ခရစ်နှစ် ၁၈၈၉ ခုက အရှည် ၃၈၆ မိုင်ရှိတဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီးနောက်
မန္တလေးမြို့မှာလည်း မီးရထားဘူတာရုံကြီး တစ်ရုံ တည်ဆောက်ခဲ့တယ်။ အဲဒီကာလ မန္တလေးမြို့ရဲ့ အဓိကနေရာတွေမှာ မန္တလေးနန်းတွင်း၊ နန်းတွင်းအနောက်ဘက် စီ လမ်းတစ်လျှောက်နဲ့ ဈေးချိုဝန်းကျင်သာဖြစ်တာကြောင့် ဒီနေရာတွေနဲ့ ဆက်သွယ်မှု လွယ်တဲ့ အရပ်မှာ ဘူတာကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

မန္တလေးဘူတာက နန်းတွင်းနဲ့ ၂၆ ဘီလမ်း တစ်လမ်းသာခြားပြီး တောင်ဘက် ၃၅ လမ်းထိ အရှည်ရှိတယ်။ အကျယ်အဝန်းအနေနဲ့ ၇၈ လမ်းနဲ့ ၇၉ လမ်းကြားရှိတဲ့ ဧရိယာမှာ အဲ့ဒီကတည်းက နှစ်ပေါင်းတစ်ရာကျော်အတွင်း လုံလောက် မျှတမှု ရှိခဲ့တယ်။ ဘူတာကြီးဧရိယာမှာ ကုန်ရုံတွေ ရှိခဲ့တယ်။ တွဲဆိုင်းတတွေပြင်ဆင်သန့်ရှင်းရာ နေရာတွေ ရှိပါတယ်။ လုံလောက်တဲ့ ဘူတာစင်္ကြံရှိတယ်။ ခရီးသည်တွေ နားနေဖို့်လည်း ကျယ်ဝန်းတယ်။ ဒါသာမက မီးရထားစက်ခေါင်းတွေအတွက် စက်ခေါင်းပြုပြင်ထိန်းသိမ်းဖို့ စက်ရုံလည်း တစ်ပါတည်း ပါရှိခဲ့တယ်။ ဘူတာရုံကြီးနဲ့ မျက်နှာချင်းဆိုင်မှာလည်း ၇၈လမ်းတစ်လျှောက်
ရာထူးကြီးငယ် အစဉ်လိုက် ၂၇လမ်းမှ ၃၅လမ်းအတွင်းမှာ နေရာများချထားပးခဲ့တယ်။ ဘူတာဆိုတာ
၂၄နာရီတာဝန်ရှိလို့ ဘူတာနဲ့ အနီးဆုံးနေရာမှာ မီးရထားဝန်ထမ်းတွေလည်း ၂၄နာရီ အဆင်သင့်ဖြစ်စေဖို့ နေရာချထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မန္တလေးဘူတာ ဧရိယာဆိုတာ ဝန်ထမ်းလိုင်းတွေ အပါအဝင် ၂၇လမ်းမှ ၃၅လမ်းအတွင်း ၈ ပြ အရှည်နှင့် ၇၇လမ်းမှ ၇၉လမ်းအတွင်း ၂ပြအကျယ် ရှိတဲ့ ဧရာမ ဧရိယာကြီး ဖြစ်ခဲ့တယ်။

ဘူတာကြီး တည်ဆောက်စဉ်ကာလ မန္တလေး အရှေ့ခြမ်းမှာ လူနေရပ်ကွက်က ခပ်ကျဲကျဲပါးပါးပဲ ရှိတယ်။ အများစုက အစိုးရရုံးများပါပဲ။ ဘူတာကြီး အရှေ့ဘက်မှာ ပြည်သူ့ဆေးရုံကြီး ရှိတယ်။ မြူနီစီပယ်ရုံးကြီး ရှိတယ်။ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာ ရုံးများ ရှိတယ်။ ဒီ့နောက် အငြိမ်းစား အရာရှိတွေနဲ့ ရုံးဝန်ထမ်းတွေ​ နေထိုင်တဲ့ စီဗီလိုင်းရပ်ကွက် ရှိတယ်။နောက်ပိုင်းမှာ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း (အခု ဗဟိုအမျိုးသမီးဆေးရုံ)လည်း ရှိလာတယ်။ ဆေးရုံကြီးနဲ့ ရုံးကြီးကြားမှာ ဗထူးအားကစားပြိုင်ကွင်းလည်း ရှိလာတယ်။ အဲ့ဒီကာလက စီးပွားရေး အချက်အချာကျတဲ့ ဈေးချို ဝန်းကျင်ကို အရှေ့ခြမ်း အရပ်က ကူးလူးဆက်ဆံမှုဆိုတာ မနက်ဈေးသွားဈေးပြန်လာက်ပဲ ရှိမယ်။ ညနေစောင်း နေဝင်တာနဲ့ အဆက်အဆံ ကူးလူးမှု မရှိသလောက် နည်းပါးသွားခဲ့တယ်။

ဒါကြောင့် မန္တလေးရဲ့ အရှေ့ခြမ်း၊ အနောက်ခြမ်း ကူးလူး ဆက်ဆံရေးမှာ နန်းမြို့ရိုးနဲ့ ဘူတာကြီးကြားက ၂၆ ဘီ လမ်းနဲ့ပဲ လုံလောက် အဆင်ပြေတယ်။ ၂၆ ဘီလမ်းမှာပဲ မနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် တစ်နေ့ နှစ်ကြိမ်သာ ဖြတ်သန်းတဲ့ မန္တလေး- မတ္တရာမီးရထားလမ်း ရှိတာကြောင့် မီးရထားလာချိန်မှာ
မိနစ်အနည်းငယ်လောက် လမ်းပိတ်ဆို့ သွားတတ်သေးတယ်။

မန္တလေးဘူတာကြီးကို မီးရထားအဝင်အထွက် မြို့တောင်ဘက်ခြမ်းမှာသာရှိလို့ အခုလို ကုန်းကျော် တံတားတွေ မရှိသေးတဲ့အချိန်မို့ မီးရထား အဝင်အထွက်ရှိတိုင်း ယာဉ်အသွားအလာတွေကို
ခေတ္တ ပိတ်ထားရတယ်။ အများဆုံး ပိတ်ရတဲ့အချိန်တွေက နံနက်ပိုင်းနဲ့ ညဦးပိုင်း နှစ်ချိန်လောက်ပါပဲ။
ဘူတာရဲ့ တောင်ဘက်မှာ မန္တလေးအရှေ့ခြမ်းနဲ့ အနောက်ခြမ်း ကူးသန်းသွားလာမှု အများဆုံးသာမက
မူဆယ်၊ လားရှိုး၊ပြင်ဦးလွင် မြို့တွေက အဓိက အဝင်အထွက်လမ်းအဖြစ် ၃၅ လမ်း (ဝါ) အေလမ်းက
ယာဉ်အသွားအလာ များပြားခဲ့တယ်။ ယခုရန်ကြီးအောင် ကုန်းကျော်တံတား ဆောက်လုပ်ထားတဲ့​နေရာ
အေ လမ်းနဲ့ မီးရထားလမ်းဆုံရာ နေရာကို မျက်ပါးရပ်ဂိတ်လို့ ခေါ်ကြတယ်။ အမြန်ရထားကြီးတွေ အဝင်အထွက်ရှိတဲ့ မီးရထားလမ်းမို့ ရထားမဝင်မီ မထွက်မီ မိနစ်အတော်ကြာ ကြိုတင် ပိတ်ထားရလေ့ရှိတော့ အချက်ပေး ခေါင်းလောင်းသံနှင့်အတူ ပိတ်ထားတဲ့ သံတံခါးကြီးတွေထိပ်က မီးအိမ်နီကလေးကို
အေလမ်းတလျှောက် ရပ်ထားတဲ့ ယာဉ်တွေဆီက ခပ်ပျပျလေး ​မြင်ရလောက်အောင် တမျှော်တခေါ် ရှည်လျားလှတယ်။ တစ်ခါတစ်လေ အဝင်ရထားနဲ့ အထွက်ရထား နှစ်စီးလုံးအတွက် စောင့်ဆိုင်းရတဲ့အခါ မိနစ်မျှသာမက နာရီအထိပင် ကြာသွားတတ်တာကြောင့် အေလမ်းပေါ်မှာ ဆိုက်ကား၊​မြင်းလှည်းနဲ့
မော်တော်ယာဉ်တွေ မီးရထားလမ်းရဲ့ အရှေ့ခြမ်း အနောက်ခြမ်း အတောင့်လိုက်ပိတ်ဆို့ သွားတတ်တယ်။

ရန်ကုန်ကဖြစ်စေ မြစ်ကြီးနားက​ဖြစ်စေ လားရှိုး ကဖြစ်စေ မုံရွာ​ကဖြစ်စေ မီးရထားနဲ မန္တလေးကို ဝင်လာလေတိုင်း ဘူတာမရောက်မီ မျက်ပါးရပ်ဂိတ်မှာ အတောင့် လိုက်ပိတ်နေတဲ့ ​မြင်းလှည်းတွေကို တအံတသြ ငေးမော ကြည့်ရှုကြရတယ်။ ဒီမြင်ကွင်းက မန္တလေးရဲ့ ပုံရိပ်ဖြစ်ပါတယ်။ မန္တလေးရဲ့ အမှတ်အသား​ဖြစ်ပါတယ်။ ညပိုင်းကာလ မီးရထားနဲ့ ဝင်လာရင် မျက်ပါးရပ်ဂိတ်မှာ ​စောင့်ဆိုင်းနေတဲ့ မြင်းလှည်းတွေက ရေနံဆီမီးအိမ်လေးတွေရဲ့ တလက်လက်အရောင်ဟာ တန်ဆောင်တိုင် ဆီမီးမြင့်မိုရ်ပွဲ ကျင်းပနေသလား ​အောက်မေ့ရပါတယ်။

အဲ့ဒီကာလ ​မြင်းလှည်းတွေရဲ့ ပုံရိပ်ဟာ မန္တလေးဘူတာကြီးရှေ့မှာလည်း ပိုမိုသိသာစေတယ်။ ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ အပေါ်ထပ် အုတ်ကြွပ်မိုး အပေါ်ထပ် ပျဉ်ထောင်ကာအာက်ထပ် အုတ်တိုက် ဘူတာကြီး အဆောက်အအုံရှေ့မှာ ကွက်လပ်ကြီး ရှိတယ်။ ကွက်လပ်ကြီးရဲ့ မြောက်ဘက်ခြမ်းမှာ စနစ်တကျတန်းစီပြီး ဂိတ်ထိုးထားတဲ့ မြင်းလှည်းတွေဆိုတာ အစီးရေ ရာချီရှိတယ်။ ရထားပေါ်က ဆင်းလားတဲ့ ခရီးသည်တွေ ဘူတာကြီးရှေ့မှာပထမဆုံး မြင်လိုက်ရတဲ့ ​မြင်းလှည်းတန်းကြီးရဲ့ မြင်ကွင်းကလည်း ထူးခြားမှုပါပဲ။ အဲ့ဒီခေတ်က ရိုက်ကူးတဲ့ ရုပ်ရှင်ကားတိုင်းမှာ မန္တလေးနိမိတ်ပုံကို ပြလေတိုင်း ဘူတာကြီးရှေ့က စီတန်းနေတဲ့ မြင်းလှည်းတန်းကြီးကို ရိုက်ပြလိုက်တာနဲ့ မန္တလေးပုံရိပ် ပီပြင်သွားတော့တယ်။ အခုတော့ ဒီမြင်ကွင်းတွေက လွမ်းစရာတွေပေါ့။

ဆိုရှယ်လစ် စီးပွားရေးခေတ် တစ်လျှောက်လုံး မန္တလေးမှာ ​မြင်းယာဉ်လုပ်သားတွေအတွက် သီးခြား အလုပ်သမားကောင်စီ၊ သီးခြား အလုပ်သမားအစည်းအရုံး ရှိခဲ့ဖူးတယ်။ မိမိတို့ရရှိတဲ့ ချွေးနဲစာနဲ့ လှူဒါန်းကြတဲ့ မြင်းယာဉ် လုပ်သားတွေရဲ့ ဘုံကထိန်ကလည်း ကြီးကျယ် ခမ်းနားတယ်။ ဈေးချိုကို
အခြေခံပြီး ပြေးဆွဲတဲ့ မြင်းလည်းလိုင်းတွေလည်း အများအပြား ရှိတယ်။

ဈေးချို-ဘူတာကြီး- ရုံးကြီး-မြင်းလှည်းလိုင်း၊ဈေးချို-မြောက်ပြင်နဂါးရိပ်သာ မန္တလေးတောင် မြင်းလှည်းလိုင်း၊ ဈေးချို- ကြေးနန်းရုံး- ဓာတ်စက်ရုံ-နန်းရှေ့- မန္တလေးတောင် မြင်းလှည်းလိုင်း၊ဈေးချို- သင်္ဘောတန်း-ပွဲကုန်း-ပိုက်ကျုံး မြင်းလှည်းလိုင်း၊ဈေးချို-ရုံတော်ကြီး-ကျောက်သွေးတန်း- လက်ဆည်ကန်-ကွမ်းခြံ-ဒေးဝန်း-စိန်ပန်း-ဂေါ်ဝိန်-ချော်ဆိပ် မြင်းလှည်းလိုင်း၊ဈေးချို- ကွမ်းခြံ- ၄၁လမ်း-သားရေစက်ရုံ-စိန်ပန်း-ဂေါ်ဝိန်-ချော်ဆိပ် မြင်းလှည်းလိုင်း၊ဈေးချို-ကွမ်းခြံ-မင်းသားစု- ဘုရားကြီး-ရှမ်းစု မြင်းလှည်းလိုင်း ဆိုပြီး မြို့တွင်း သယ်ယူပို့ဆောင်ရေးမှာ မြင်းလှည်းက အရေးပါခဲ့တယ်။

တကယ်တော့ မြင်းလှည်းလို့ ခေါ်ဆိုကြတာက ကျွန်တော်တို့ အများစု မြင်ဖူးနေကျပုံစံပါ။ မန္တလေးမှာ ကိုလိုနီခေတ်က မြင်းရထားလို့ခေါ်တဲ့ ယာဉ်ပဲရှိခဲ့တာပါ။ မြင်းတစ်ကောင် က ပြီး၊ နောက်က ဘီးကြီး၂လုံး ဘီးသေး၂လုံး အမိုးနဲ့ တံခါးပြလှည်းအိမ်မှာ စီးသူက အတွင်းခုံမှာ ရှေ့ နောက် မျက်နှာချင်းဆိုင် ထိုင်ရပါတယ်။ မောင်းသူက အမိုးပေါ်က ထိုင်ပါတယ်။ အခုဒီပုံစံ မြင်းရထားက ပြင်ဦးလွင်မှာပဲ ရှိတော့တာပါ။ မန္တလေးမှာတော့ လူချည်းသာ လိုက်ပါလို့ရတဲ့ ​မြင်းရထားတွေအစား ကုန်ရော တင်လို့ရပြီး စီးသူကိုလည်း အပြင်က လွတ်လွတ်လပ်လပ် မြင်လို့ရတဲ့ မြင်းလှည်းတွေပဲ အသုံးများလာပါတယ်။

ကိုလိုနီခေတ်ဦးက ကြေးရတက်တွေ စီးတဲ့ ဘာဂီဆိုတာ ရှိသတဲ့။ မြင်း၂ကောင် က ပြီး လှည်းက ဘီးလေးလုံးနဲ့ အမိုးဖွင့် ဖြစ်သတဲ့။ ဘာဂီစီးနိုင်သူက မျက်နှာပွင့် လူအထင်ကြီး ခံရသတဲ့။ အဲ့ဒီခေတ် နာမည်ကျော် အငြိမ့်မင်းသမီး သြဘာသောင်းရဲ့ အငြိမ့်သီချင်းတစ်ပုဒ်မှာ မင်းသမီးချစ်သူ သူဌေးသားက အငြိမ့်အသိမ်း သန်းခေါင်ကျမှ မင်းသမီးကို ​မြင်းနှစ်ကောင် ကတဲ့ ဘာဂီနဲ့ လာခေါ်ပြီး မြို့လယ်ခေါင်
ဈေးချိုက တောင်ဘက်ကို မောင်းသတဲ့။ မင်းသမီးကို ဘယ်များ ခေါ်သွားမှာပါလိမ့်၊ အလိုလေး ခေါ်သွားတဲ့ နေရာရောက်တော့ သူ့ချစ်သူ နော်မန်ကျောင်းသား သူဌေးသားက ဘာဂီပေါ်က ​ပွေ့ချဆိုလား..၊ ရင်တုန် ရင်ဖိုစရာ..။

ဘာဂီတင်သီချင်း
(ရေး – ဆရာမာ)
သန်းခေါင်အကျတွင် နှစ်ကောင်က ဘာဂီပြင်၊ ရှောင်မရ အသာတကြည်တင်၊
ခင်သောင်းတင်တင် မတွေးတတ်နိုင်ဘု၊ ကလေးမို့ မလိမ်တမာအင်၊ ချက်ချင်းပင် လက်ငင်းရှင်၊
စက်ရင်းလာဟေ့ အသာပွေ့တင်၊ ဆုတ်ရှင်၊ လွှတ်ရှင်ဇွတ်ပင်ချာ့ကာမော့ကာ ဦးတင်၊ ကလိစကားနဲ့ ဆွီးတားသခင်။
ညအခါတွင်၊ ယတြာဆင်၊ မယ့်စိတ်ကူး လူ့ဘဝ မကြုံဘူးအောင်ထူး၊ ဖူးစာပိုင်၊
ပြိုင်သူကိုနှင့်ပင်၊ စက်မှေး မပျော်ခိုက်တွင်၊ မအိပ်ဘဲရှင်၊ စိတ်ထဲတွင်၊ ကြိတ်ခဲစ်ကိုယ်တွေ့ အလိုပြည့်သရှင်၊
မိုးမမြင်၊ လမမြင်၊ အဓမ္မပင်၊ ကလိစကားနဲ့ ဆွီးတားသခင်။
ဘာဂီပြင်တင်၍ အပြန်၊ ဂျဝမ်ကလေး အပျိုသောင်း၊ အသံပေးလို့ချောင်း၊ ရထားအမြန်နဲ့ နာရီစင် တောင်ဘက်ကိုမောင်း၊ဟေ့ လာကြကွဲ့ အပေါင်း၊ ပွေ့ကာ ချီမတဲ့ သောင်း၊
အမေရိကန်ခေါ် နော်မန်ဆိုတဲ့ကျောင်း၊ ဂျဝမ်ကလေး ခင်သောင်း၊ ဆလံပေး ခွင့်တောင်း၊
ကိုရွှေဗျိုင်း ဆိုသလို ရထားကို သူကမောင်း၊ အပျိုယမင်း အလှသောင်း၊ ဒို့နှစ်ကိုယ်အတွင်းက အောင်း၊ ငြိမ့်ငြိမ့် သာသာ ထိုင်ကာ တူပကောင်း၊သောင်းသောင်း သူဇာပျို၊ ငိုမလို အော်လိုက်ချင်၊
အလိုရှင်ကိုပင် သရမ်းလှချေရဲ့ လမ်းဆုံ အကွေ့တွင်၊ မယ့်ကေသီ ရွှေထဘီမတတ်ပင်၊ လွှတ်စမ်းပါဦးရှင်၊ လူထဲပင် သူဆွဲငင်၊ ဘယ်သူပဲရှိရှိ မသိတတ်အင်၊ချော့ကာ မော့ကာဦးတင်၊
ကလိစကားနဲ့ ဆွီးတားသခင်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW