နိုဝင်ဘာ ၊ ၂၈ -၂၀၂၂
SP (VOM)
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ ဝဲကြီးထောင့် တိုက်နယ်ဆေးရုံမှာ မူးဝေ၊အော့အန်ပြီး ဆေးကုသမှုခံယူနေတဲ့ ပီချောင်းဒေသ ၊ သက်ထင်ကျေးရွာက မိသားစုဟာ ဒီကနေ့မနက်မှာပဲ မိသားစုလိုက် သေဆုံးသွားတယ်လို့ ကျောက်တော်နယ်ခံတွေဆီက သိရပါတယ်။
” အဲ့ဒီ မိသားစုက မူးဝေ ၊ အော့အန်ရောဂါလက္ခဏာကြောင့် နိုဝင်ဘာ ၂၆ ရက်က ဆေးရုံတက် ဆေးကုသခံတယ် ၊ အဲ့ဒီညမှာပဲ ဒေါ်ခိုင်သန်းနု၊ မစန္ဒာဝင်း၊ မောင်ကျော် ငြိမ်းထွန်း ၊ ၃ ဦးဆက်တိုက် သေဆုံးတယ် ၊ မနေ့က လူနာ ဦးသောကြာအောင်နဲ့ သူ့ရဲ့ ယောက္ခမဖြစ်သူကို ကျောက်တော်ဆေးရုံဆီ လွဲပြောင်း ကုသတယ် ၊ ဒီမနက်ပိုင်းမှာ သူတို့လည်း ထပ်မံဆုံးသွားတယ်”လို့ သေဆုံးသူ မိသားစု အသိုင်းအဝိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
ကျောက်တော်မြို့နယ် ကျန်းမာရေးဦးစီးဌာနနဲ့ နီးစပ်သူတယောက်က ” သေဆုံးရတဲ့ အဓိက အကြောင်းရင်းကိုတော့ စစ်ဆေးနေဆဲဖြစ်တယ် ၊ သေဆုံးသူတွေရဲ့ အစာအိမ်လမ်းကြောင်းကနေ အစာနမူနာရယူပြီး ဓာတ်ခွဲခန်းမှာ သုတေသနပြု အဖြေရှာနေဆဲဖြစ်တယ် “လို့ ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်ညကနေ ဒီမနက်အထိ သေဆုံးသူတွေဟာ ၊ ဦးသောကြာအောင် အသက် ၅၄ နှစ် ၊ သူ့မိန်းမ ဒေါ်ခိုင် သန်းနု အသက် ၅၄ နှစ်၊ သမီးအကြီးဖြစ်သူ မစန္ဒာဝင်း အသက် ၂၅ နှစ်၊ သမီး အလတ်ဖြစ်သူ မစိုးသန်း အသက် ၂၃ နှစ်၊ သားအငယ်ဖြစ်သူ မောင်ကျော်ငြိမ်းထွန်း အသက် ၁၃ နှစ် နဲ့ ဒေါ်ခိုင်သန်းနုရဲ့ အမေဖြစ်သူ အသက် ၇၀ အရွယ် အဘွား တယောက်ဖြစ်ပြီး သူတို့ ၆ ယောက်စလုံးဟာ တအိမ်ထဲနေ မိသားစုတွေဖြစ်ကြတယ်လို့ ကျောက်တော် ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။
ကျောက်တော်မြို့နယ်မှာ အဲ့ဒီ မိသားစု သေဆုံးရတဲ့ အကြောင်းကို အစာအဆိပ်သင့်ပြီး သေဆုံးတယ်လို့ ပြောဆိုနေကြပေမယ့် ၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနကတော့ သေဆုံးရတဲ့ ရောဂါအခြေအနေကို ဓာတ်ခွဲအဖြေရှာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ကျောက်တော်